NLD အစိုးရလက်ထက် ခရီးသွားလုပ်ငန်းအတွက် ကျွန်းနှစ်ခု ခွင့်ပြု

0
631

NLD အစိုးရစတင်တာဝန်ယူချိန်မှ လက်ရှိအချိန်ထိ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းနှစ်ခုကို ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် ခွင့်ပြုခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။

ကော့သောင်းခရိုင်အတွင်းရှိ ငထွေးရူး ကျွန်းနှင့် ကျွန်းမဲကြီးတို့တွင် ခရီးသွားလုပ်ငန်းလုပ်ရန် ကုမ္ပဏီနှစ်ခုကို ခွင့်ပြုထားကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။

ယင်းကျွန်းများကို ၂၀၁၉ ခုနှစ် မတိုင်မီက နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

ယခင်အစိုးရလက်ထက်ကလည်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျွန်း ပေါင်း ၁၀ ကျွန်းကို BOT စနစ်ဖြင့် လုပ်ခွင့်ပြုထားကြောင်း အထက်ပါ ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင်လည်း ကျွန်း ၁၂ ကျွန်း ကို BOT စနစ်ဖြင့် လုပ်ကိုင်ရန် လျှောက်ထားမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ခွင့်ပြုထားခြင်း မရှိသေးကြောင်း ဝန်ကြီးဦးလှထွေးက ဆိုသည်။

အဆိုပါ လျှောက်ထားသူများက အကျယ်အဝန်းအားဖြင့် ဧက ဆယ်ဂဏန်းအထိသာ အဆိုပြုလျှောက်ထားကြပြီး လုပ်ကိုင်ခွင့်သက်တမ်းကို နှစ် ၃၀ တင်ပြ ထားကြကြောင်း ၎င်းင်းက ပြောသည်။

အဆိုပြုထားသည့် ကုမ္ပဏီများက ပြည်တွင်းကုမ္ပဏီများဖြစ်ပြီး ဒေသခံကုမ္ပဏီ အချို့လည်း ပါဝင်သည်ဟု ဆိုသည်။

“ပြည်ပရင်းနှီးမြှုပ်နှံမှုက BOT နဲ့ လုပ်တဲ့အထဲမှာ မပါဘူး”ဟု ဝန်ကြီး ဦးလှထွေးက ပြောသည်။

BOT စနစ်ဖြင့် လုပ်ဆောင်ပါက စာချုပ်သတ်မှတ်ချက်အရ ၃၆ လအတွင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ရပြီး ယင်းကာလအတွင်း တည်ဆောက်မှု မပြီးစီးပါက ၁၈ လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိ BOT စနစ်တွင် ကောက်ခံနေသည့် မြေငှားရမ်းခ နှုန်းထားများအရ မြေယာလက်ဦးမှုရယူရန် မလွယ်ကူဘဲ မြေတစ်ဧကကို တစ်နှစ်အတွက် ကျပ်ရှစ်သိန်းကျော် ကျသင့်ကြောင်း ဦးလှထွေးက ဆိုသည်။

BOT စနစ်ဖြင့် ငှားရမ်းချိန် နှစ် ၃၀ ပြည့်ပါက ၁၀ နှစ် နှစ်ကြိမ် သက်တမ်း တိုးဆောင်ရွက်ခွင့်ရှိပြီး ယင်းကာလ နောက်ပိုင်းတွင် နိုင်ငံတော်ပိုင်ပစ္စည်း ပြန်ဖြစ်သွားကြောင်း၊ ထိုကြောင့် တိုင်းအတွင်းရှိ ကျွန်းများကို BOT ဖြင့်သာ ခွင့်ပြုပြီး မြေလွတ်မြေလပ်နှင့် မြေရိုင်း လျှောက်ထားသည့်ပုံစံဖြင့် ခွင့်မပြုကြောင်း ဦးလှထွေးက ဆိုသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့်ဖြင့် ခွင့်ပြုပါက စက်မှုမြေ ငှားဂရန်ကဲ့သို့သော သက်ဆိုင်ရာဂရန် ရရှိသွားသည့်အတွက် ရောင်းဝယ်ခွင့်ရှိသွားကြောင်း ၎င်းက ရှင်းပြသည်။

သို့ရာတွင် လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းကို ရန်ကုန်မြို့အခြေစိုက် Excellent Fortune Develop- ment Group ကုမ္ပဏီက မြေလွတ်မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်ခွင့် လျှောက်ထားခဲ့ရာ တိုင်းအစိုးရက နေပြည်တော်ရှိ ဗဟိုအစိုးထံ သဘောထားမှတ်ချက် ပေးထားပြီး ဖြစ်သည်။