ဆောင်းတွင်း ရွာသော မိုးအောက်မှ နွေသို့အလွမ်းများ

593
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ရက်သတ္တပတ်တစ်ခုလုံး မစဲဘဲ တသည်းသည်း ရွာနေသော မိုး…။

တောင်ဝင်ရိုးစွန်းမှ အလည်လာသော လေများက ပကတိ အေးစက်စက်နှင့်လူကိုလာကလူကျီစယ်တတ်သည်။ နယူးဇီလန်၏ ဆောင်းကားသည်လို အုံ့မှိုင်းမှိုင်း အေးစက်စက်နှင့် စခဲ့ပြီ။ ကျွန်တော်နေထိုင်ရာ ဝယ်လင်တန်မြို့လေးမှာ ယေဘုယျအားဖြင့် လေအမြဲတိုက်သော အရပ်မို့ မိုးရွာသော နေ့ရက်များဆိုလျှင် အေးစက်စိုစွတ်လျက် အိမ်အပြင် မထွက်ရဲလောက်အောင်ပင် ဖြစ်ရသည်။

လွန်ခဲ့သော ရက်များက ဝိတိုရိယတက္ကသိုလ်၏ စာမေးပွဲများ၊ လူမှုရေးကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့၍ အိမ်ရှေ့နားက ဝိတိုရိယ တောင်ကြီးဆီ လမ်းလျှောက် မထွက်ဖြစ်ခဲ့တာပင် ကြာပြီ။ အိမ်မှ လှမ်းမြင်ရသည့် ဝိတိုရိယတောင်ကြီးကတော့ မိုးဒဏ် လေဒဏ် အအေးဒဏ်များအကြား စိမ်းစိမ်းစိုစို တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေမပျက် ရှိနေသည်။

ဆောင်းရောက်တော့လည်း နွေကို လွမ်းမိပြန်ပါသည်။ ကျွန်တော် နယူးဇီလန်ကို စရောက်ချိန်က နွေနှောင်းပိုင်းလောက် ဖြစ်သည်။ ကောင်းကင်ပြာပြာဝယ် ဖြူလွလွ တိမ်စိုင်များ အပြေးအလွှား ပြာယာခတ်နေတတ်ချိန်။ သိပ်လည်း မအေးလှ ပူလည်းမပူလှ နေ၍ထိုင်၍ ကောင်းလှသည်။ ဝန်းကျင်အနှံ့လည်း သွေ့သွေ့ခြောက်ခြောက်နှင့် ည ၈ နာရီလောက်အထိပင် နေရောင် ရှိနေတတ်သေး၏။ နေ့တာရှည်လှသော နွေရက်များ ဖြစ်သည်။ သည်နွေတုန်းက မြန်မာပြည်နှင့် နယူးဇီလန် အချိန်ကွာဟမှုများ ၆ နာရီခွဲ ဖြစ်သည်။

နွေအကြောင်းနှင့်စပ်လျက် နွေ၏အမှတ်တရကလေးများ စိတ်ထဲ ပြန်ပေါ်လာသည်။
နွေဆိုလျှင် ယေဘုယျအားဖြင့် နယူးဇီလန် နိုင်ငံသားတို့လည်း ခရီးဥဒဟို သွားကြချိန် ဖြစ်သည်။ နွေမကုန်မီတစ်ရက်တွင် ကျွန်တော်တို့ မြန်မာ ကျောင်းသူကျောင်းသားများ ကို ကမ်းခြေတစ်ခုသို့ ညအိပ်ခရီး ပို့ဆောင်ပေးခဲ့သည်။ ဤခရီးတွင် နယူးဇီလန်၏ ထူးခြားသော ဓလေ့ကလေးတစ်ခုကို သတိပြုမိသည်။

