ဒေါက်တာ လဲ့လဲ့မော် အဂတိလိုက်စားမှု တရားရုံး၏ သုံးသပ်စီရင်ချက်

0
890

အဂတိလိုက်စားသည့်အတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ထောင်ဒဏ်နှစ် ရှည်ချမှတ်လိုက်သည်။

ဒေါက်တာလဲ့လဲ့မော်ကို တိုင်းတရား လွှတ်တော်က မေလ ၂၂ ရက်နေ့တွင် အမှုလေးမှုအတွက် စုစုပေါင်း ထောင် ဒဏ်နှစ် ၃၀ အမိန့်ချလိုက် ခြင်းဖြစ်သည်။

၎င်းကို မည်သည့်အတွက်ကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ရကြောင်းကို တရားရုံးတော်က အမှုတစ်ခုချင်း အလိုက် သုံးသပ်ထားသည်။ ယင်းသုံး သပ်ချက်များကို အမှုစီရင်ချက် လေးခု ကို ကိုးကား ကောက်နုတ်ဖော်ပြလိုက်သည်။

လမ်းဦးစီးနှင့် ဆေးရုံလမ်းခြံအမှု

တိုင်းလမ်းဦးစီးဌာနသို့ တစ်လုံး တစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးခဲ့ပြီး ယင်း ဌာန ညွှန်ကြားရေးမှူးအား ဒေါက်တာ လဲ့လဲ့မော်၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင် လမ်းထောင့်ရှိ မြေကွက်ကို အုတ်ခြံစည်း ရိုးကာရံပေးရန် စေခိုင်းခဲ့သည့်အမှုဖြစ် သည်။

အထက်ပါငွေကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလအတွင်း လုပ်ငန်း ၁၀ ခုလုပ်ရန် ချပေးခဲ့ခြင်းဖြစ်သည်။ မီနီဘတ်ဂျက်ကာလမှာ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိဖြစ်ပြီး အဆိုပါ ရန်ပုံငွေကို စက်တင်ဘာလကုန် လုနီးမှ ထုတ်ပေးခဲ့ကြောင်း သက်သေခံ ချက်များအရ သိရသည်။

ထိုသို့ ဘတ်ဂျက်ချပေးပြီးနောက် အုတ်ခြံစည်းရိုးနှင့် ရေမြောင်းလုပ်သည့် ကုန်ကျစရိတ်သိန်း ၁၄၀ ကို အဂတိ ကော်မရှင်က စုံစမ်းစစ်ဆေးချိန်မှ ပေး ချေခဲ့သည်။

လမ်းဦးစီးဌာနသို့ ချပေးသည့်ငွေ ကို မြန်မာ့စီးပွားရေးဘဏ်တွင် အတိုးမရ သည့်ငွေစာရင်းဖွင့်ကာ အပ်နှံထားသည် မှာ ဝန်ထမ်းတစ်ဦးက ငွေထုတ်ပြီး သီးခြားစာရင်း(ဘဏ်အကောင့်) ဖွင့်ပြီး အပ်နှံခြင်းမပြုရန် တားမြစ်ထားသည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု စည်းမျဉ်းကို လိုက်နာမှုမရှိကြောင်း တရားသူကြီးက သုံးသပ်ထားသည်။

ယင်းအမှုတွင် လမ်းဦးစီးဌာနကို လုပ်ငန်း ၁၀ ခုလုပ်ရန် တင်ဒါမခေါ်ဘဲ ဆေးရုံလမ်းရှိမြေကွက်အုတ်ခြံစည်းရိုးနှင့် ရေမြောင်း လုပ်ချိန်တွင် လမ်းဦးစီး ညွှန်ကြားရေးမှူးက စီစဉ်ဆောင်ရွက်ပေး ရပြီး ကုန်ကျငွေကို စုံစမ်းစစ်ဆေးချိန်မှ ပေးချေသည်မှာ နှစ်ဘက်အငြင်းမပွားဘဲ စစ်ဆေးပေါ်ပေါက်သည်ဟု ရုံးတော်က သုံးသပ်သည်။

