အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ စာရေးကိရိယာ ထောက်ပံ့မည်

0
624

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်သင် ကျောင်းသူ ကျောင်းသားများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အပြင် ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင်တို့ကိုပါ ထောက်ပံ့ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ်များက မူလတန်းကျောင်းသူ ကျောင်းသားများကိုသာ ဗလာစာအုပ်တစ်ဒါဇင် ထောက်ပံ့ပေးခြင်းရှိသော်လည်း ယခု ပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသူ ကျောင်းသားများကိုပါ ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

ယခုပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ၊ ကျောင်းသားများကို ဗလာစာအုပ် တစ်ဒါဇင်နှင့် ခဲတံ၊ ဘောပင်များကိုပါ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း MRTV-4 သတင်းဌာနတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ဖြေကြားထားသည်။

အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ

သို့သော် လက်ရှိအချိန်အထိ တရားဝင်စာဖြင့် အကြောင်းကြားလာခြင်း မရှိသေးသဖြင့် တစ်ဦးလျှင် မည်မျှထောက်ပံ့ပေးမည်ကို မသိရသေးကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

“ကျောင်းသွားအပ်တုန်းကတော့ ပုံနှိပ်စာအုပ် သုံးအုပ်ပဲရသေးတယ်၊။ ဗလာ စာအုပ်တော့ မရသေးဘူး၊ ဗလာစာအုပ် ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဆယ်တန်းကျောင်းသားမှာက ဗလာစာ အုပ်တစ်ဒါဇင်ဆိုရင် ခဏလေးပဲ ရေးလို့ ကုန်သွားပြီ။ တစ်ဒါဇင်ကိုလည်း သုံးထောင် ကျော်ပေးရတယ်” ဟု သရက်ချောင်းမြို့ နယ်၊ ညောင်ဇင်စံပြကျေးရွာမှ ဆယ်တန်း ကျောင်းသား၏ မိခင်က ပြောသည်။

အခြေခံပညာ အထက်တန်းအဆင့် အတန်းများကို ဇူလိုင် ၂၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် အတန်းများကို COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်မှုအရ ဖွင့်လှစ်မည့်နေ့ကို အချိန်မီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

မိုးမြင့်