ကျွန်တော်တို့ ကျောင်းသားများမှာ ကမ်းခြေရှိ အိမ်ကလေး တစ်ဆောင်တွင် တည်းခိုရသည်။ ညရောက်သော် စားကြသောက်ကြ ပြီးနောက် အိပ်ရန်အတွက် ပြင်ဆင်ရသည်။ ဤတွင် အိမ်ရှင်က ကျွန်တော်တို့ကို နေရာချပေး၏။ ကုတင်၊ မွေ့ရာ၊ ခေါင်းအုံးတို့ကို ပေး၏။

သို့ရာတွင် သူက ကိုယ့်ခေါင်းအုံးစွပ်နှင့်ကိုယ် သုံးပါဟုဆိုသဖြင့် ကျွန်တော်တို့မှာ အတော် အံ့အားသင့်သွားမိခဲ့သည်။ အသေအချာကြည့်မှပင် သူထုတ်ပေးသော ခေါင်းအုံးမှာ ခေါင်းအုံးစွပ်မရှိ။ ခရီးမထွက်မီက ကျွန်တော့်၏အုပ်ထိန်းသူ (နယူးဇီလန်တွင် နေခိုက် ကျွန်တော့်ကို တာဝန်ယူ စောင့်ရှောက်သောသူ) ဟယ်လင်က အိပ်ရာအိတ် သူတို့အခေါ် (Sleeping Bag) ကလေးပြင်ပေးလိုက်သဖြင့် ကျွန်တော့်အတွက် အတော်ပင်ဖြစ်သွားသည်။ ထိုအိပ်ရာအိတ်ကလေးကို ဖွင့်ကြည့်ရာ စောင်နှင့် အခင်းတွဲရက်သားဖြစ်အောင် ချုပ်ထားသော အပိုင်းလေးတစ်ခုနှင့် ခေါင်းအုံးစွပ်လေးတစ်ခု ထွက်လာသည်။

ဤတွင်မှ ကျွန်တော်လည်း သြော်… သူ့အရပ်နဲ့သူ့ဇာတ် သည်လိုကိုးဟု သဘောပေါက်မိတော့သည်။

နွေနှောင်း၍ဆောင်းကူးခိုက် ကလေးတွင် နယူးဇီလန်သို့ ကိုဗစ်ရောဂါကပ်ဝင်လာတော့သည်။ သည်တော့ အစိုးရက တစ်နိုင်ငံလုံး ကို သွားလာကန့်သတ်မှု ပြုလုပ်ကာ လော့ခ်ဒေါင်းချလိုက်တော့သည်။ ဤသည်ကား တစ်လတိတိ ကြာသည်။ ထိုအချိန်အတွင်း ကျွန်တော်ကား တက္ကသိုလ်ပိတ်ထား၍ ကျောင်းမသွားရသော်ငြား ကျောင်းမှဖွင့်သော Online class ကို နေ့စဉ်မှန်မှန် တက်နေခဲ့ရသည်။

လော့ခ်ဒေါင်းကာလ တစ်လကား ကြာလိုက်သည့်ဖြစ်ခြင်းဟု ထင်မိသည်။ လော့ခ်ဒေါင်းကြောင့် ကူးစက်မှုနှုန်း လုံးဝကျသွားကာ အစိုးရက ရောဂါကို တဖြည်းဖြည်းထိန်းချုပ်နိုင်သည့် အကြောင်းများကို သတင်းကောင်းအဖြစ် ကြားနေခဲ့ရသည်။ အထူးသဖြင့် နယူးဇီလန်၏ အမျိုးသမီးဝန်ကြီးချုပ် ဂျက်စင်ဒါ၏ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သတင်းမှာ ပြည်တွင်း၌ သာမက နိုင်ငံတကာ အထိပါ မွှေးပျံ့လှသည်။