လမ်းဦးစီးဌာနကို လုပ်ခိုင်းသည့် လုပ်ငန်းများအနက် မြိတ်မြို့ရှိ လုပ်ငန်း ၃ ခုကို ထူးထူးတိုးကုမ္ပဏီကို လုပ်ခိုင်း ခဲ့ပြီး ကျန်သည့် ၇ ခုကိုသာ ဌာနက လုပ်ကိုင်ခဲ့ကြောင်း ပေါ်ပေါက်သည်ဟု ဆိုသည်။

အထက်ပါလုပ်ငန်းများက ဘတ်ဂျက် ကာလအတွင်း ပြီးစီးမှုမရှိသည်ကို တွေ့ရ ပြီး ဘတ်ဂျက်ကာလအတွင်း အချိန်မီ မပြီးသည့် လုပ်ငန်းများအတွင် ခွင့်ပြုငွေ ကြေးကို ပြန်အပ်နှံရမည်ဟု ပြည်ထောင်စု အစိုးရ၏ ညွှန်ကြားချက်ကို လိုက်နာမှု မရှိကြောင်း သုံးသပ်ထားသည်။

ထို့အပြင် ဘဏ္ဍာရေးစီမံခန့်ခွဲမှု စည်းမျဉ်းတွင် လုပ်ပိုင်ခွင့်ရှိသူက အမိန့် တစ်ခုချမှတ်ရာတွင် မိမိအားတိုက်ရိုက် သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း အကျိုးဖြစ်ထွန်းစေမည့် အမိန့်မချမှတ်ရဆိုသည့် ညွှန်ကြားချက် နှင့် ပြည်သူ့ဘဏ္ဍာငွေကို ခြွင်းချက်ပြု ထားသည့်ကိစ္စမှအပ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဌာနအဖွဲ့အစည်းတစ်ခုခု အတွက် အထူးအခွင့်အရေးအနေဖြင့် အကျိုးကျေးဇူးဖြစ်စေရန် အသုံးမပြုရဆို သည့် ညွှန်ကြားချက်များကို မလိုက်နာ ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု တရားသူကြီး က သုံးသပ်ထားသည်။

ထိုလုပ်ဆောင်ချက်များက ဘဏ္ဍာ ရေးစည်းမျဉ်းစည်းကမ်းနှင့် မညီသည့် အပြင် လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ ဥပဒေနှင့် အညီပြုလုပ်ခြင်းမရှိဘဲ လမ်းဦးစီးဌာနကို အခွင့်အရေးပေးခြင်းဖြစ်ကြောင်း ရုံးတော် က သုံးသပ်ထားသည်။

ထိုနောက် ၎င်းပိုင်မြေကွက်ကို အုတ်ခြံစည်းရိုးနှင့် ရေမြောင်းလုပ်ရန် လမ်းဦးစီးဌာနညွှန်ကြားရေးမှူးထံမှ တံစိုးလက်ဆောင် ရယူကြောင်း တွေ့ရ သဖြင့် ဒေါက်တာလဲ့လဲ့မော်က အဂတိ လိုက်စားမှုကျူးလွန်ကြောင်း သုံးသပ် ထားသည်။

“လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ ဥပဒေနှင့် အညီပြုလုပ်ခြင်းမရှိဘဲ လမ်းဦးစီးဌာန သို့ အခွင့်အရေး ပေးခြင်းဖြင့် လမ်းဦးစီး ဌာနကို သက်ဆိုင်သူအစိုးရထံမှ တံစိုး လက်ဆောင်ပေးခြင်းဖြစ်ကြောင်း တွေ့ရ၍ လုပ်ပိုင်ခွင့်အာဏာရှိသူ ဝန်ကြီး ချုပ်သည် အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်း သုံးသပ်ရရှိသည်”ဟု တရား သူကြီးက သုံးသပ်သည်။

ဒေါက်တာလဲ့လဲ့မော်ဘက်က ရုံးတော်ကိုတင်ပြထားချက်အရ လမ်း ဦးစီးဌာနတွင် အင်ဂျင်နီယာများသည့် အတွက် လုပ်ခွင့်ပေးသည်ဆိုခြင်းမှာ အင်ဂျင်နီယာများရုံဖြင့် လုပ်ငန်းမလုပ် နိုင်ဘဲ စက်ယန္တရား၊ လုပ်သားအင်အား တို့အလုံအလောက်ရှိသည်ဟု ထွက်ဆို တင်ပြနိုင်ခြင်းမရှိသည်ကို တွေ့ရကြောင်း သုံးသပ်ထားသည်။

