မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ဝန်းကျင်ရှိဒေသခံ ၂၀ဝ၀ ကျော် မှတ်ပုံတင် မရှိ

0
417

မှတ်ပုံတင် ပျောက်သွားသူ၊ ပျက်စီးသွားသူနှင့် အသက် ၁၈ နှစ်ပြည့်သူများအပါအဝင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိသည့် ရေးချောင်းဖျားဒေသမှ ဒေသခံပြည်သူ ၂၀ဝ၀ ကျော် မှတ်ပုံတင်မရှိသေးကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဒေသခံပြည်သူများ မှတ်ပုံတင်ရရှိနိုင်ရေးအတွက် ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း ဆွေးနွေးထားပြီး ကွင်းဆင်းပြုလုပ်ပေး ရန် သဘောတူထားသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံက ပြောသည်။

“ရွေးကောက်ပွဲ မတိုင်ခင်တော့ လုပ်ဖြစ်မယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

ဗဟိုဌာနချုပ်ဒေသတစ်ဝိုက်တွင် ဝင်ထွက်သွားလာခွင့် အပြည့်အဝ ဖွင့်မပေးထားသဖြင့် မှတ်ပုံတင်ကို ယင်းသို့ ညှိနှိုင်းလုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်မှု အောက်ရှိ သထုံခရိုင် မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်နှင့် ဘုရားသုံးဆူဒေသတွင်မူ မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး အခက်အခဲမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ရေးမြို့နယ်အတွင်းတွင် မှတ်ပုံတင်မရှိသည့် မဲပေးနိုင်သူ ၅ သောင်းကျော်ရှိကြောင်း ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနထံမှ သိရသည်။

မှတ်ပုံတင်မရှိသည့်သူများအား ရွေးကောက်ပွဲအမီ မဲဆန္ဒရှင်များစာရင်းတွင် ထည့်သွင်းနိုင်ရန် မှတ်ပုံတင် ပြုလုပ်ပေးသွားမည်ဟုလည်း ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက ပြောထားသည်။

မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်ဝန်းကျင် ရေးချောင်းဖျားဒေသရှိ ပြည်သူများ မှတ်ပုံတင်ရရှိနိုင်ရေးအပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်ရန် အတွက် မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် မွန်အရပ်ဘက်လူမှုအဖွဲ့ အစည်းတို့က ကြိုးစားဆောင်ရွက်လျက် ရှိသည်။

ယဉ်စနိုင်း