ရောဂါထိန်းချုပ်နိုင်မှု အခြေအနေကောင်းလာခဲ့ခြင်းကြောင့်ပင် အစိုးရက လော့ခ်ဒေါင်းပြန်ဖွင့်ကာ ကန့်သတ်ချက်အချို့နှင့် ပြန်လည် သွားလာလှုပ်ရှားခွင့်ပြုခဲ့သည်။ နောင်တွင် ရောဂါကူးစက်မှုနှုန်း လုံးဝမရှိတော့သလောက် ဖြစ်လာ၍ ကန့်သတ်ချက်များကို တဖြည်းဖြည်း ပယ်ဖျက်ပေးကာ ပုံမှန် အခြေအနေကို ရောက်လာခဲ့သည်။

ကျွန်တော်တက်နေသည့် ဝိတိုရိယတက္ကသိုလ်လည်း ပြန်ဖွင့်ပြီမို့ online class ကို ကျောခိုင်းကာ တက္ကသိုလ်မြေကို ပြန်သွားရသည်။ တကယ်တော့လည်း အတန်းပြီးခါနီးအချိန် စာမေးပွဲအတွက် ဖြေရန်အတွက်သာ ကျောင်းတက်ရသော အနေအထားမျိုးပင် ဖြစ်သည်။ ကိုဗစ်ကြောင့် တက္ကသိုလ်မှာလည်း ယခင်ကလို တံခါးမရှိ ဓားမရှိ ဝင်ထွက်၍မရတော့ဘဲ ကျောင်းသားကတ်ကိုသုံးကာ တံခါးဖွင့်ရခြင်း၊ ကတ်ပါမှ ဓာတ်လှေကားသုံး၍ရခြင်းမျိုးအထိ စည်းကမ်းကြပ်ခဲ့သည်။

ကျောင်းပြန်တက်ခွင့်ရသော ပထမရက်တွင် ခပ်ကြောက်ကြောက်ဖြစ်သော်လည်း လူချင်း မတွေ့ရသည်မှာ ကြာပြီဖြစ်သော သူငယ်ချင်းများနှင့် ပြန်ဆုံရသဖြင့် ကြောက်စိတ်များ လွင့်သွား၏။ အတန်းထဲတွင် လူချင်းခပ်ခွာခွာ ထိုင်ကြရကာ စာသင်ခြင်း ဆွေးနွေးခြင်းများ စနစ်တကျ လုပ်ကြရသည်။ အတန်းထဲတွင် ဆရာရှိနေခိုက် ကျွန်တော်တို့ ခပ်ခွာခွာ ရှိကြသော်လည်း ခဏနားချိန်များ၊ အတန်းပြီးချိန်များတွင်မူ တစ်ယောက်နှင့် တစ်ယောက် ဖက်လှဲတကင်း နီးနီးကပ်ကပ်နှင့် လော့ခ်ဒေါင်းကာလ မပြောဖြစ်ခဲ့သမျှ သတင်း အတင်းအစုံတို့ အတိုးချ မြွက်ဟခဲ့မိကြသည်။

သည်လိုနှင့်ပင် စာမေးပွဲကိုလည်း ပုံမှန်အတိုင်း အခန်းတွင် စာရွက်နှင့် ရေးဖြေဖြေ ဖြေခဲ့ရသည်။ နှုတ်ဖြေဖြေဆိုခြင်းကိုလည်း ဖြတ်ခဲ့ရ၏။ စာမေးပွဲဖြေပြီးသွားသော် စိတ်သက်သာရာ ရမိသည်။ စာမေးပွဲမတိုင်မီက စာမေးပွဲနတ်ဖမ်းစားသဖြင့် နေရထိုင်ရသည်မှာ မအီမသာ ကြောင့်ကြဗျာပါ များလှသည်။ စားမေးပွဲ မတိုင်ခင်လေးတွင် ထိုစိတ်ဖိစီးမှုများကို ပြေလျော့စေခြင်းငှာ အတန်းဖော် အစ်မနှစ်ယောက်နှင့်အတူ သွားဖြစ်ခဲ့သော ခရီးတစ်ခုကိုလည်း အမှတ်ရနေမိပြန်၏။