ယင်းအပြင် လုပ်ငန်းအမြန်ပြီးစီး စေလိုက အင်ဂျင်နီယာ၊ လုပ်သားနှင့် စက်ယန္တရားရှိသည့် ဆည်မြောင်း၊ စည်ပင်၊ နယ်စပ်နှင့်ကျေးလက်ဦးစီးဌာန စသည့်ဌာနများကို လုပ်ငန်းခွဲဝေပေး နိုင်သည့် အခြေအနေရှိကြောင်း ရုံးတော် က သုံးသပ်သည်။

အဆိုပါလုပ်ငန်းများကို တင်ဒါ ခေါ်၍ ကုမ္ပဏီတစ်ခုချင်းအလိုက် လုပ်ခွင့် ပေးနိုင်သည့် အခြေအနေရှိသည့်အပြင် လုပ်ငန်း ၃ ခုကို ထူးထူးတိုးကုမ္ပဏီအား လုပ်ခွင့်ပြုကြောင်းလည်း ပေါ်ပေါက် နေသည့်အတွက် လမ်းဦးစီးဌာနတွင် အင်ဂျင်နီယာများ၍ လုပ်ပိုင်ခွင့်ပေး ကြောင်း ဒေါက်တာလဲ့လဲ့မော်၏ ထုချေ ချက်ကို လက်မခံနိုင်ကြောင်း တရားသူကြီး က သုံးသပ်ထားသည်။

“သက်သေခံချက်များကို စုပေါင်း စဉ်းစားဆင်ခြင်လျှင် သာမန်ဆင်ခြင်တုံ တရားရှိသူတစ်ဦး သို့မဟုတ် ဆင်ခြင် စဉ်းစားတတ်သူ တစ်ဦးအနေဖြင့်ပင် ပြစ်မှုထင်ရှားသည်ဟုယူဆရန် အကြောင်း ပေါ်ပေါက်နေသောကြောင့် တရားလို ဘက်က တရားခံပြစ်မှု ကျူးလွန်သည်ဟု သက်သေထင်ရှားပြသနိုင်သည်ဟု လည်း ကောင်း၊ ဒေါက်တာလဲ့လဲ့မော်က အဂတိလိုက်စားမှုကိုကျူးလွန် သည်ဟု လည်းကောင်း တရားရုံးက သုံးသပ်ခဲ့ ခြင်းဖြစ်သည်”ဟု တရားသူကြီးက ပြော သည်။

ထိုကြောင့် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

ထားဝယ်လေယာဉ်ကွင်းချုံရှင်းသည့်အမှု

ထားဝယ်လေယာဉ်ကွင်းရှိ ချုံနွယ် များကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထွေ ထွေပိုလျှံရန်ပုံငွေ ကျပ်သိန်းလေးထောင် အသုံးပြုကာ ရှင်းလင်းခဲ့သည့်အမှုဖြစ် သည်။

ကျပ်သိန်းလေးထောင်ဖြင့် ဆောင် ရွက်ခဲ့သည့် ချုံရှင်းလုပ်ငန်းကို တင်ဒါ မခေါ်ဘဲ ဦးဆန်နီပိုင် F22 ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။

အဆိုပါငွေကျပ်သိန်းလေးထောင် ကို လေယာဉ်ကွင်းချုံရှင်းရန်၊ လေဆိပ် ပြုပြင်ရန်နှင့် အုတ်ခြံစည်းရိုးခတ်ရန် ဆုံးဖြတ်ထား သော်လည်း တိုင်းအစိုးရ အတွင်းရေးမှူးနှင့် F 22 ကုမ္ပဏီတို့ ချုပ်သည့် စာချုပ်တွင် ထားဝယ်လေယာဉ် ကွင်းအတွင်းအပြင် သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်း လုပ်ငန်းသဘောတူစာချုပ် ဟူ၍သာ ရေးထားသည်ကို စစ်ဆေးပေါ် ပေါက်ကြောင်း တရားသူကြီးက ဆိုသည်။

