၀န်ကြီးမိသားစုလုပ်ငန်းနှင့် တိုင်းဟိုတယ်အသင်းဥက္ကဋ္ဌပိုင် လုပ်ငန်းနှစ်ခု ကိုဗစ်ကုစားရေး ငွေချေးခွင့်ရ

0
1083

ကိုဗစ်ကပ်ဘေးအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားရေးအတွက် ချေးငွေထုတ်ချေးရာတွင် တိုင်းလူမှု/ စည်ပင်ဝန်ကြီး ဦးဟိုပင်၏ မိသားစုလုပ်ငန်းတစ်ခုနှင့် တိုင်းဟိုတယ်လုပ်ငန်း ရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပိုင် လုပ်ငန်းနှစ်ခုတို့ ငွေချေးခွင့်ရခဲ့သည်။


ချေးငွေကို ကိုဗစ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စတုတ္ထအသုတ်အဖြစ် စိစစ်ထုတ်ပေးခြင်းဖြစ်သည်။


တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မိသားစုပိုင် ရှင်းသန့် Distribution (ဖြန့်ဖြူးရေး)လုပ်ငန်းနှင့် တိုင်းဟိုတယ် လုပ်ငန်းရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်းပိုင် ပုလဲဧကရီဟိုတယ်နှင့် ပုလဲဧကရီစားသောက်ဆိုင်တို့က ကိုဗစ်ကုစားရေးငွေချေးခွင့်ပြုကြောင်း အထက်ပါကော်မတီက ထုတ်ပြန်သည်။


ဝန်ကြီးဦးဟိုပင်မိသားစုပိုင် ဖြန့်ဖြူးရေးလုပ်ငန်းက ငွေကျပ်သိန်းနှစ်ရာငါးဆယ် ချေးခွင့်ရရှိပြီး ဦးကျော်ဝင်းပိုင်လုပ်ငန်းနှစ်ခုက ငွေပမာဏမည်မျှချေးခွင့်ရကြောင်း မထုတ်ပြန်သေးပေ။
ဝန်ကြီးမိသားစုပိုင်လုပ်ငန်းက ဝန်ကြီး၏အရှိန်အဝါဖြင့် ကိုဗစ်ချေးငွေရရှိသည်ဟုဆိုကာ ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။


ဝန်ကြီးဦးဟိုပင်ကမူ ရှင်းသန့် Distribution လုပ်ငန်းမှာ မိသားစုပိုင်စီးပွားရေးလုပ်ငန်းသာဖြစ်ပြီး ၎င်းကိုယ်တိုင် လုပ်ကိုင်ခြင်း၊ စွက်ဖက်ခြင်းမရှိဟု ဆိုသည်။


ထို့အပြင် ချေးငွေရရှိရေးနှင့်ပတ်သက်၍ ၎င်းအနေဖြင့် ထောက်ခံပေးခြင်း၊ လက်မှတ်ထိုးပေးခြင်း တစ်စုံတစ်ရာမရှိကြောင်း ဦးဟိုပင်က ပြောသည်။


“ထောက်ခံပြီးတော့ အသိအမှတ်ပြုတာမျိုး၊ လက်မှတ်ထိုးတာတွေမျိုး ဘာမှမရှိဘူး” ဟု ၎င်းက ဆိုသည်။


တိုင်းဒေသကြီးဝန်ကြီးတစ်ဦးသည် လစာသိန်းနှစ်ဆယ်ရရှိပြီး အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေးအစောင့်အရှောက်၊ ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊ ရေအခမဲ့သုံးစွဲခွင့်၊ လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်းဖုန်းခေါ်ဆိုမှု အခမဲ့၊ ကိုယ်ရေးအရာရှိတစ်ဦး၊ အိမ်အကူတစ်ဦး၊ ဥယျာဉ်လုပ်သားတစ်ဦး၊ ကားနှစ်စီး၊ ယာဉ်မောင်းနှစ်ဦး၊ ကားနှစ်စီးအတွက် တစ်စီးလျှင်စက်သုံးဆီ ဂါလံ ၆၀ နှုန်း၊ ကားနှစ်စီးအတွက် အမှန်ကုန်ကျ သည့် စက်ဆီနှင့် ချောဆီတို့ကို ခံစားခွင့်ရှိသည်။


ထို့အတူ တိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း၏ လုပ်ငန်းနှစ်ခု ချေးငွေရရှိမှုအပေါ် တွင်လည်း စီးပွားရေးသမား၏ ကျင့်ဝတ်နှင့်မညီဟုဆိုကာ ပြောဆိုဝေဖန်ကြသည်။


ယင်းကဲ့သို့ အမည်တစ်ခုတည်းကို လုပ်ငန်းနှစ်ခုခွဲပြီးလျှောက်ထားခြင်းကို စီးပွားရေးကျင့်ဝတ်အရ မလုပ်သင့်ဟုမြင်ကြောင်း ထားဝယ်ခရိုင်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ဆိုသည်။


“အဲလိုသာ ပိုင်းလျှောက်ရမယ်ဆိုရင် စီးပွားရေးကျင့်ဝတ်အရ မလုပ်သင့်ဘူးလို့ထင်တယ်” ဟု ယင်းအမျိုးသားက ပြောသည်။


တိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်းကမူ ချေးငွေချေးခွင့်ရရှိခြင်းမှာ ဥက္ကဋ္ဌဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ သတ်မှတ်ထားသည့် စာရွက်စာတမ်းပြည့်စုံသူအားလုံးကို ချေးခွင့်ပြုခြင်းသာဖြစ်သည်ဟု တုံ့ပြန်သည်။


