လူမှုရေး သိပ္ပံ

0
2495

သိပ္ပံပညာရပ်ဟုဆိုလိုက်လျှင် ရုပ် ဒြပ်ဝတ္ထုများ၊ ဓာတ်သတ္တုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ဓာတ်ခွဲခန်းများ ကို ပြေးမြင်မိတတ်ကြသည်။ သို့ရာတွင် သိပ္ပံပညာရပ်နယ်ပယ်တွင် လူတို့၏ အတွေး အမြင်ယူဆပုံများ၊ လူ့အဖွဲ့အစည်းတို့၏ ကွဲပြားခြားနားသော ပြုမူပုံ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို လေ့လာသော ပညာရပ်များကိုလည်း ထည့်သွင်းပါဝင် ထားစေပါသည်။ ထိုသို့သော လူမှုရေးရာ အဖြာဖြာကို လေ့လာသော ပညာရပ်များ အတွက် ခြုံငုံမိသော စကားလုံးတစ်ခုမှာ လူမှုရေးသိပ္ပံ သို့မဟုတ် လူမှုသိပ္ပံ (Social Science)ဟူသော ဝေါဟာရပင် ဖြစ်ပါသည်။

ယင်း၏ အဓိပ္ပာယ်မှာ အထက်တွင် ဆိုခဲ့သလိုပင် အကျဉ်းအားဖြင့် လူ့အဖွဲ့ အစည်းနှင့် လူတို့၏ လူမှုရေးဆိုင်ရာ ဆက်နွှယ်မှုများ၊ အပြုအမူများကို စနစ်တကျ လေ့လာသော ပညာရပ်ဟူ၍ ဖြစ်ပါသည်။ လူမှုသိပ္ပံပညာရပ်များတွင် ယဉ်ကျေးမှု သို့မဟုတ် လူမှုရေးနှင့်နွှယ်သော မနုဿ ဗေဒ၊ လူမှုဗေဒ၊ လူမှုစိတ်ပညာ၊ နိုင်ငံရေး သိပ္ပံနှင့် ဘောဂဗေဒ အစရှိသော ဘာသာ ရပ်များစွာ ပါဝင်သည်။ ထို့အပြင် လူမှုရေး၊ စီးပွားရေးနှင့်နွှယ်သော ပထဝီဝင်ဘာသာ ရပ်များ၊ ပညာရေးစိတ်ပညာ၊ သမိုင်း၊ ဥပဒေ၊ တရားရေးစနစ်ကို လေ့လာခြင်း အစရှိသော ဘာသာရပ်များကိုပင် လူမှု သိပ္ပံ နယ်ပယ်ထဲတွင် တွေ့နိုင်ပါသည်။

လူမှုသိပ္ပံဘာသာရပ်သည် လူသားများ ၏ တွေးပုံခေါ်ပုံ အမူအကျင့်များကို လေ့လာသည့်အလျောက် လူသားများနှင့် မကင်းနိုင်သောနေရာ နယ်ပယ်တိုင်း တွင် ပါဝင်ပတ်သက်လျက် ရှိသည်။ လူမှု သိပ္ပံကို လေ့လာလျက်ရှိသော၊ နားလည် တတ်ကျွမ်းသော သုတေသီများ၊ ပညာရှင် များသည် များစွာသော ကမ္ဘာ့ရေးရာ ပြဿနာကြီးများဖြစ်သော အကြမ်းဖက် မှုများ၊ ရာဇဝတ်မှုများ၊ ဆိုင်ဘာလုံခြုံ ရေး၊ ပျံ့နှံ့ကူးစက်လွယ်သော ရောဂါဘယ အစရှိသောကိစ္စရပ်များကို အဖြေရှာရာ တွင် ပါဝင်နေကြပါသည်။

