သဘော့ဆိပ်ရွာ၊ အလယ်ကုန်းတွင် ရေမြောင်းအဟောင်းပိတ်၍ အသစ်ဖောက်ခြင်းကြောင့် ရေလျှံမှုပိုဖြစ်လာဟုဆို

0
427

လောင်းလုံးမြို့နယ် သဘော့ဆိပ် ကျေးရွာအုပ်စုရှိ ဒေသအခေါ် သပြေကုန်း (အလယ်ကုန်း) တွင် ယခင်ရေမြောင်း အဟောင်းကို ပိတ်ပြီး ရေမြောင်းအသစ် ဖော်လိုက်သဖြင့် ယခင်ကထက် ရေကြီး၊ ရေလျှံမူ ပိုဖြစ်လာနေကြောင်း ယင်း နေရာရှိ ရွာသားအချို့က ပြောသည်။

ယင်းအလယ်ကုန်းနေရာသည် သဘော့ဆိပ် ကားလမ်းမနှင့် ပင်လယ်ဝ အကြား၊ မြေနိမ့်ပိုင်းတွင် ရှိနေပြီး အိမ်ခြေ ခုနစ်ဆယ်ခန့်ရှိကြောင်း ယင်းရွာသား အချို့ထံမှ သိရသည်။

ယခင်ရေမြောင်းအဟောင်းမှာ ကားလမ်းမမှတစ်ဆင့် အလယ်ကုန်းရွာ ထိပ်အရောက်တွင် တောင်ဘက်သို့ ကွေ့သွားပြီး ချောင်းတစ်ခုထဲသို့ စီးဝင် ကြောင်း ယင်းရွာသားအချို့က ပြော သည်။

မေလ ၂၄ ရက်တွင်မူ တောင်ဘက် သို့ကွေ့သွားသော ရေမြောင်းအဟောင်း နေရာတွင် မြေပိုင်ရှင်တစ်ဦးက မြေဖို့ လိုက်ရာ ရေစီးဆင်းစရာနေရာ မရှိတော့ပေ။

ယင်းအတွက်ကြောင့် အုပ်ချုပ်ရေးမှူး က ရေမြောင်းအသစ်ဖောက်လုပ်ပေးခဲ့သည်။
ရေမြောင်းအသစ်မှာ ရွာထဲကိုဖြတ် ကာ ပင်လယ်ဝမရောက်မီ ချောင်းတစ်ခု ထဲသို့ အဖြောင့်အတိုင်း ဖောက်လုပ်ထား ခြင်း ဖြစ်သည်။

မိုးရွာပါက အမြင့်ပိုင်းရှိ သဘော့ဆိပ် ဘက်မှ မိုးရေသည် ရေမြောင်းသစ်အတိုင်း အလယ်ကုန်းရွာထဲရောက်လာသည့် အပြင် ဒီရေတက်ပါကလည်း ပင်လယ်ဝ မှ ဒီရေသည် ရေမြောင်းသစ်အတိုင်း ရွာထဲသို့ဝင်ရောက်လာကြောင်း ယင်း ရွာသားအချို့က ပြောသည်။

ထို့ကြောင့် ယခင်ထက် ရေကြီး၊ ရေလျှံမူ ပိုဖြစ်နေခြင်းဖြစ်ကြောင်း ၎င်း တို့က ပြောသည်။
ယခင်ကမူ ပင်လယ်ကလာသည့် ဒီရေတစ်ခုသာ ရွာထဲရောက်ခြင်း ဖြစ် သည်။

“ဒီမှာနေလာတာ နှစ်ပေါင်း နှစ်ဆယ် သုံးဆယ်ရှိနေပြီ။ ဒီလိုမျိုးရေကြီးတာ တော့ တစ်ခါမှ မကြုံဖူးသေးဘူး။ ရေကြီး လာပြီဆိုရင် လူတစ်ရပ်တောင် မြုပ်တယ်” ဟု ရေမြောင်းအဆုံးပိုင်း တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းအမျိုးသမီးအိမ်နေရာသည် ရေမြောင်းအဆုံး၊ ပင်လယ်ဝနှင့် အနီးဆုံး နေရာဖြစ်သော ကြောင့် ရေပိုကြီးခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

မိုးအကြီးအကျယ် မရွာမီကပင် ယင်းကဲ့သို့ ရေကြီးနေသည့်အတွက် မိုး အကြီးအကျယ်ရွာသည့်အချိန်တွင် ရေပို ကြီးလာမည်ကိုလည်း စိုးရိမ်လျက်ရှိ ကြောင်း ရွာသားအချို့ ပြောသည်။

ယင်းသို့ ရေမြောင်းအသစ်ဖောက် ခြင်းကိုလည်း အုပ်ချုပ်ရေးမှူးက ရွာသား များအား အသိပေးခြင်းမရှိဟု ရွာသား အချို့က ဆိုသည်။

လက်ရှိတွင်တော့ ငွေကြေးတတ်နိုင် သော ရွာသားအချို့က အိမ်ခြံထဲ ရေမဝင် စေရန် အုတ်ကာရံခြင်း၊ ကျောက်စီနံရံ ပြုလုပ်ခြင်းတို့ ဆောင်ရွက်နေကြပြီး ငွေကျပ် ငါးသောင်းမှ ငါးသိန်းအကြားထိ ငွေကုန်ခံကာ ဆောင်ရွက်နေကြကြောင်း ရွာသားအချို့က ပြောသည်။

“အခုချိန်က လှေလည်းထွက်လို့ မရတဲ့အချိန်၊ ရောဂါဖြစ်နေတဲ့အချိန်၊ အစိုးရကကို ပေးနေ၊ ကမ်းနေရတဲ့ အချိန်မှာ ကျွန်မတို့ကတော့ ပိုက်ဆံ အကုန်ခံပြီး လုပ်နေကြရတယ်”ဟု ဒေါ်စန်းညွှန့်က ပြောသည်။

သဘော့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးအား ယင်းကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရာတွင်မူ တစ်စုံတစ်ရာ တုံ့ပြန် ပြောဆိုရန် ငြင်းဆိုခဲ့သည်။

သဘော့ဆိပ်ရွာ ဘုန်းကြီးကျောင်း အလွန် လမ်းသွယ်အတိုင်းသွားပါက အလယ်ကုန်းရွာသို့ရောက်ပြီး ယင်းမှ တဆင့် ဆက်သွားပါက ပင်လယ်ကမ်း စပ်ရှိ သဘော့ဆိပ်ငါးဈေးသို့ ရောက် သည်။

ကျော်သူစိုး