“ဥက္ကဋ္ဌ အတွင်းရေးမှူးနဲ့ မဆိုင်ဘူး ခင်ဗျား။ လုပ်ငန်းရှင်နဲ့ဆိုင်တယ်။ လုပ်ငန်းရှင်တွေ အားလုံးက သူတို့ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်အတိုင်း ပြည့်စုံအောင်တင်ပေးသူ အားလုံးချပေးတယ်။ (ငွေ) အနည်းနဲ့ အများပဲရှိတယ်ခင်ဗျား” ဟု ဦးကျော်ဝင်းက ပြောသည်။


ချေးငွေလျှောက်လွှားများကို တိုင်းကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ၊ စက်မှုကြီးကြပ်၊ ဟိုတယ်ခရီး၊ DICA ဌာနတို့က အားလုံးစိစစ်ပြီး တိုင်းကုန်သည်စက်မှုအသင်းက UMFCCI ကို ပို့ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ထံမှ သိရသည်။


ထိုသို့စိစစ်ရာတွင် အချက်အလက် ပြည့်စုံမှုရှိ/ မရှိကိုသာ စိစစ်ခြင်းဖြစ်ပြီး မည့်သည့်လုပ်ငန်းကို ချေးငွေပေးသင့်သည်ဟု မှတ်ချက်ပေးရခြင်းမရှိကြောင်း DICA တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာထွန်းထွန်းက ပြောသည်။


တိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းအနေနှင့်လည်း သက်ဆိုင်ရာဌာနစုံစစ်ဆေးပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ် (UMFCCI) ထံပေးပို့ကြောင်း တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ရှင်းပြသည်။


ထိုသို့အချက်အလက်ကို စိစစ်သော်လည်း ချေးငွေရသင့်/ မသင့်ကို ထောက်ခံချက်ပေးရခြင်း၊ မှတ်ချက်ပေးရခြင်းမရှိကြောင်း ၎င်းက ပြောသည်။


“ဒီဘက်ကနေပြီး မှတ်ချက်ပေးရတာတို့ ဘာလုပ်ပေးတာတို့ ဘာမှမရှိဘူး၊ သဘောထားမှတ်ချက်ပေးရတာနဲ့ ပတ်သက်ပြီး ဘာမှမရှိဘူး” ဟု ဦးကျော်ကျော်ဦးက ဆိုသည်။


ကိုဗစ်ချေးငွေချေးခွင့်အတွက် တိုင်းကုန်သည်/စက်မှုအသင်းက လုပ်ငန်း ၇၄ ခု၏ လျှောက်လွှာများကို ပို့ပေးခဲ့ပြီး လုပ်ငန်း ၉ ခုက ချေးခွင့်ရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။


ကိုဗစ်ချေးငွေလျှောက်ရာတွင် အထက်ပါအတိုင်း လျှောက်သူများရှိသကဲ့သို့ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဗဟိုနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းထံ တိုက်ရိုက်လျှောက်ခြင်း၊ အွန်လိုင်းမှတစ်ဆင့်လျှောက်ခြင်းစသည့် နည်းမျိုးစုံဖြင့် လျှောက်ထားကြသည်။


တိုင်းလူမှု/စည်ပင်ဝန်ကြီး မိသားစုပိုင်စီးပွားရေးလုပ်ငန်း၏ ချေးငွေလျှောက်ခွင့်ကို တိုင်းကုန်သည်/စက်မှု အသင်းမှတစ်ဆင့် လျှောက်ထားခြင်းဖြစ်ပြီး ဟိုတယ်အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း ကမူ ဟိုတယ်ချေးငွေကို ဟိုတယ်လုပ်ငန်းရှင်များအသင်း(ဗဟို)နှင့် စားသောက် ဆိုင်ချေးငွေအတွက် စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းထံမှတစ်ဆင့် လျှောက်ထားကြောင်း သိရသည်။


တနင်္သာရီတိုင်းအတွင်းမှ လုပ်ငန်းရှင် မည်မျှချေးငွေလျှောက်ထားသည်ကို အသေးစိတ်မသိရသော်လည်း ငွေချေးခွင့်ရသည့် လုပ်ငန်းရှင် ၂၂ ဦးရှိကြောင်း တိုင်းကုန်သည်/စက်မှုအသင်းထံမှ သိရသည်။


ချေးငွေလျှောက်ထားရာတွင် ထားဝယ်ခရိုင်မှ ၅၁ ဦး၊ မြိတ်ခရိုင်မှ၂၃ ဦး ရှိပြီး ခရီးသွားလုပ်ငန်း၊ ဈေးရောင်းသည့် လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှု လက်မှုလုပ်ငန်းစသည့် နယ်ပယ်စုံမှ လုပ်ငန်းရှင်များက ငွေချေးရန်လျှောက်ထားကြောင်း တိုင်းကုန်သည်/စက်မှု အသင်းထံမှ သိရသည်။


ကိုဗစ်ရောဂါဂယက်နှင့်ပတ်သက်၍ ထိခိုက်နိုင်သည့် ငွေထုတ်ချေးပေးရေးကိစ္စကို ကိုဗစ်ကြောင့် ထိခိုက်မှု၊ သက်ရောက်မှုရှိသော နိုင်ငံတဝန်းမှ စက်မှုလက်မှုလုပ်ငန်းများအတွက် အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ချေးငွေကာလ တစ်နှစ်သတ်မှတ်ကာ ကိုဗစ်နိုင်တင်း ရန်ပုံငွေ (COVID-19 Fund) မှ ငွေထုတ်ချေးရန် အစိုးရနှင့်ကုန်သည်စက်မှုအသင်းတို့ ပူးပေါင်းလုပ် ဆောင်နေခြင်း ဖြစ်သည်။