ရည်မှန်းချက်များ မယိမ်းယိုင်စေချင်ပါ

0
887

ကိုဗစ်ကြောင့် စိုးတထိတ်ထိတ်ဖြစ်နေရတဲ့ အခြေအနေကြားထဲမှာပဲ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပဖြစ်မယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတယ်။ အဲဒီသတင်းနဲ့အတူ နိုင်ငံရေးပါတီ အသီးသီးကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ အရည်အချင်း သတ်မှတ်ချက်တွေ မူဝါဒတွေကို ထုတ်ပြန်လာကြတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံလိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အဆိုပြုလွှာတွေကို ဘယ်ရက်ကနေ ဘယ်ရက်အထိ ပေးပို့ရမယ်ဆိုတာမျိုးတွေ၊ ကိုယ့်ကိုကိုယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံတော့မယ်ဆိုတဲ့ ကြေညာချက်တွေကိုလည်း တွေ့ရပြန်ပါတယ်။ ကိုယ့်ကိုယ်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖို့ ကြေညာကြတဲ့ သူတွေထဲမှာ အသက်ကြီးပိုင်းတွေလည်း ပါသလို လူငယ်တွေလည်း ပါပါတယ်။

အဲဒီလို ကိုယ့်ကိုယ်ကို ကြေညာတဲ့သူတွေရှိသလို ဘယ်သူ့ကိုတော့ အမတ်ဖြစ်စေချင်တယ်။ ဘယ်သူကတော့ အမတ်ဖြစ်ထိုက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။ ဘယ်သူ့ကို ရွေးလိုက်ရင် ရပ်ရွာအတွက် အလုပ်လုပ်ပေးနိုင်မယ် စသဖြင့်လည်း ရပ်ထဲရွာထဲမှာ ကိုယ်သဘောကျတဲ့ သူတစ်ချို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံဖို့ ကိုယ့်သက်ဆိုင်ရာ အစုအဖွဲ့အလိုက် တိုက်တွန်းခြင်းခံရတဲ့ သူတွေကိုလည်း တွေ့ရပါတယ်။

အထူးသဖြင့် လူမှုရေးလုပ်ငန်းတွေနဲ့ ရပ်ရေး ရွာရေး၊ သာရေး နာရေးတွေမှာ တက်တက်ကြွကြွ ဝင်ရောက်လုပ်ကိုင်နေတဲ့ လူငယ်တွေ၊ ဘွဲ့ထူး ဂုဏ်ထူးတွေ ရထားကြတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေကို အမတ်လောင်းအဖြစ် ဝင်အရွေးခံဖို့ ပိုပြီး တိုက်တွန်းတာ ခံရပါတယ်။

ကျွန်မတို့ လူမှုအဖွဲ့အစည်းမှာ တစ်နေရာရာမှာ တတ်တယ် တော်တယ်ဆိုရင် ဘယ်နေရာမဆို တော်မှာပဲ တတ်မှာပဲလို့ ယုံကြည်တတ်တဲ့ အစွဲလေးလည်း ရှိနေပြန်တော့ တစ်နေရာရာမှာ နာမည်ကောင်းရလာတဲ့ သူတွေကို ကိုယ့်ဒေသရဲ့ အမတ်လောင်းအဖြစ် ရွေးချယ်တင်မြှောက်ချင်ကြတော့တာပါပဲ။

လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အမတ်ဆိုတာ ဘာတွေလုပ်ရတဲ့သူကိုခေါ်တယ်ဆိုတာကို မသိတဲ့သူက များပါတယ်။ နှစ်ပေါင်းများစွာ ရွေးကောက်ပွဲမရှိတဲ့ နိုင်ငံမှာနေခဲ့ရပြီး ရုတ်တရက် ရွေးကောက်ပွဲ ထလုပ်တော့ အခြေခံလူတန်းစား ကျေးလက်နေ ပြည်သူတွေခမျာ ဘာမှန်းညာမှန်းမသိပဲ မဲပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ကျွန်မ မှတ်မိပါသေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးဆင်းတဲ့ ကာလမှာ ကိုယ်စားလှယ်လောင်း (အရပ်အခေါ် အမတ်လောင်းတွေ ပေါ့လေ)တွေက ရွာကိုဆင်းမယ်ဆိုတဲ့ သတင်းကြားတော့ ကျွန်မရဲ့ အမဝမ်းကွဲတစ်ယောက်က ကျွန်မကို တိုးတိုးတိတ်တိတ် လာမေးတယ်။ အမတ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲတဲ့။

