မွန်ရှိ တိုင်းရင်းသားလူမျိုးများအကြောင်း သင်ကြားမည်

0
990

မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ယခုပညာသင်နှစ်မှစကာ အစိုးရစာသင်ကျောင်းများတွင် သင်ကြားသွားမည်ဟု သိရသည်။

တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုအကြောင်းကို ငယ်စဉ်ကတည်းက လေ့လာသိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် သင်ရိုးညွှန်းတမ်း ရေးဆွဲခဲ့ကာ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စတင်သင်ကြားသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။

“သင်ရိုးညွှန်းတမ်းကတော့ အဓိက ကိုယ့်ရဲ့ဒေသက တိုင်းရင်းသားလူမျိုး တွေအကြောင်း ကိုယ့်ဒေသအကြောင်းတွေ ကိုယ့်ပြည်နယ်အကြောင်းကို ကလေးတွေကို ရုပ်ပုံလေးတွေနဲ့ သင်ပေးတာ ပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

သင်ရိုးညွှန်းတမ်းတွင် မွန်၊ ကရင်၊ ဗအိုဝ်း၊ ဗမာတိုင်းရင်းသားလူမျိုးဆိုင်ရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ အထိမ်းအမှတ်သင်္ကေတ၊ အခေါ်အဝေါ်များအပြင် မွန်ပြည်နယ်အကြောင်း အထင်ကရ နေရာများ၊ သဘာဝအရင်းအမြစ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကြောင်းအရာများလည်းပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။

မွန်ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းကို ယခုပညာသင်နှစ်တွင် grade-1 တစ်ခုသာ သင်ကြားပေးသွားမည်ဖြစ်ပြီး လာမည့် ပညာသင်နှစ်မှာတော့ grade-2, grade-3 အထိ သင်ကြားပေးသွားရန် ရှိသည်ဟု မွန်ပြည်နယ်ပညာရေးမှူးထံ မှသိရသည်။

“ပုံနှိပ်စာအုပ်ကြီးကို ကိုင်ပြီးတော့သင် အဲလိုမျိုးမဟုတ်ဘဲနဲ့ ရတဲ့အချိန်လေးကို ဆရာနဲ့ တပည့်နဲ့ ဆွေးနွေးကြတယ်။ ကျောင်းသားအချင်းချင်း ဆွေးနွေးကြတယ်။ အမေးအဖြေလေးတွေ လုပ်ကြတယ် ဆိုတဲ့စနစ်မျိုးနဲ့ အရင်လုပ်ဆောင်သွားမယ်” ဟု မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

သင်ကြားချိန်ကို ဘာသာစကားသင်ကြားသည့်အချိန်များထဲမှ တစ်ပတ်လျှင် ၃ ချိန် တိုင်းရင်းသားလူမျိုးများဆိုင်ရာ အကြောင်းအရာကို သင်ကြားမည်ဟု သိရသည်။

ယဉ်စနိုင်း