ဝယ်လင်တန်မြို့ အနီးအနားက သိုးမွေးမြူရေး ခြံတစ်ခြံနှင့် ကမ်းခြေရှိ မြို့ငယ်လေးတစ်မြို့သို့ ရောက်ဖြစ်ခဲ့ကြသည်။ သိုးမွေးမြူရေးလုပ်ငန်းကား စိတ်ဝင်စားဖွယ် ကောင်းလှ၏။ ခြံရှင် အမျိုးသမီးကြီးက ကျွန်တော်တို့ မောင်နှမသုံးယောက်ကို လက်ဖက်ရည် ကော်ဖီများနှင့် ဧည့်ခံကာ ထွေရာလေးပါး ပြောကြရင်း နိုင်ငံရေးဘက် ရောက်သွားခဲ့သေးသည်။

နယူးဇီလန်တွင် အင်အားကောင်းသော အမျိုးသားရေးပါတီနှင့် အလုပ်သမားပါတီဟူ၍ နိုင်ငံရေးပါတီကြီးနှစ်ခုရှိရာ ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင် အများစုသည် အမျိုးသားရေးပါတီကြီးကို ထောက်ခံလေ့ရှိကြသည့်အလျောက် ကျွန်တော်တို့ကို ဧည့်ခံသော သိုးခြံရှင် အမျိုးသမီးမှာလည်း အမျိုးသားရေးပါတီကို ထောက်ခံသူဖြစ်သည်။ လက်ရှိမှာ အစိုးရအဖြစ် အလုပ်သမားပါတီက အာဏာရနေချိန် ဖြစ်၏။

ခြံရှင်အမျိုးသမီးကြီးမှာ အာဏာရ အလုပ်သမားပါတီ၏ခေါင်းဆောင် အမျိုးသမီးဝန်ကြီးချုပ် ဂျက်စင်ဒါကို ပုဂ္ဂိုလ်ရေးအရ နှစ်သက်ကြောင်းဆိုသော်လည်း ကျန် အလုပ်သမားပါတီဝင်များအကြောင်းကိုမူ ပျစ်ပျစ်နှစ်နှစ် အချက်ကျကျ ဝေဖန်လေသည်။ ကျွန်တော်တို့မှာ ထိုအမျိုးသမီးကြီး၏ စကားကို ပြုံး၍သာ နားထောင်လျက် မိမိတို့ သိလိုသော အကြောင်းချင်းရာ ကိစ္စရပ်အချို့ကိုသာ ဆွေးနွေးမေးမြန်း ဖြစ်ခဲ့သည်။

ထိုအမျိုးသမီးကြီး၏ ဝေဖန်သံကိုသာ ဝယ်လင်တန်ရှိ ကျွန်တော်တည်းနေသောအိမ်က လူများနားနှင့်ဆတ်ဆတ်ကြားလျှင်မူ မည်သို့ တုံ့ပြန်ကြမည်မသိ။ သူတို့မှာ အလုပ်သမားပါတီ၏ အမာခံများဖြစ်ခြင်းကြောင့်ပင်။

သို့သော်လည်း နယူးဇီလန်၏ နိုင်ငံရေးယဉ်ကျေးမှုမှာ သဘောထားမတူသည့်တိုင် တစ်ဖက်သား၏ စကားကို လေးစားကာ နားထောင်ပေး တတ်ကြသည်မို့ ထိုသိုးခြံရှင် အမျိုးသမီးကြီး၏ ဝေဖန်မှုများအကြောင်းကို အိမ်ပြန်ရောက်သောညက ညစာစားကြရင်း အိမ်သားများကို ဖောက်သည်ချမိပါသေး၏။

