တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် အလုပ်ရုံအလုပ်ဌာနငယ် သုံးရာကျော် စစ်ဆေး

0
940

တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် တစ်နိုင်တစ်ပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ် သုံးရာကျော်ကို စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။


Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။


စားသောက်ကုန်လုပ်ငန်းနှင့် အလုပ်သမားအရေးဖြစ်နိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကြီးများကို ဧပြီ ၂၆ ရက်မှ မေ ၁၅ ရက်နေ့အထိ ပထမအသုတ်အဖြစ် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။


ယခုအခါ ကျန်ရှိနေသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ်များကို မေလနောက်ဆုံးအပတ်မှစတင်ကာ လိုက်လံစစ်ဆေးနေသည်ဟု ဒေါ်မီမီစိန်က ပြောသည်။


“တစ်နိုင်တစ်ပိုင်ဆိုတာက ဝပ်ရှော့ အသေးစားလေးတွေလေ။ အလုပ်သမား တစ်ယောက်နှစ်ယောက်ရှိတာမျိုးတို့ မိသားစုလုပ်ငန်းမျိုးတို့ပေါ့။ ဆန်စက်ဆိုလည်း အသေးလေးတွေပေါ့။ ကိုယ့်ဘာကိုယ် စပါးကြိတ်နယ်တာမျိုးတို့ပေါ့” ဟု ဒေါ်မီမီစိန်က ဆိုသည်။


ပထမအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၂၃၆ ရုံကို စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်တွင် ၃၃၃ ရုံကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်မှု ရှိမရှိကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့ငယ် ၃ ဖွဲ့ဖြင့် လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။


စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် အလုပ်သမားများအတွက် လက်ဆေးရန် ရေ၊ ဆပ်ပြာ၊ လက်အိတ်၊ နှာခေါင်းနှင့် ပါးစပ်ပိတ်၊ အိမ်သာများကို အလုပ်ရှင်မှ ထားရှိပေးရမည်ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာထားရှိကာ လူစုလူဝေးမဖြစ်ရန် စသည့်အချက်များကို အလုပ်ရှင်မှ လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း ဒေါ်မီမီစိန်က ပြောသည်။


သတ်မှတ်ချက်နှင့် မညီသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ယာယီပိတ်သိမ်းခြင်းများပြုလုပ်ကာ သတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင်လုပ်ဆောင်ပြီးမှသာ ဖွင့်လှစ်ခွင့်ပြုသည်ဟု ၎င်းက ပြောသည်။


ပထမအကြိမ် စစ်ဆေးမှုတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် မကိုက်ညီသည့် ကင်းမွန်စက်ရုံ ၁၀ ရုံကို ၇ ရက်ပိတ်သိမ်းစေခဲ့ပြီး ယခုအခါ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်