နိုင်ငံများတွင် ကူးစက်ရောဂါများ ကို တိုက်ဖျက်ရာ၌လည်း လူမှုသိပ္ပံပညာ ရပ်ကို အသုံးပြုကြသည်။ ကူးစက်ရောဂါ များဖြစ်သော အီဗိုလာနှင့် ကိုဗစ်ကဲ့သို့ သော ရောဂါများကို တိုက်ဖျက်ရာတွင် လူထု၏ ပူးပေါင်းပါဝင်မှုမှာ အရေးကြီး သည့်အလျောက် သက်ဆိုင်ရာတာ ဝန်ရှိသူများအနေနှင့် လူထုပူးပေါင်း ပါဝင်လာအောင် စည်းရုံးနိုင်ခြင်း၊ လူထု၏ သဘောထား၊ အမြင်များကို လေ့လာကာ လူထုလိုက်နာနိုင်သည့် မူဝါဒများ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်။ ဆေးပညာရှင် များ၊ ဆရာဝန်များသည် လူတို့၏ အမူ အကျင့်များဖြစ်သော လက်ဆေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းခြင်း ကိစ္စများနှင့် စပ်သော လူတို့၏ သဘောထားများကို လေ့လာသိရှိနားလည်ကာ ထိရောက်သော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှုများ ကို ဆောင်ရွက်နိုင်ပေသည်။ ထိုသို့ လေ့လာမှုသည်ပင် လူမှုသိပ္ပံ၏ အစိတ် အပိုင်းတစ်ခု၊ လူမှုသိပ္ပံပညာရပ်ကို အသုံးချခြင်းဟုလည်း ဆိုနိုင်ပါသည်။

ဥပမာ၊ ရိုးရာဓလေ့အရ နတ်ယုံကြည်သူ များသည့် ဒေသတွင် ရောဂါတစ်ခု ဖြစ်ပွားလျှင် နတ်တို့၏ပယောဂကြောင့် ဟု ယုံကြည်တတ်ကြသည့်အလျောက် ဆေးဝါးများ အထူးသဖြင့် တိုင်းရင်းဆေး မဟုတ်သော ဆေးဝါးများအပေါ်တွင် လည်း ယုံကြည်မှုနည်းပါးတတ်ကြသည်။

ထိုသို့သော အရပ်ဒေသမျိုးတွင် ကျန်းမာ ရေး ကိစ္စများကို ဆောင်ရွက်သော တာဝန် ရှိသူများသည် ဒေသခံများ၏ ရိုးရာဓလေ့ ကို အသေအချာ မလေ့လာဘဲ ကျန်းမာ ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက် ပါက အောင်မြင်နိုင်ချေနည်းတတ်ပေသည်။ ထိုအရပ်ရှိ လူထုသည် ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးဝါးများအပေါ် ယုံကြည်မှု ရှိချင်မှ ရှိနေပေလိမ့်မည်။ ထိုသို့သော လူ့ရပ်ဝန်းများတွင် လုပ်ငန်း ကိစ္စများ အောင်မြင်လိုလျှင် ထိုအရပ်ရှိ လူအများ၏ အပြုအမူများကို လေ့လာ သုတေသနပြုခြင်း၊ တစ်နည်းအားဖြင့် လူမှုသိပ္ပံပညာရပ်များကို အသုံးချခြင်း ဖြင့် ထိုအရပ်နှင့် သင့်တော်သော မူဝါဒများ၊ နည်းပရိယာယ်များချမှတ် လုပ်ဆောင်ရလေ့ ရှိတတ်ပါသည်။

လူမှုသိပ္ပံပညာရပ်နယ်ပယ်ထဲတွင် ပါဝင်သော နိုင်ငံရေးနှင့်နွှယ်သော ပညာရပ်များတွင်လည်း လူမှုသိပ္ပံဆိုင်ရာ လေ့လာမှုများကို တွေ့နိုင်ပေသေးသည်။ ဥပမာ-နိုင်ငံများ အဘယ်ကြောင့် ကျရှုံးရ သနည်း။ နိုင်ငံကို မည်သို့ ပြန်လည် တည်ဆောက်ကြမည်နည်း အစရှိသော မေးခွန်းများကို အဖြေရှာကြခြင်း မျိုးဖြစ် သည်။ အစိုးရအပေါ် လူထု၏ ယုံကြည် မှုများ၊ တရားရေးစနစ် မအောင်မြင်ရ ခြင်း၏ အကြောင်းချက်များ၊ လာဘ်စား မှုနှင့် ဆိုင်သော လူတို့၏ အမြင်များ၊ အပြုအမူများ၊ ရဲများနှင့်ပတ်သက်သော လူထု၏ အမြင်သဘောထားမှတ်ချက်များ အစရှိသည်တို့ကို စနစ်တကျ လေ့လာ သုတေသနပြု စစ်တမ်းကောက်ခြင်းများ သည်ပင် လူမှုသိပ္ပံပညာရပ်ထဲတွင် ပါဝင် ပေသည်။