ယင်းသို့လုပ်ပိုင်ခွင့်မရမီ F 22 ကုမ္ပဏီ သည် ၂၀၁၆ ခုနှစ်တွင် သင်္ကြန်မဏ္ဍပ် ငါးခု ဆောက်ပေးရခြင်း၊ ဝန်ကြီးချုပ် စေခိုင်းသည့်အတွက် ထားဝယ်တက္က သိုလ်ဝင်း ချုံနွယ်ရှင်းပေးခဲ့ရပြီး ယင်း လုပ်ငန်းအတွက် ဆီဖိုးနှင့် သယ်ယူပို့ ဆောင်ခ ကျပ်သိန်း ၃၀ ခန့်သာပေး ခဲ့ကြောင်းကို စစ်ဆေးပေါ်ပေါက်သည်ဟု ဆိုသည်။

ထို့အပြင် ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် (ဂေါက်ကွင်းဘက်) ရှိ ချုံနွယ်များကို ၇ ရက်ခန့် ရှင်းပေးခဲ့ရပြီး ယင်းအတွက် သိန်းနှစ်ဆယ်ကျော်သာပေးခဲ့ပြီးနောက် အထက်ပါလေယာဉ် ကွင်းအတွင်းအပြင် ချုံရှင်းသည့် သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ်တွင်ပင် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ချုပ်ဆိုခဲ့ကြောင်း ပေါ်ပေါက်သည်ဟု တရားသူကြီးက ပြောသည်။


တရားလိုပြသက်သေ၏ထွက်ချက် အရ ယင်းငွေကြေးဖြင့် လုပ်ငန်း ၃ ခု အနက် ၁ ခုသာ ဆောင်ရွက်ခြင်း၊ တင်ဒါ မခေါ်ခြင်း၊ တည်ဆောက်ရေးကော်မတီ က မစစ်ဆေးမီငွေထုတ်ပေးခြင်း၊ လုပ်ငန်း လွှဲပြောင်းလက်ခံမှု စနစ်တကျမရှိခြင်းတို့ မှာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်လုပ်ဆောင်ခဲ့သည်ကို တွေ့ရ ကြောင်း ရုံးတော်က သုံးသပ်ထားသည်။

“F 22 ကုမ္ပဏီထံမှ တံစိုးလက် ဆောင်ကို လုပ်ပိုင်ခွင့်ရှိသူက ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ ထားဝယ် တက္ကသိုလ်အတွက် ရယူခြင်း သို့မဟုတ် ပေးခြင်းနှင့် အစိုးရအတွက် ရယူခဲ့ခြင်း ဖြင့် အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရသည်”ဟု တရားသူကြီး က ပြောသည်။

လုပ်ပိုင်ခွင့်အာဏာရှိသူမှာ ဝန်ကြီး ချုပ်ပင်ဖြစ်သည့်အတွက် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များသည် ဝန်ကြီးချုပ် ပင်ဖြစ်ကြောင်း သုံးသပ်ထားသည်။
ထိုကြောင့် ဒေါက်တာလဲ့လဲ့မော်က F 22 ကုမ္ပဏီကို ထိုက်သင့်သည့် အခငွေ ကြေးပေးချေခြင်းမရှိဘဲ အလုပ်များ ခိုင်းစေခြင်း၊ ထားဝယ်လေယာဉ်ကွင်း အတွင်းအပြင် ချုံနွယ်ရှင်းလုပ်ငန်းကို သိန်းလေးထောင်ဖြင့် လုပ်ပိုင်ခွင့်ပေး ခြင်းမှာ အဂတိလိုက်စားခဲ့ကြောင်း ပေါ်ပေါက်သည်ဟု တရားသူကြီးက သုံးသပ်ထားသည်။

ယင်းကြောင့် ဒေါက်တာလဲ့လဲ့မော် မှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား သဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချခဲ့သည်။

GGS ကုမ္ပဏီ ဂက်စ်ဖိုးငွေ ကြွေးကျန် သည့်အမှု

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ရေး လုပ်ကိုင်နေသည့်GGSကုမ္ပဏီက ဂက်စ်ဖိုးငွေ ၉ ဘီလီယံနီးပါး ပေးချေရန် ပျက်ကွက်ခဲ့သည့်အပေါ် စွဲဆိုသည့် အမှုဖြစ်သည်။

အဆိုပါအမှုတွင် ဒေါက်တာ လဲ့လဲ့မော်အပြင်GGSကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိ်ုက်တာ ဦးအောင်မြတ် တို့ကို စွဲဆိုခဲ့သည်။