ဇာတ်ပွဲတွေထဲက အမတ်မင်းလိုမျိုး နန်းဝတ်နန်းစား တွေဝတ်ပြီး လာမှာလားတဲ့။ တစ်ခြားသူတွေကို မမေးရဲလို့ မောင်နှမချင်းမို့ လာမေးတာတဲ့။ ကျွန်မမှာ ငိုရမလို ရယ်ရမလို။ ကျွန်မတို့နယ်မှာ အဲဒီအချိန်တုန်းက ကျွန်မ အစ်မလိုပဲ အမတ်ဆိုတာ ဘယ်လိုလူမျိုးလည်းဆိုတာကို မသိတဲ့သူ တော်တော်များခဲ့ပါတယ်။

ဒါပေမယ့် အခုနေအခါမှာတော့ ပြည်သူတွေအနေနဲ့ အကြိမ်ကြိမ်လည်း မဲထည့်ခဲ့ဖူးပြီ။ မိမိတို့ ရွေးကောက်တင်မြှောက်လိုက်တဲ့ တစ်ချို့သော ကိုယ်စားလှယ်တွေရဲ့ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တာကိုလည်း အကြိမ်ကြိမ် ခံခဲ့ရဖူးပြီ။

လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တယ်၊ ဘာတွေလုပ်ရတယ်ဆိုတာတွေကို အတော်များများက နားလည်သဘောပေါက်နေတဲ့ အနေအထားမှာ ရှိနေကြပြီမို့ ကိုယ့်လူမှုအဝန်းအဝိုင်းအတွက် အကျိုးပြုမယ်လို့ ယုံကြည်တဲ့သူတွေကိုပဲ ရွေးချယ်ချင်ကြတာ သဘာဝကျပါတယ်။

ရပ်ရေးရွာရေး စိတ်ဝင်စားကြတဲ့ လူငယ်တွေဆိုရင် ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် လျှောက်လွှာတင်လိုက်ပါလား။ ငါတို့က မဲထည့်ပေးမှာ၊ ဝန်းရံပေးမှာ ဆိုတာမျိုးတွေကို တိုက်တွန်းလာကြပါတယ်။ တစ်ချို့လူငယ်တွေကလည်း ငါ့ကို ဒီလောက်သဘောတွေကျပြီး ဝိုင်းဝန်းတိုက်တွန်းနေမှတော့ လျှောက်လွှာလေးတင်ပြီး ဝင်ပြိုင်လိုက်ဦးမှ ဆိုတာမျိုး တွေးမိသူတွေလည်း ရှိချင်ရှိမှာပေါ့လေ။

လူငယ်တွေဟာ လူမှုရေးလုပ်ငန်းနဲ့ ပရဟိတလုပ်ငန်းတွေ၊ အင်န်ဂျီအိုနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ရပ်ရေးရွာရေးမှာ တက်ကြွလှုပ်ရှားသူဖြစ်လာရင်ပဲ နောင်အနာဂတ်ရဲ့ အမတ်လောင်းအဖြစ် ဝိုင်းဝန်း သတ်မှတ်လိုက်ကြတော့တာပါပဲ။ အဲဒီလို တိုက်တွန်းခြင်း၊ ဝန်းရံခြင်းနဲ့အတူ အတူပူးတွဲလာတာက အမတ်ရောဂါပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့ အမတ်တစ်နေရာရရင်လည်းရ ၊ ဒီထက်ပိုရင် ဝန်ကြီးတွေ ဘာတွေတောင် ဖြစ်သွားမှာမို့ ပထမအဆင့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲပေါ့။