တစ်ရက်သား ကျွန်တော်တို့ မြန်မာ ကျောင်းသူ ကျောင်းသားများ နယူးဇီလန်လွှတ်တော်သို့ သွားရောက် လေ့လာခွင့်ရခဲ့သည်။ ထိုသို့သွားရောက်စဉ် အတွင်း ဝိတိုရိယတက္ကသိုလ်မှ နိုင်ငံရေးပါမောက္ခ စတီဗင်၊ အမျိုးသားရေးပါတီနှင့် အလုပ်သမားပါတီတို့၏ သုတေသနဌာနများမှ အကြီးအကဲများ၊ တရားရေးဝန်ကြီး၊ လွှတ်တော် တရားရေးကော်မတီဥက္ကဋ္ဌ ဒေသခံမွာရီတိုင်းရင်းသူ အမျိုးသမီးကြီး၊ လွှတ်တော်တွင်း သတင်းယူကြသည့် ဂျာနယ်လစ် အချို့၊ လွှတ်တော်ဥက္ကဋ္ဌကြီးတို့နှင့် တွေ့ဆုံ စကားပြော ဆွေးနွေး မေးမြန်းခွင့်ရခဲ့သည်။

နိုင်ငံရေးပါမောက္ခ၏ နယူးဇီလန်နှင့် မြန်မာ နိုင်ငံရေးနောက်ခံများကို ယှဉ်ထိုးသုံးသပ်ပြခြင်းမှာ စိတ်ဝင်စားဖွယ်အတိ။ ဗြိတိသျှတို့ နယူးဇီလန်ကို သိမ်းပိုက်ခဲ့ခြင်း၊ နယူးဇီလန်ဌာနေတိုင်းရင်းသားမွာရီများ နှင့် ဗြိတိသျှ အုပ်စိုးသူတို့ အကြား ချုပ်ဆိုထားခဲ့သည့် ဝိုင်တန်ဂီစာချုပ် ရှိခြင်းနှင့် မြန်မာပြည် အင်္ဂလိပ်လက်အောက် ကျရောက်ပုံ၊ တိုင်းရင်းသားများ အကြားချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ရှိခဲ့တို့ကို နိုင်ငံရေးသဘောတရား၊ ယဉ်ကျေးမှုအယူအမြင်များနှင့် ဆက်စပ်ပြသည်မှာ မှတ်သာဖွယ်ပင်။

တရားရေးဝန်ကြီးနှင့် တွေ့ဆုံခွင့်ရသည်မှာလည်း ဗဟုသုတများစွာ ရသည်။ နယူးဇီလန်ရှိ ဒေသခံဌာနေတိုင်းရင်းသားများမှာ အခြားသူများထက် ထောင်ဒဏ်ကျခံနေရမှုများကို မည်သို့ဖြေရှင်းနိုင်မည်နည်းဟု ကျွန်တော်က ဝန်ကြီးကို မေးခွန်းထုတ်ပါသည်။ ဝန်ကြီးကလည်း မွာရီတိုင်းရင်းသားများနှင့်ပတ်သက်သော တရာရေးစနစ်၊ တရားရုံးများအကြောင်း၊ တရားမျှတမှုရှိရေး ကြိုးပမ်းပုံများကို အသေအချာ ဖြေပါ၏။

အမေရိကရှိ ရဲများ၏ တရားလက်လွတ်ပြုမှုကြောင့် ပြည်သူတစ်ဦး သေဆုံးရမှုမှ မစပြု၍ဖြစ်ပေါ်လာသော Black Live Matter (အသားရောင်ပေါ်အခြေပြု၍ခွဲခြားဆက်ဆံမှုပြုခြင်းကို ဆန့်ကျင်သော) လှုပ်ရှားမှု၏ နယူးဇီလန်အပေါ် ရိုက်ခတ်လာမည့် ဂယက်အကြောင်း ဝန်ကြီး၏ အမြင်ကိုလည်း နားထောင်ခွင့်ရသည်။ မွာရီများနှင့် ဥရောပသားများ အကြား ခွဲခြားဆက်ဆံမှုများ ရှိခဲ့ ရှိဆဲနှင့် ထိုသို့မဖြစ်အောင် ကြိုးပမ်းနေမှုများ အကြောင်းကိုလည်း ဝန်ကြီးက ပွင့်လင်းစွာ မျှဝေခဲ့ပါသေးသည်။