GGS ကုမ္ပဏီနှင့် တိုင်းအစိုးတို့ ချုပ်ဆိုသည့် ထားဝယ်ခရိုင်လျှပ်စစ်ထုတ် လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ချုပ်ဆိုကြောင်း တရားခံပြ သက်သေတစ်ဦးဖြစ်သည့် လျှပ်စစ် အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏက ထွက်ဆို ထားသည်။

၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်နေ့ တွင်မှ ယင်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြု ကြောင်း ဆုံးဖြတ်သည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးကို ပြုလုပ်ခဲ့သည်။ ထိုကြောင့် အစိုးရအဖွဲ့က မဆုံး ဖြတ်မီ ၃ လခန့်ကြိုတင်၍ စာချုပ်ချုပ် ဆိုထား သည်။

ဂက်စ်ဖိုးငွေအကြွေးကျန်သည့်ကိစ္စ နှင့်ပတ်သက်၍ တိုင်းလွှတ်တော်ကြားနာ ပွဲတွင် ဦးအောင်မြတ်က ဂက်စ်ဖိုးငွေ ပေးရန် အသင့်ရှိသော်လည်း မပေးသေး ဘဲ ထောင်ချလိုက ချနိုင်ကြောင်းနှင့် ထောင်မှလွတ်မှသာ ပေးနိုင်မည်ဆိုသည့် ပြောဆိုချက် စစ်ဆေးပေါ်ပေါက်သည်ဟု ရုံးတော်က သုံးသပ်ထားသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ထားဝယ် မြို့ မြို့တော်ခန်းမတွင်လုပ်သည့် သတင်း စာရှင်းလင်းပွဲတွင်လည်း ဦးအောင်မြတ် က ယင်းကဲ့သို့ ပြောကြားခဲ့သည်။

ထို့အပြင် GGS ကုမ္ပဏီက လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းကိုလည်းလုပ်ကိုင်လိုကြောင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လျှောက်ထားခဲ့ပြီး တိုင်းအစိုးရက လုပ်ကိုင်ခွင့်ပြုကြောင်းဆုံးဖြတ်သည့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက်နေ့မှ ပြုလုပ်ခဲ့ သည်ကို ပေါ်ပေါက်သည်ဟု ရုံးတော်က သုံးသပ်သည်။

ထိုအချိန်ကို ကြည့်ခြင်းဖြင့် လျှပ်စစ် ဖြန့်ဖြူးခွင့်အတွက် GGS ကုမ္ပဏီက တိုင်းအစိုးရထံ မလျှောက်ထားမီ ကတည်းက တိုင်းအစိုးရက ခွင့်ပြုထားနှင့် ပြီးဖြစ်သည်ကို ပေါ်ပေါက်ခဲ့သည်။

လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်းကို GGS ကုမ္ပဏီထံ လွှဲပြောင်းပေးရန် ထိုအချိန်က လျှပ်စစ်ဖြန့်ဖြူးနေသည့်DDPC ကုမ္ပဏီကို ၂၀၁၈ ခုနှစ် ဖေဖော် ဝါရီလ ၁၅ ရက်နေ့တွင် အကြောင်းကြား ခဲ့ကြောင်းလည်း ပေါ်ပေါက်သည်ဟု သုံးသပ်ထားသည်။

ထို့အပြင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ် ငန်းတင်ဒါကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ခေါ်ယူခဲ့ ပြီး ကုမ္ပဏီ ၅ ခုက လျှောက်ထားရာ တွင်လည်းGGSကုမ္ပဏီ ပါဝင်ခြင်း မရှိသည်ကို စစ်ဆေးပေါ်ပေါက်သည်။

အဆိုပါတင်ဒါကို ဖျက်သိမ်းပြီး မကြာမီမှာပင်GGSကုမ္ပဏီကို လျှပ် စစ်ဖြန့်ဖြူးရေးလုပ်ပိုင်ခွင့်ပေးခဲ့သည်ကို စစ်ဆေးပေါ်ပေါက်သည်ဟု တရားသူ ကြီးက ဆိုသည်။