အခုဒီနေ့မှာ အမတ်ရောဂါခေတ်စားလာသလိုပဲ ဆရာဝန်ကိုမှ အတော်ဆုံးလူသားအဖြစ် သတ်မှတ်ကြတဲ့ တစ်ခေတ်တစ်ခါ လည်း ရှိခဲ့ဖူးပါတယ်။ ဆယ်တန်းမှာ ဂုဏ်ထူးတွေများ၊ အမှတ်တွေများရင် ဆရာဝန်လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အယူအဆ ခေတ်စားခဲ့တဲ့ အချိန်မှာဆိုရင် စာတော်တဲ့ လူငယ်တွေဟာ ဝါသနာပါပါ မပါပါ ဆေးတက္ကသိုလ်ကို အလိုအလျောက် လျှောက်ထားကြတော့တာပါပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကျွန်မတို့ အထက်တန်းကျောင်းသားဘဝကဆိုရင် ဆရာဝန်ရောဂါဟာ အတော်လေးပြင်းထန်ခဲ့ပါတယ်။

အခုလည်း လူငယ်တွေအနေနဲ့ မိမိတို့ဝန်းကျင်ကလူတွေက မိမိကို အမတ်လုပ်ပါ၊ နိုင်ငံရေးလုပ်ပါလို့ဆိုတိုင်း ကိုယ့်ရဲ့ဝါသနာ၊ ယုံကြည်ချက်တွေကရော ဘယ်လိုမျိုးဆိုတာ ဆန်းစစ်တာမျိုးမရှိပဲ လွှတ်တော်နိုင်ငံရေးသည်သာ နိုင်ငံရေးလို့ ယူဆသွားမှာကိုတော့ စိုးရိမ်လှပါတယ်။

နိုင်ငံကို ဝိုင်းဝန်းတည်ဆောက်ကြမယ့်နေရာမှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့အစည်းဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ရှိသမျှလူငယ်တွေအားလုံးရဲ့ ဘဝရည်မှန်းချက်ဟာ အဲဒီတစ်နေရာတည်းမှာ စုပြုံနေတာမျိုးတော့ မဖြစ်သင့်ဘူးထင်ပါတယ်။

နယ်ပယ်စုံ၊ ကဏ္ဍစုံ ဖွ့ံဖြိုးတိုးတက်မှသာ နိုင်ငံလည်း ဖွ့ံဖြိုးတိုးတက်မှာမို့ လူငယ်တွေဟာ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးမှာ မိမိတို့ရဲ့ဝါသနာပါရာ၊ စိတ်အားထက်သန်ရာအတိုင်း တစိုက်မတ်မတ်လုပ်ဆောင်နေတာဟာ နိုင်ငံတည်ဆောက်ရေးမှာ ဝိုင်းဝန်းကြိုးစားတည်ဆောက်ပေးနေတာပဲ ဖြစ်ပါတယ်။

“ဘဝကို အဓိပ္ပာယ်ရှိစေဖို့၊ အဓိပ္ပာယ်ပြည့်စုံစေဖို့ ပဓာနလိုအပ်ချက်က ကိုယ်လုပ်ရမယ့်အလုပ်၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လွတ်လွတ်လပ်လပ်လုပ်နေခြင်းပါပဲ” လို့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းပြောခဲ့တဲ့စကားကို ဆောင်းပါးတစ်ပိုဒ်မှာ ဖတ်ဖူးပါတယ်။
လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဝါသနာ၊ ယုံကြည်ရာ မတူညီကြပါဘူး။