နိုင်ငံရေးပါတီကြီးနှစ်ခု၏ သုတေသနဌာန အကြီးအကဲများနှင့် တွေ့ဆုံရာတွင်မူ လွှတ်တော် အမတ်များအတွက် မေးခွန်းများ ပြင်ဆင်ပေးခြင်း မှသည် ဥပဒေရေးရာ အတွက် အချက်အလက်များနှင့် သမိုင်းနောက်ခံ ရှာဖွေပေးခြင်း၊ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒဘောထားများကို စစ်တမ်းကောက်ယူခြင်း စသည်တို့ကို သိရှိခွင့်ရခဲ့ပေသည်။

လွှတ်တော် တရားရေးကော်မတီဥက္ကဋ္ဌ ဒေသခံမွာရီတိုင်းရင်းသူ အမျိုးသမီးကြီး မီကာ နှင့်တွေ့ခွင့်ရခြင်းက ကျွန်တော့်အဖို့ စိတ်အားတက်ကြွဖွယ်ပင် ဖြစ်သည်။ သူမတို့ တိုင်းရင်းသားများ ခွဲခြားဆက်ဆံခံရပုံ၊ ယဉ်ကျေးမှု ဘာသာစကားများ ပျောက်ကွယ် လုမတတ် ဖြစ်ခဲ့ရပုံမှသည် တရားမမျှတမှုများအတွက် တိုင်းရင်းသားများကိုယ်စား လွှတ်တော်အတွင်း သူမ၏ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့် သူမ၏ အနာဂတ်အိပ်မက်များအကြောင်းကို သိမြင်လေ့လာခွင့်ရခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံရခြင်းကား စိတ်ကျေနပ်ဖွယ် အကောင်းဆုံးပင် ဖြစ်သည်။ လက်ရှိလွှတ်တော်ဥက္ကဋ္ဌမှာ အာဏာရ အလုပ်သမားပါတီမှဖြစ်ကာ အမတ်ဘဝ၊ ဝန်ကြီးဘဝများအဖြစ် နိုင်ငံရေးဇာတ်ခုံပေါ်တွင် အတော်ကြာကြာ ကျင်လည်ခဲ့သူ ဖြစ်သည့်အလျောက် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသောအခါတွင်လည်း သူ့အဖို့ နောက်ထပ် ဇာတ်ရုပ်တစ်ခုအဖြစ် တာဝန်ကျေကျေ ထမ်းဆောင်ဖို့ ဖြစ်လာပြန်သည်။

လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်အတွင်း အမတ်တစ်ဦး၏ ကလေးကို ထိန်းကျောင်းပေးသဖြင့် ပြည်တွင်းပြည်ပ မီဒီယာများအပေါ် နာမည်ကြီးသူလည်း ဖြစ်သည်။ သူက လက်ရှိအာဏာရပါတီမှ ဖြစ်၍ အတိုက်ခံပါတီများနှင့် အစိုးရအဖွဲ့များကို ဘက်လိုက်မှုကင်းကင်းနှင့် ထိန်းရသည်မှာမလွယ်ကူကြောင်း၊ ဘက်မလိုက်ကြောင်း ပြသည့်အနေဖြင့် အတိုက်ခံပါတီကို နည်းနည်းမျက်နှာသာ ပေးရသလို ကိုယ့်ပါတီကိုလည်း နည်းနည်းကြပ်ရကြောင်း၊ သူ့လက်ထက်တွင် အမျိုးသမီးနှင့် လူငယ်များ ပို၍လွှတ်တော်အတွင်း ရောက်နိုင်အောင် ကြိုးစားခဲ့ရကြောင်းတို့ကို အရယ်အသော ဥပမာ ဥပမေယျကလေးများနှင့် ဟန်ပန်ကင်းကင်း ပြောပြပါသည်။