အထက်ပါအချက်များကို ကြည့် ခြင်းဖြင့် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါ လုပ်ထုံးလုပ်နည်းကို မလိုက်နာခြင်း သည် လုပ်ပိုင်ခွင့် အာဏာရှိသူက ရာထူး တာဝန်ကို အလွဲသုံးစားပြု၍GGS ကုမ္ပဏီကို အခွင့်အရေးပေးသည်ကို ပေါ်ပေါက်ခဲ့ကြောင်း ရုံးတော်က သုံးသပ် သည်။

ယင်းသို့ ွှ ကုမ္ပဏီကို အခွင့်အရေး ပေးခဲ့သဖြင့် တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ များ အနေဖြင့် အခွင့်အရေးဆုံးရှုံးပြီးGGSကုမ္ပဏီက အကျိုးအမြတ်ရရှိခဲ့ပြီး အစိုးရအဖွဲ့က တံစိုးလက်ဆောင် ပေးရာ ရောက်ကြောင်း၊ အဂတိလိုက်စားမှု ကျူး လွန်ရာရောက်ကြောင်း သုံးသပ်ထားသည်။

ထို့အပြင်GGS က ပေးရမည့် ဂက်စ်ဖိုးငွေအကြွေးကို မပေးသွင်းဘဲ အချိန်ကြာမြင့်စွာ လက်ဝယ်ထားရှိခြင်း ကြောင့် ကုမ္ပဏီနှင့် ကုမ္ပဏီတာဝန်ရှိသူ များ သုံးစွဲနိုင်ခြင်းကြောင့် အကျိုးအမြတ် ရရှိနိုင်သည်ဟု ရုံးတော်က သုံးသပ်သည်။

ထိုအမှုတွင်GGS ကုမ္ပဏီမှပေး ဆောင်ရမည့် ဂက်စ်ဖိုးငွေကို နိုင်ငံတော်မှ စိုက်ထုတ်ပေးချေထားရခြင်း၊ ငွေကြေး ကိုGGSကုမ္ပဏီက သုံးစွဲခွင့်ရနေခြင်းမှာ တိုင်းအစိုးရအဖွဲ့ တစ်နည်းအားဖြင့် ဝန်ကြီးချုပ်ကGGSကုမ္ပဏီကို တံစိုး လက်ဆောင်အဖြစ် ပေးရာရောက်နေ၍ ဒေါက်တာလဲ့လဲ့မော်က အဂတိကျူး လွန်ရာရောက်ကြောင်း တရားရုံးက သုံးသပ်သည်။

အထက်ပါအချက်များကြောင့်GGSကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေးနှင့် ဒါရိုက်တာဦးအောင်မြတ် တို့က ဒေါက်တာလဲ့လဲ့မော် အဂတိလိုက် စားမှုကျူးလွန်ရာတွင် အားပေးကူညီ ရာရောက်ကြောင်း ရုံးတော်က သုံးသပ် သည်။

ထိုကြောင့် ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့ သုံးဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် စီ ကျခံစေရန် အမိန့်ချခဲ့သည်။

သရက်ချောင်းနေအိမ်ရောင်းပြီး ဆောက် လုပ်ရေးလုပ်ငန်းများ လုပ်ခွင့်ပေးသည့် အမှု
ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင် သရက်ချောင်းမြို့ရှိ အိမ်နှင့်မြေကို ကျပ် သိန်း ၂၀ဝ၀ ဖြင့် GGS ကုမ္ပဏီအား ရောင်းချခဲ့ပြီးနောက် ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည် ဆောက်ခြင်း၊ ပုလောမြို့နယ်ခန်းမ တည်ဆောက်ခြင်း၊ နေပြည်တော်ရှိ တိုင်း အစိုးရဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေး ခဲ့သည့် အမှုဖြစ်သည်။

၂၀၁၆ ခုနှစ်က ကျပ်သိန်း ၃၂၀ ကျော်သာ တန်ကြေးရှိသည့် အဆိုပါနေ အိမ်နှင့် ခြံကို GGS ကုမ္ပဏီထံ သိန်း နှစ်ထောင်ဖြင့် ရောင်းချခဲ့သည့် အမှုဖြစ်သည်။

အဆိုပါအမှုတွင် ဒေါက်တာ လဲ့လဲ့မော်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ထောင်ဒဏ် အသီးသီးချမှတ်ထားသည်။

