မျိုးစေ့မှန်မှ ပင်သန်မည်

0
673

ဂျပန်နိုင်ငံ၏ နာမည်ကျော် စိုက်ပျိုး ရေး ကုမ္ပဏီကြီးတစ်ခုမှ ဥက္ကဋ္ဌမှာ အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။ သူက တစ်နေ့တွင် အစည်းအဝေးတစ်ခုခေါ်သည်။

“ကျွန်မ အသက်ကြီးပြီ … ကျွန်မတို့ ကုမ္ပဏီအတွက် အားကိုးလောက်တဲ့ စီအီးအို တစ်ယောက်လောက် လိုချင် တယ်… အဲဒါ ကုမ္ပဏီထဲက ဘယ်သူ့ကို ခန့်ရင်ကောင်းမလဲ” ဟု မေးလိုက်သည်။

အားလုံး ပြောရခက်နေကြသည်။ တစ်ဦးက “အတွေ့အကြုံ အရည်အချင်း ရှိတာက လူကြီးတွေလောက်ပဲ ဥက္ကဋ္ဌကြီး”

“အဲဒါက လူငယ်တွေကို လျှော့ တွက်တာပဲ … သူတို့ကို အရည်အချင်း မရှိဘူးလို့ ပြောချင်တာလား … အရည် အချင်း ရှိလား … မရှိဘူးလားဆိုတာ ရှင်တို့ တာဝန်ပေးကြည့်ပေးပြီလား … ကျွန်မကတော့ အရည်အချင်း ရှိတဲ့သူ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးလို့ ရနိုင်မယ်ထင်တာပဲ … ဒါပေမဲ့ အခြေခံ လိုအပ်ချက်ကတော့ ရိုးသားမှုပဲ … ကျွန်မ ရိုးသားတဲ့ လူငယ်ခေါင်းဆောင်တစ်ယောက် လိုချင်တယ် … တစ်နှစ် စောင့်ကြည့်မယ် ကြိုက်ရင် စီအီးအို ရာထူးပေးချင်တယ်”

“ကျွန်တော်တို့ အင်တာဗျူး ခေါ်ကြည့်မလား”

“မလိုပါဘူး … ရှင်တို့ လူငယ်တွေ ထဲက အတော်ဆုံးလို့ ထင်တဲ့ ၁၀ ယောက် ခေါ်လာခဲ့”

နောက်တစ်နေ့တွင် လူငယ် ၁၀ ယောက် ဥက္ကဋ္ဌကြီး အခန်းသို့ ရောက်လာသည်။

“မင်းတို့ကို ဘာကြောင့် ဒီနေ့ခေါ် သလဲဆိုတာ သိကြသလားဟေ့”

“ကုမ္ပဏီရဲ့ စီအီးအိုရာထူးအတွက် ခေါ်တွေ့တယ်လို့ သိထားပါတယ်”

“ဟုတ်တယ် … မင်းတို့ကို အနာဂတ် စီအီးအိုများအဖြစ် တွေ့မြင်ချင်တယ်။ လူ ဆယ်ယောက်စလုံးကို ရာထူး တစ်ခု တည်းအတွက် ခန့်ပေးဖို့တော့ မဖြစ်နိုင် ဘူးပေါ့။ မင်းတို့ အရည်အချင်း ကိုယ်စီ ရှိကြလိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒါကြောင့် ဒီနေ့ ဒီနေရာကို ရောက်လာ တာပဲ။ ကဲ … ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး။ ဟောဒီ ခုံပေါ်မှာ မျိုးစေ့ ၁၀ စေ့ရှိတယ်။ တစ်ယောက်ကို တစ်စေ့ ယူသွား။ ဒီနေ့ကနေ နောက် တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ အဲဒီမျိုးစေ့က ပေါက်လာတဲ့ ပျိုးပင်နဲ့အတူ ငါ့ရှေ့ကို ရောက်အောင် ပြန်လာခဲ့ကြ။ မျိုးစေ့ကို စိုက်ဖို့အတွက် ပန်းအိုး သုံးခွင့်ရှိတယ်။ ရေလောင်း၊ ပေါင်း သင်၊ ပြုပြင်တာကိုတော့ မင်းတို့နား လည် ပြီးသားပဲ။ လိုချင်တာက အပင်ပေါက်လေးနဲ့အတူ တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ ငါ့ရှေ့ကို ပြန်လာခဲ့ကြပါ။ အောင်မြင်အောင် ပျိုးထောင်နိုင်တဲ့သူဟာ စီအီးအိုရာထူးနဲ့ အထိုက်တန်ဆုံးပဲလို့ သတ်မှတ်မှာပါ”