လွှတ်တော်တစ်ရပ်တည်း စနစ်ကို ကျင့်သုံးသော နယူးဇီလန်၏ လွှတ်တော်၏ ဥက္ကဋ္ဌ ဘဝကား အလုပ်ခပ်များများနှင့် မလွယ်လှပုံပင်။ နယူးဇီလန်တွင် သည်နှစ်ထဲ အထွေထွေရွေးကောက်ပွဲ ရှိနေသည်။ ထုံးစံအတိုင်း ရွေးကောက်ပွဲနားနီးသောအခါ ပါတီများအကြား နိုင်ငံရေး အားပြိုင်မှုများမှာလည်း ဝယ်လင်တန် ဆောင်းတွင်းရွာသော မိုးကဲ့သို့ မပြတ်မစဲ သည်းသည်းမည်းမည်း။

မပြတ်စဲသော မိုးရက်များထဲတွင် သတင်းဆိုးတစ်ခု တက်လာပြန်သည်။ ယူကေမှ နယူးဇီလန်သို့ ပြန်လာသော လူနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့သည်တဲ့လေ။ ထိုနှစ်ဦးကလည်း အော့ကလန်မြို့ကနေ ကျွန်တော်နေထိုင်ရာ ဝယ်လင်တန်ဆီ ကားမောင်းလာခဲ့ သည်တဲ့။ တကယ်တော့ ထိုသူနှစ်ဦး ယူကေမှ ပြန်ရောက်သည်က ယခုလ ၇ ရက်ကတည်းက။ သို့သော် ကိုဗစ်ရှိမရှိ ပိုးမစစ်ခဲ့။ ပိုးတွေ့သည်ဟု ကြေညာချိန်မှာ ဇွန်လ ၁၆ ပင် ဖြစ်နေပြီ။

လူများ၏ စိုးရိမ် သောက မီးများက ဆောင်းတွင်းရွာသော မိုးကြား တဟုန်းဟုန်းထတောက်သည်။ ပြောစရာ ဆိုစရာ ဝေဖန်စရာဖြစ်လာသည်။ ရောဂါကို လုံးဝထိန်းချုပ်နိုင်ပြီ၊ ကိုဗစ်ကင်းပြီဟု နာမည်ကျော်နေသော၊ စနစ်ကောင်းလှ၊ စီမံခန့်ခွဲမှုကောင်းလှသည်ဟုချီးမွမ်းခံနေရသော နယူးဇီလန်တွင် ထိုသို့ဖြစ်ပျက်ခဲ့ပါ၏။

ကျွန်တော်အဖို့တော့ တွေ့ရ မြင်ရ ကြားရသမျှ သင်ယူလေ့လာစရာ၊ တွေးဆဆင်ခြင်ကြည့်စရာများစွာပင် ဖြစ်ပါသည်။ လောလောဆယ် ရွေးကောက်ပွဲနှင့် နီးလာသော နယူးဇီလန်၏ နိုင်ငံရေးရာသီဥတုမှာ ဆောင်းတွင်းရွာသော မိုးကဲ့သို့ အေးစက်စိုစွတ်လျက် အုံ့မှိုင်းမှောင်ရီ ရွာသွန်းနေဦးမည်ဟု ထင်မိပါသည်။

မြန်မာပြည်တွင်တော့ ယခု အချိန် ဝဿန်ခါလည်းဖြစ်၊ ရွေးကောက်ပွဲနားလည်းကပ်ပြီမို့ ကိုဗစ်ရောကန္တရကပ်ကြီးအတွင်း မြန်မာ့နိုင်ငံရေး ရာသီဥတုမှာလည်း အများအားဖြင့် မှိုင်းအုံ့မှောင်ရီ သည်းသည်းမည်းမည်း သွန်းဖြိုးနေတော့မည်ဟု ထင်ပါသည်။

ဝေယံထွဏ်း