ယင်းအမှုတွင် သက်သေခံချက်များ အရ ယင်းအိမ်နှင့်မြေကို ဒေါက်တာလဲ့လဲ့မော် ၏ ခင်ပွန်းဦးထွန်းမင်းထံမှ ဦးအောင်မြတ် က ကျပ်သိန်းနှစ်ထောင်ဖြင့် ဝယ်ယူခဲ့ သည်။ ထိုနောက် ယင်းအိမ်ကို ဦးထွန်းမင်းထံမှပင် ဦးသူရအုံက စာချုပ် ဖြင့် ဝယ်ခဲ့ပြီး စာချုပ်တွင် အရောင်း အဝယ်လုပ်သည့် အချိန်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလဟု ဖော်ပြထားကြောင်း ရုံးတော်ထံမှ သိရသည်။

အထက်ပါဖော်ပြထားသည့် အချိန် မှာ ဦးထွန်းမင်းထံမှ ဦးအောင်မြတ်ဝယ် ယူသည့်အချိန်ဖြစ်နေပြီး သက်သေထွက် ချက်များအရ အဆိုပါစာချုပ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင်မှ လက်မှတ်ထိုး ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ကြောင်း ရုံးတော်ထံမှ သိရသည်။

အဆိုပါစာချုပ်ရှိ သက်သေနေရာ တွင် ထိုးထားသည့် လက်မှတ်ထိုးထား သည်ဆိုသည့် ဦးဝင်းကိုယု လက်မှတ်မှာ ၎င်းလက်မှတ်မဟုတ်သည်ကို ပေါ်ပေါက်သည်ဟု ရုံးတော်ထံမှ သိရသည်။

အထက်ပါ ကာလမှာ ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က စစ်ဆေးနေသည့် အချိန်ဖြစ်သည်ကို တွေ့ရကြောင်း တရားသူကြီးက ဆိုသည်။

ယင်းအိမ်နှင့်မြေ အရောင်းအဝယ် ကိစ္စတွင် မူလဝယ်ယူခဲ့သည့် ဦးအောင် မြတ်အစား ဦးသူရအုံက ဝယ်သူအဖြစ် လက်မှတ် ထိုးခြင်းမှာ ဦးအောင်မြတ်နှင့် ဒေါက်တာလဲ့လဲ့မော်တို့အကြား ဆက်နွှယ် မှုမရှိဟုထင်စေရန် ဖန်တီးလုပ်ဆောင် ခြင်းသာဖြစ်သည်ဟု ရုံးတော်က ကောက်ယူသည်။

ထိုသို့ ဆက်နွှယ်မှုမရှိကြောင်း ဖန်တီးလုပ်ဆောင်ခြင်းမှာ အထက်ပါ ဆောက်လုပ်ရေး လုပ်ငန်းများကို သိမ်း ကမ္ဘာနှင့်GGSကုမ္ပဏီတို့ လုပ်ကိုင်ခွင့် ရထားခြင်းကို ဖုံးကွယ်လို၍လုပ်ဆောင် ခြင်းဟု တရားသူကြီးက သုံးသပ်သည်။

ယင်းအပြင် ဒေါက်တာလဲ့လဲ့မော် ၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်ပွင့်ဖြူဖြူ အောင်၏ ခင်ပွန်းဖြစ်သူ ဦးနေမျိုးအောင် မှာ ဦးအောင်မြတ်၏ အောင်မိုးမြတ် ကုမ္ပဏီနှင့်GGSကုမ္ပဏီတို့တွင် မန်နေဂျာ အဖြစ် လုပ်ကိုင်နေကြောင်း ပေါ်ပေါက် သည်ဟု ရုံးတော်က ကောက်ယူသည်။

အထက်ပါအိမ်နှင့်မြေကို ကာလပေါက်ဈေးထက်ပိုများသည့်ဈေးဖြင့်GGSကုမ္ပဏီကို ရောင်းပြီး နေပြည်တော် ရှိတိုင်းအစိုးရ ဧည့်ရိပ်သာ၊ ပုလောမြို့နယ် ခန်းမကို တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့် ပေးခြင်းနှင့် သရက်ချောင်းငါးလေလံဈေးမြေနေရာကို လယ်ယာမြေတွင် အခြား နည်းအသုံးပြုခွင့်မရမီ လမ်းဖောက်ခြင်း၊ အုတ်တံတိုင်းကာရံခြင်း ကိစ္စများတွင် ဦးအောင်မြတ်နှင့် ဦးသိန်းထွေးတို့က ဒေါက်တာလဲ့လဲ့မော်ကို တံစိုးလက် ဆောင်ပေးခဲ့ကြောင်း ရုံးတော်က သုံးသပ် သည်။