ဗြိတိန်နိုင်ငံတွင်ဆိုလျှင် လူမှုသိပ္ပံ ပညာရှင်များစွာတို့သည် ဆေးပညာနယ် မှ များစွာသော အဖွဲ့များနှင့် လက်တွဲကာ အလုပ်လုပ်နေကြသည်။ ဥပမာ-သုတေသီ များက ကင်ဆာရောဂါ ဝေဒနာရှင်များ နှင့် ယင်းတို့ကို ပြုစုစောင့် ရှောက်သူများ သည် ရောဂါ၏ တိုးတက်မှု ဆုတ်ယုတ် မှုများကို ယင်းတို့မည်မျှ သိရှိခံစား နားလည် ကြသနည်းဆိုသည်ကို သုတေသန ပြုလုပ်နေကြသည်။ အချို့သော ပညာ ရှင်များသည် ဗြိတိန်ရှိ အမျိုးသား ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ ဆေးရုံ တက်ရသော လူနာများ၏ ဆေးရုံ အတွေ့အကြုံများ၊ ဆေးကုသမှုခံယူစဉ် တွေ့ကြုံ ခံစားရသော အချက်များကို လေ့လာသုတေသနပြုကာ ပိုမိုကောင်း မွန်သော ကျန်းမာရေးစောင့်ရှောက်မှု စနစ်မျိုးဖြစ်လာစေရန် ကြိုးပမ်း အဖြေရှာ နေကြပါသည်။

စိတ်ပညာရှင်များဆို လျှင်လည်း ဆေးသုတေသနကောင်စီနှင့် ပေါင်းကာ အိပ်မပျော်သော ဝေဒနာ၏ အကြောင်းအရင်းများကို ခြေရာခံလေ့လာ ကြပါ၏။

ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာန ဆိုလျှင်လည်း ပညာရပ်ဆိုင်ရာ အဖွဲ့ အစည်းများ၊ တက္ကသိုလ်များမှ လူမှုသိပ္ပံ ပညာရှင်များနှင့် ပူးပေါင်းကာ ကမ္ဘာ့ရေးရာ အဖြာဖြာကို ပိုမိုသိရှိအောင် ကြိုးပမ်းခြင်း၊ နေ့စဉ်ကြုံနေရသော ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကိုပိုမိုနား လည်လာကာ ရင်ဆိုင်ကိုင်တွယ်နိုင်မည့် နည်းနာများကို ကြံဆကြပါသည်။

စိတ်ဝင်စားဖွယ် တစ်ခုမှာ အင်ဂျင် နီယာများ၊ မှုခင်းရေးရာကျွမ်းကျင်သူများ နှင့် ကားထုတ်လုပ်သူများ အတူတကွ ပူးပေါင်းကာ ခိုးယူရန် မလွယ်ကူသော ကားကို ထုတ်လုပ်ရန် နည်းလမ်းရှာခဲ့ ကြခြင်း ဖြစ်သည်။ ဤနေရာတွင် မှုခင်း ကျွမ်းကျင်သူ ပညာရှင်သည် လူအများ ခိုးမှုကျူးလွန်ကြရခြင်း၏ အကြောင်း အရင်းများ၊ ခိုးယူသည့်နည်းလမ်းများ အစရှိသည့် လူတို့၏ အပြုအမူ အတွေး အခေါ်ဆိုင်ရာများကို လေ့လာနားလည် သိရှိထားသော လူမှုသိပ္ပံပညာရပ်ကျွမ်းကျင်သူဖြစ်သည်။

