ကွင်းထဲက ဗျူရိုကရက်

0
441
editorial

မည်သို့သော အစိုးရ ဖြစ်စေကာမူ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ကို ဖော်ဆောင်စီမံနိုင်ရန် အုပ်ချုပ်ရေးယန္တရား မရှိမဖြစ် လိုအပ်သည်။

ဗျူရိုကရေစီဟုလည်း ခေါ်ကြသော အုပ်ချုပ်ရေး ယန္တရားသည် အဆင့် ဆင့်သော အစိုးရ ခေါင်းဆောင်များ၏ မူဝါဒများကို အကောင်အထည်ဖော်ခြင်း၊ နေ့စဉ် ပုံမှန်စီမံအုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို စီမံဆောင်ရွက်ခြင်းတို့ ဆောင်ရွက် ရသည်။

အစိုးရ၏ မူဝါဒက မည်မျှပင် ကောင်းမွန်စေကာမူ အုပ်ချုပ်ရေး ယန္တရား စွမ်းဆောင်ရည်မရှိပါက အချည်းနှီးပင်ဖြစ်သည်။

ဗျူရိုကရေစီ ယန္တရားအတွင်းရှိသော အရာရှိများ၊ ဝန်ထမ်းများကို ဗျူရို ကရက်များဟုလည်း ခေါ်ဆိုကြသည်။ အများစုသော ဗျူရိုကရက်များသည် ပြည်သူလူထုနှင့် နေ့စဉ် ထိတွေ့ လုပ်ကိုင်နေရပြီး အစိုးရ တစ်ရပ်၏ ပေါ်လစီ မျက်နှာစာ ဟုပင်ဆိုနိုင်သည်။ ယင်းတို့ကို ကွင်းထဲက ဗျူရိုကရက် ဟုလည်း ခေါ်ကြသည်။

ကွင်းထဲက ဗျူရိုကရက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းစဉ်များကို ကပြောင်းကပြန်လည်း ဖြစ်စေနိုင်သည်။ နှောင့်နှေးကြန့်ကြာမှုလည်း ဖြစ်စေနိုင် သည်။ အစိုးရ နာမည်ကောင်းရစေရန် စွမ်းဆောင် အကောင်အထည်ဖော်ဆောင် နိုင်စွမ်းလည်း ရှိသည်။

ကွင်းအတွင်း ဖြစ်ပွားနေသော အချို့သော ကိစ္စရပ်များမှာ ဗျူရိုကရက်များ အကောင်အထည်ဖော်ဆောင်ရန် နှောင့်နှေးမှု၊ တာဝန်မနိုင်မနင်းဖြစ်မှု၊ လစ်ဟင်းမှု တို့ကြောင့် အများပြည်သူ အကျိုးစီးပွား ဆုတ်ယုတ်မှု များစွာရှိသည်ကို တွေ့နိုင်သည်။

ဥပမာ-လယ်ယာမြေ မြေဖို့ အကွက်ရိုက် ရောင်းချခြင်း၊ ထားဝယ်မြို့ အနီး တစ်ဝိုက်တွင်ပင် လောင်းကစားဝိုင်းများ ရှိနေခြင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့ သော တောင်မင်းပြောင် လယ်ဆင်းလမ်း ပိတ်ဆို့ခြင်းတို့တွင် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက်သင့်လင့်ကစား ကြန့်ကြာမှု၊ မြန်ဆန် ထိရောက်စွာ ကိုင်တွယ်နိုင်စွမ်း မရှိမှုတို့ တွေ့ရှိရသည်။

အုပ်ချုပ်ရေး ယန္တရားအတွင်း အမျိုးမျိုးသော ငွေ၊ လူအင်အား၊ စီမံခန့်ခွဲရေး စွမ်းရည် အင်အားတို့ လိုအပ်ချက်ရှိသည်ကို အတော်အသင့် နားလည်ပါသည်။

သို့သော် ကွင်းထဲမှာ ဗျူရိုကရက်များသည် အစိုးရ တစ်ရပ်၏ မျက်နှာစာ ဖြစ်သည်နှင့်အညီ အများပြည်သူနှင့် အနာဂတ် မျိုးဆက်အတွက် အရေးကြီးသော အရေးအရာများတွင် မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်ပြီး အလေးထားလုပ် ဆောင်ရေး တိုက်တွန်းလိုရင်း ဖြစ်ပါသည်။

အယ်ဒီတာ (ဇူလိုင် ၁၁၊ ၂၀၂၀)