လူငယ် ၁၀ ယောက်သည် မျိုးစေ့ တစ်စေ့စီကို ရိုသေလေးစားစွာဖြင့် ယူသွားကြသည်။

ယနေ့မှသည် နောက်ထပ် တစ်နှစ်တိတိပြည့်မြောက်သည့်နေ့ကို ရောက်လာသည်။

“ပျိုးပင်အပ်ပွဲနှင့် အနာဂတ်စီအီးအို လောင်းအား ရွေးချယ်ပွဲ”

ကုမ္ပဏီရှေ့တွင် ဆိုင်းဘုတ်ကြီးကို အကြီးကြီးထောင်ထားသည်။

မိမိတို့ ကုမ္ပဏီကြီး၏ အနာဂတ် စီအီးအိုသည် မည်သူဖြစ်လာမည်နည်း ဟု အားလုံးက စိတ်ဝင်စားနေကြသည်။

တာဝန်ပေးအပ်ထားသော စီအီးအို လောင်းတို့သည် သူတို့ ပျိုးထောင်ထား သည့် အပင်ပေါက် ပန်းအိုးလေးတွေ ကိုယ်စီနှင့် ဂုဏ်ယူဝံ့ကြွားစွာ ရောက်လာကြသည်။

သူတို့က ပန်းအိုးတွင် အမည်လေးတွေ ကပ်ပေးထားပြီး ဥက္ကဋ္ဌကြီးရှေ့တွင် ရှိသော စားပွဲပေါ်ကို တင်လိုက်ကြသည်။ ၉ ယောက်သာ ရောက်သေးသည်။ တစ် ယောက်က ရောက်မလာသေး။

အချိန်အတိ အကျတွင် နောက်ဆုံးတစ်ယောက်က ပန်းအိုးလေးကိုင်ပြီး မျက်နှာ ညှိုးငယ်စွာ ဖြင့် ဝင်လာသည်။

သူ့ပန်းအိုးကား အပင်မပါ …ပန်းအိုး သက်သက်သာ ဖြစ်သည်။

သူက ပန်းအိုးကို သူများတွေ တန်းစီ ချထားသည့် ခုံပေါ်တင်ပြီး “ဥက္ကဋ္ဌကြီး ခင်ဗျား … ကျွန်တော့် ပန်းအိုးမှာ အမည် မကပ်တော့ပါဘူး …ခိုင်းသည့်အတိုင်း အောင်မြင်စွာ မလုပ်ဆောင် နိုင်ခဲ့သည့် အတွက် တောင်းပန်ပါတယ်။ ဥက္ကဋ္ဌကြီး ပေးလိုက်တဲ့ မျိုးစေ့ကို ကျွန်တော် နေ့တိုင်း ရေလောင်းပြီး စိုက်ပျိုးပေမယ့် ဖြစ်မလာပါဘူး။ ဒါကြောင့် အဖြစ်မရှိတဲ့ ကျွန်တော့်ကို ယနေ့ပဲ အလုပ်ကလည်း နုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်”

သူက ပြောပြီး ဦးညွှတ်ကာ ပြန်ထွက် သွားသည်။

ခန်းမကြီးတံခါးကို ဆွဲဖွင့်ကာ အပြင်သို့ ထွက်မည်ပြုနေသော ထိုလူငယ်ကို ဥက္ကဋ္ဌကြီးက “ဟေ့ … နေဦး … ဒါပြိုင်ပွဲ ကွ …အလုပ်ထွက်ပွဲမဟုတ်ဘူး … မင်း ငါတို့ရှေ့ကို ခုပြန်လာစမ်း” ဟု အော်ပြော လိုက်သည်။