ယနေ့အခါတွင် စီးပွားရေးလုပ်ငန်း အများစုသည် စားသုံးသူရေးရာ အချက် အလက် စင်တာများကို ငွေကြေးပံ့ပိုးကာ လူများ၏ နေရာဒေသ၊ စိတ်ဝင်စားမှု၊ အသက်အရွယ် အစရှိသည်တို့အလျောက် ကွဲပြားခြားနားသော လူအမျိုးမျိုး၏ အပြုအမူများနှင့် စပ်ဆိုင်သော အချက် အလက်များစွာကို လေ့လာကြသည်။ ထိုသို့လေ့လာသုတေသနပြု၍ ရရှိလာ သော ရလဒ်များကို အသုံးပြုကာ စီးပွား ရေးလုပ်ငန်းများက ယင်းတို့၏ ထုတ်ကုန် များကို ပုံစံထုတ်ခြင်း၊ ဆန်းသစ်တီထွင် ခြင်း၊ ကြော်ငြာခြင်းတို့ကို ပြုလုပ်ကြ သည်။ ယင်းကဲ့သို့ လူမှုသိပ္ပံကို အသုံးချ ကာ စီးပွားရေးကို တိုးတက်အောင်လုပ် ဆောင်ကြသည်။

အင်တာနက်နှင့် ချိတ်ဆက်အသုံး ပြုသော လူမှုကွန်ရက် ဆိုရှယ်မီဒီယာ များသည်လည်း ယခုအခါ ကမ္ဘာတဝန်း သုံးစွဲသူများလာသည့်အလျောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးအရှိသော ကဏ္ဍအသီးသီးသည်လည်း ထို လူမှု ကွန်ရက်ကို အခြေပြုလာကြသည်။

နာမည်ကျော်လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ်ဘုတ်ဆိုလျှင် ကမ္ဘာတလွှား နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာ အရှိသည့် ကဏ္ဍအစုံမှ၊ လူစုံ တက်စုံ အစိုးရ၊ ဝန်ထမ်း၊ ပြည်သူ၊ သူဌေး၊ ပညာရှင် အစရှိသူတို့နှင့် ပြည့်စုံလာ သည့် ပုံရိပ်ကမ္ဘာငယ်လေး၊ လူ့လောက ငယ်လေးတစ်ခုဖြစ်လာသည်။

ဖေ့စ်ဘုတ်သည် သုံးစွဲသူများ၏ ကိုယ်ရေး အချက်အလက်များကို အသုံးပြု အခြေခံကာ ကြော်ငြာများအတွက် ဝန်ဆောင်မှုပေးသည်။ ပြီးခဲ့သည့် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဖေ့စ်ဘုတ် ကုမ္ပဏီနှင့် အခြားအချက်အလက် ကုမ္ပဏီ တစ်ခုတို့သည် သုံးစွဲသူများ၏ ကိုယ်ရေး အချက်အလက်များကိုသုံးကာ ရီပတ် ပလီကန်ပါတီအတွက် မဲဆွယ်ခဲ့ကြ သည်ဟု နာမည်ထွက်ပေါ်ခဲ့သည်။ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက် များကို လူမှုသိပ္ပံနည်းကျ ဆန်းစစ်ကာ မည်သည့်ပါတီ မည်သူကို မဲပေးရမှန်း မသေချာသေးသော သူများကိုရွေးချယ်ခဲ့ သည်ဟုဆို၏။ ထိုသူများဦးတည်ကာ လူမှုကွန်ရက်မှတစ်ဆင့်မဲဆွယ်ခဲ့ခြင်း ဟုလည်း ဆိုကြသည်။

အချုပ်ဆိုရသော် လူမှုသိပ္ပံပညာ ရပ်သည် လူသားများနှင့် တစ်နည်းနည်း တစ်ဖုံဖုံ စပ်ဆက်သော အရေးကိစ္စများကို သိပ္ပံနည်းကျ လေ့လာခြင်းပင် ဖြစ်သည်။ ထိုသို့လေ့လာခြင်းမှ ရရှိလာသော ရလဒ် များသည်ပင် လူသားများအတွက် တစ်နည်းတစ်ဖုံ အကျိုးသက်ရောက်မှု၊ အသုံးဝင်မှုရှိပြန်ပါသည်။ သိပ္ပံပညာရပ် ဝန်းကားနယ်ပယ်ကျယ်ပြောပါသည်။

ရုပ်ဒြပ်ဝတ္ထုချည်းပင်မဟုတ်။ ဓာတ်သတ္တု များ၊ လျှပ်စစ်ပစ္စည်းများသာမဟုတ်။ လူသားတို့၏ အပြုအမူများကို လေ့လာ သော အရာသည်လည်း သိပ္ပံနယ်ထဲတွင် ပါဝင်နေပေသည်။

Dawei Watch