ဒါပေမယ့် မတူညီတဲ့ဝါသနာကို လိုအပ်ချက်အရ၊ ခေတ်ရေစီးကြောင်းအရဆိုပြီး အတင်းပြောင်းခိုင်းလိုက်တာမျိုးတွေ၊ ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ဝါသနာနဲ့ စိတ်အားထက်သန်ရာကို မကြည့်ပဲ ကိုယ်လုပ်ရမယ့်အလုပ်အပေါ် ယုံကြည်ချက်ပြင်းပြင်းထန်ထန်မရှိပဲ လူအများအကြိုက် ထင်ပေါ်ကျော်ကြားတဲ့နောက် လိုက်လုပ်တာဟာ ရေရှည်မှာ ကိုယ့်ဘဝလည်း အဆိပ်သင့်သလို ကိုယ်နဲ့ဆိုင်ရာဝန်းကျင်ကိုလည်း အကျိုးပြုသင့်သလောက် အကျိုးမပြုမိတဲ့ အဖြစ်မျိုးတွေ ဖြစ်တတ်ပါတယ်။

လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ဝါသနာပါရာ၊ ယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်ဆောင်နေမယ်ဆိုရင် တစ်ခြားသူတွေ အထင်မကြီးရင် နေပါစေ၊ တစ်ချိန်ချိန်မှာ အောင်မြင်မှု ရရှိမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့အလုပ်တွေက နှစ်ရှည်လများ ဇွဲရှိရှိနဲ့လုပ်ပါမှ အသီးအပွင့်ခံစားရမှာမို့ သူများယောင်တိုင်း လိုက်မယောင်ဖို့ သတိထားရမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက နိုဗယ်ဆုရ ကဗျာ၊ စာပေ ပညာရှင် ရာဗင်ဒြာနတ်တဂိုးဟာ အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီး မဟတ္တမဂန္ဒီနဲ့ ခေတ်ပြိုင်ပညာရှင်တစ်ဦးဖြစ်ပေမယ့် ဂန္ဒီနိုင်ငံရေးလုပ်သလို လိုက်လုပ်သူမဟုတ်ပါ။ သူဝါသနာပါရာ၊ ယုံကြည်ရာ စာပေ၊ ကဗျာ၊ ဂီတ၊ ပန်းချီ စတဲ့ အနုပညာအလုပ်တွေကို တီထွင်ဖန်တီးခြင်း၊ သင်ကြားပို့ချခြင်းတွေကို လုပ်ဆောင်ယင်း လူသားအကျိုးပြုသူ ပညာရှင်တစ်ဦးအဖြစ် သမိုင်းတွင်ရစ်ခဲ့ပါတယ်။

တကယ်လို့များ ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ့်ရဲ့ ရည်မှန်းချက်က နိုင်ငံရေးသမားတစ်ယောက်ဖြစ်ရမယ်ဆိုရင် ဘယ်လိုအခက်အခဲ ပြဿနာတွေရှိရှိ ကြိုးစားပြီး ဆက်လက်လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို နိုင်ငံရေးယုံကြည်ချက် တစ်စုံတစ်ရာမရှိဘဲ အမတ်ဖြစ်မှ ဂုဏ်ရှိမယ်ဆိုတဲ့ သူတစ်ပါးမှတ်ချက်ကြောင့် ကိုယ့်ရဲ့အရင်ကထားခဲ့တဲ့ ရည်မှန်းချက်ကို ပြောင်းလဲလိုက်ရမယ်ဆိုရင် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံတိုးတက်ဖို့အတွက် လုပ်တာမဟုတ်ပဲ ကိုယ့်အကျိုးအတွက်လုပ်တာ ဖြစ်သွားပါလိမ့်မယ်။

ဒါ့ကြောင့် လူငယ်တွေအနေနဲ့ ကိုယ်ဝါသနာပါရာ ယုံကြည်ရာ ကိုယ့်ရဲ့ ဘဝရည်မှန်းချက်အတိုင်း ကိုယ်လျှောက်ရမယ့်လမ်းကို ရှင်းရှင်းလင်းလင်းသိပြီး မယိမ်းမယိုင် မတိမ်းမစောင်း ဇွဲရှိရှိနဲ့ ဆက်လက်လျှောက်လှမ်းသွားဖို့ ဆန္ဒပြုလိုက်ရပါတယ်။

နီမာဦး(အံဒင်)