လူငယ်လေးက ပြန်လာပြီး အများနှင့်အတူ တန်းစီကာ ရပ်နေသည်။

ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်များက အောင်မြင်သော ပန်းအိုးတွေကို လိုက်ကြည့်သည်။ ပျိုးပင်လေးတွေက စိမ်းလန်း နေသည်။

ဥက္ကဋ္ဌကြီးက လူငယ်တွေရှေ့တည့် တည့်တွင် ခါးထောက်ရပ်လိုက်ပြီး “အရှက် ရှိတဲ့လူဆိုရင် … ခုချက်ချင်း ငါ့ရှေ့က ထွက်သွားစမ်း … ပြီးတော့ ကုမ္ပဏီက လည်း အပြီးထွက်သွား … လူလိမ်တွေ” ဟု အော်လိုက်သည်။

အားလုံးက နားမလည်စွာဖြင့် ကြည့်နေကြသည်။

“ငါပြောနေတယ် … လူလိမ်တွေ ထွက်သွားလို့”

လူငယ် ၉ ယောက် တန်းစီပြီး ဘေးကို ထွက်လိုက်ကြသည်။

“မင်းတို့ကို အလုပ်ဖြုတ်လိုက်ပြီ”

အောင်မြင်အောင် မစိုက်နိုင်သည့် လူငယ်တစ်ယောက်ပဲ ကျန်ခဲ့သည်။ ဥက္ကဋ္ဌ ကြီးက ထိုလူငယ်ရှေ့ကို သွားရပ်လိုက် ပြီး “ဟောဒါ … အနာဂတ်အတွက် စီအီးအို အသစ်ပဲဟေ့ … သူ့ကို ဂုဏ်ပြု လိုက်ကြရအောင်”ဟု ပြောလိုက်သည်။

အားလုံးက နားမလည်စွာဖြင့် ငိုင်နေ ကြသည်။

ဥက္ကဋ္ဌကြီးက စင်မြင့်ပေါ်တက်သွား သည်။ သူက စကားပြောခွက်ရှေ့တွင် ရပ်လိုက်ပြီး “လွန်ခဲ့တဲ့ တစ်နှစ်က သူတို့ ဆယ်ယောက်ကို မျိုးစေ့ တစ်ယောက် တစ်စေ့ပေးပြီး အပင်ဖြစ်အောင် စိုက်ခဲ့ လို့ တာဝန် ပေးလိုက်တယ်။ အပင်ပေါက် ဖြစ်အောင်စိုက်ခဲ့လို့ ပြောလိုက်တာ။ အပင်ပေါက်အောင် စိုက်နိုင်တဲ့သူကို စီအီးအို ရာထူးပေးဖို့ပေါ့။ ဒီမှာ အားလုံး ကို ပြောလိုက်ပါရစေ … ငါပေးလိုက်တဲ့ မျိုးစေ့တွေဟာ ဘယ်လိုမှ အပင်မပေါက် နိုင်တဲ့ မျိုးစေ့တွေပဲ။ မျိုးစေ့မမှန်ရင် ဘယ်လိုမှ အပင်က မသန်နိုင်ဘူးဟေ့။ အဲဒါကို လူလိမ်တွေက အပင်မပေါက်၊ ပေါက်အောင် စိုက်လာပြတယ်။ ရှက်သဟေ့။ တစ်ယောက်ပဲ သူ့ပကတိ အရှိတရားကို ရင်ဆိုင် လိုက်တယ် … သူ့ကို ဂုဏ်ပြုလိုက် ကြပါ။ ရိုးသားမှုအပြည့်ရှိတဲ့ ငါတို့ရဲ့ အနာဂတ် စီအီးအိုကို လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ကြပါ”

ခန်းမကြီးတစ်ခုလုံး လက်ခုပ်သြဘာ သံတွေ ညံသွားသည်။

ထိုအချိန်တွင် မျိုးစေ့မမှန်သည်ကို အပင်သန်အောင်စိုက်ပြသော သူတွေက ခေါင်းစိုက်ကာ ထွက်သွားကြသည်။

(Planting Seedကို မြန်မာမှုပြုပါသည်)

တင်ညွန့်