ထိုကြောင့်ဒေါက်တာလဲ့လဲ့မော် က အဂတိလိုက်စားမှု ကျူးလွန်သည်ဟု သုံးသပ်ကြောင်း ရုံးတော်ထံမှ သိရသည်။

ယင်းအပြင် ပုလောမြို့နယ်ခန်းမကို တင်ဒါမခေါ်ဘဲGGSကုမ္ပဏီကိုဆောက် ခွင့်ပြုပြီး ယင်းမြေနေရာကို ဦးအောင်မြတ် က လှူဒါန်းခြင်း၊ ခန်းမဆောက်ရာတွင် ကုမ္ပဏီက ကျပ်သိန်း ၃၀ဝ သို့မဟုတ် သိန်း ၆၀ဝ ကျော်စိုက်ထုတ်ကုန်ကျ ခံခြင်းမှာ တံစိုးလက်ဆောင်ပေးရာရောက် ကြောင်း ရုံးတော်က သုံးသပ်သည်။

ထိုကြောင့် လုပ်ပိုင်ခွင့်အာဏာရှိ သူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဒေါက်တာလဲ့လဲ့မော်က အဂတိလိုက်စား သည်ကို ဦးသိန်းထွေးနှင့် ဦးအောင်မြတ် တို့က အားပေးကူညီသည်ဟု တရားရုံး က သုံးသပ်ထားသည်။

သက်သေထွက်ချက်များအရ ဦးသူရအုံမှာGGSကုမ္ပဏီနှင့် ဆက်နွှယ် မှုရှိသည်ဟု သုံးသပ်ပြီး ၎င်းမှာ သရက်ချောင်းမြို့ရှိ အိမ်နှင့်မြေအရောင်း အဝယ်ကိစ္စတွင်သာ ပူးပေါင်းကြံစည် သဖြင့် အားပေးကူညီမှု ကျူးလွန်ကြောင်း တရားသူကြီးက ဆိုသည်။

အဆိုပါအမှုနှင့် ဂက်စ်အကြွေး ကျန်သည့်အမှုတို့မှာ တရားခံများအကြား ဆက်စပ်မှုရှိသည့် အမှုများဖြစ်သည့် အတွက် ယင်းအမှုနှစ်ခုကို တစ်ပေါင်း တည်းကျခံစေသင့်သည်ဟု တရားရုံးက သုံးသပ်သည်။

ထိုအမှုတွင် သက်သေခံပစ္စည်း အဖြစ် သိမ်းဆည်းတင်ပြထားသည့် သရက်ချောင်းအိမ်နှင့်မြေသည် အဂတိ လိုက်စားမှုနှင့် သက်ဆိုင်သောပစ္စည်း ဖြစ်၍ (အယူခံဝင်ခွင့်ရှိသည့်ရက် ရက် ပေါင်း ၉၀ ကျော်က) ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းရန် ရုံးတော်က အမိန့်ချ ခဲ့သည်။

ယင်းနောက် ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်ကို အလုပ် နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန်၊ ဦးသူရအုံကို အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေး နှင့် ဦးအောင်မြတ်တို့ကို ဂက်စ်ဖိုးငွေ မပေးသွင်းသည့်အမှုမှ ပြစ်ဒဏ်နှင့် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချခဲ့ သည်။

အမှု လေးခု စလုံးတွင် ဒေါက်တာ လဲ့လဲ့မော်သည် အမျိုးသမီးဖြစ်ခြင်း၊ ကင်ဆာ ရောဂါအတွက် ဆေးကုသခံ နေရခြင်း၊ ခြေထောက်အရိုးကျိုးရောဂါ ခံစားခဲ့ရခြင်းတို့ကို ပြစ်ဒဏ် သတ်မှတ် ရာတွင် ထည့်သွင်းစဉ်းစားခဲ့ကြောင်း စီရင်ချက်များတွင် ဖော်ပြထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ အမှုတစ်ခုလျှင် အမြင့်ဆုံး ချမှတ်နိုင်သော ပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၅ နှစ်ဖြစ်သည်။

ကိုဇော်