လမ်းများ ခရီးများအကြောင်း

0
196
ကိုဗစ် ဒုတိယ လှိုင်း သတိရှိပါ

အခန်း ၅

၂၀ဝ၈ ဇွန်လမှာ နယ်သာလန် နိုင်ငံသူ ဂျိုစတန် (Astrid Joosten) ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ယူဂန္ဓာနိုင်ငံကို အလည်သွားပါတယ်။ ဒါဟာ သူတို့ရဲ့ ပထမဆုံးအာဖရိကခရီးမဟုတ်ပါဘူး။ သူတို့ဟာ နှစ်တိုင်း ဥရောပကနေ ခရီးထွက် လေ့ရှိပါတယ်။ မိုဇမ်ဘစ်၊ ဇမ်ဘီယာ၊ မာလီတို့ကို သွားခဲ့ကြပြီးပြီမို့ ယူဂန္ဓာကို သွားတာပါ။

ပုံမှန်ခရီးစဉ်ကတော့တောင်ပေါ် ဂေါ်ရီလာတွေ ကြည့်ဖို့ပါ။ ခရီးစဉ် အတွင်း တစ်နေ့မှာတော့ မာရမ်မာဂမ်ဘို တောထဲက နေရာတစ်ခုကို လေ့လာဖို့ လမ်းပြက ဖိတ်ခေါ်ပါတယ်။ ဒေသခံ တွေက စပါးကြီးမြွေဂူလို့ သိကြတဲ့နေရာ ပါ။ အဲဒီနေရာကို ခရီးသွားအများစု ကတော့ သွားလေ့မရှိပါဘူး။ ဂျိုစတန်တို့ ကတော့ ရောက်တုန်းသွားတာပေါ့ဆိုပြီး သွားပါတယ်။

အလင်းရောင်နည်းတဲ့ ဂူထဲကို အလွယ်တကူဆင်းလို့မရပါဘူး။ အနံ့ အသက်ကလည်း ဆိုးပါတယ်။ ဂူခေါင်မိုး မှာ လူတွေရောက်လာလို့ အသံမျိုးစုံ ပေးပြီး မတည်မငြိမ် ဖြစ်နေတာက ထောင်ချီတဲ့သစ်သီးစား အီဂျစ်လင်းနို့ တွေပါ။ သူတို့ စွန့်ပစ်ပစ္စည်းတွေကြောင့် ကြမ်းပြင်ကလည်း ညစ်ပတ်နေပါတယ်။ ဂျိုစတန်ရဲ့ ခင်ပွန်းဖြစ်သူအမှတ်ရတာ က လင်းနို့ချေးတွေရှိနေတဲ့ ကျောက်တုံး တစ်တုံးကို သူ့ဇနီးလက်နဲ့ ထောက်လိုက် တာကိုပါပဲ။ ညစ်ပေနေတဲ့လက်နဲ့ မျက်နှာကို ထိမိတာ၊ ပါးစပ်ထဲ သကြား လုံးထည့်လိုက်တာရှိပါလိမ့်မယ်။

ဒါနဲ့ပဲ ဗိုင်းရပ်စ်ဟာ ဂျိုစတန်ဆီကို ရောက်သွား ပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ မားဘတ် ဗိုင်းရပ်စ် (Marburg) ဆိုတာကို မကြား ဖူးပါဘူး။

ဂူထဲကို ရောက်ပြီး ၁၃ ရက် အကြာ နယ်သာလန်နေအိမ်မှာ ဂျိုစတန် ဖျားပါတယ်။ အစကတော့ ပုံမှန်အဖျား ပါပဲ။ တဖြည်းဖြည်းနဲ့ ဆိုးလာပါတယ်။ ဆရာဝန်ဆီရောက်တဲ့အခါ အာဖရိက ခရီးစဉ်ကို ကြားရတဲ့ဆရာဝန်က မားဘတ် ဗိုင်းရပ်စ်ဖြစ်မလားတွေးပါတယ်။ သူက အီဘိုလာနဲ့ နီးစပ်တဲ့အမျိုး အစားထဲက ပါ။ ၁၉၆၇ မှာ စတွေ့ပါတယ်။ အနောက် ဂျာမနီမားဘတ်ဒေသက ဆေးသုတေသန ဌာနအတွက် ပို့လိုက်တဲ့ အာဖရိကန်မျောက် တွေကနေ ဓာတ်ခွဲခန်းအလုပ်သမား ငါးယောက် သေပါတယ်။ အာဖရိကမှာ ဆက်ရှိနေပြီး အသေအပျောက်နှုန်းက ၉၀ ရာခိုင်နှုန်းပါ။

ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ နဲ့ ဂျိုစတန်သေဆုံးခဲ့ပါ တယ်။ ဒီခေတ် သစ်ကမ္ဘာရဲ့ နေထိုင်မှုပုံစံတစ်ခုက အရှေ့အနောက်တောင်မြောက် ဝဲယာခရီး သွားကြတာပါ။

တောရိုင်းဌာနတွေပါ မကျန်ပါဘူး။ နေရာတော်တော်များများ ဟာ ခရီးသွားဈေးကွက်ထဲ ဆွဲထည့်ပြီး ရောင်းကုန်အလုပ်ခံကြရပါတယ်။

ကျုပ်တို့ဟာ ကွန်ဂိုတော ကြီးထဲကို လမ်းဖောက်ကြတယ်။ အမေဇုန်ကို ဖြတ် ဝင်ကြတယ်။ ဘော်နီယို၊ မဒါဂတ်စကာ မကျန်ကြပါဘူး။ ခရီးသွားတွေဟာ ရောက်တဲ့နေရာမှာ အသစ်အဆန်းတွေ စားကြတယ်။ ခရီးသွားလုပ်ငန်းရဲ့ ထမင်းပွဲ တွေအတွက် တောထဲဝင် သားကောင်ရှာ ကြရတယ်။

ဒီနေ့ကမ္ဘာရဲ့ ခရီးသွားလုပ်ငန်း ဟာ ခေတ်သစ်ကမ္ဘာရဲ့လူမှုစီးပွားရေး ဖွဲ့စည်းပုံနဲ့လည်း ဆိုင်တယ်လို့ ဒေးဗစ် ဟာဗေး (David Harvey)က ဝေဖန်ပြ ပါတယ်။

အရင်းရှင်စီးပွားရေးဖွဲ့စည်းပုံ ရဲ့ ဖိအားများတဲ့ လူမှုဘဝကနေ ခဏ ဖြစ်ဖြစ် အနားရချင်ကြ တယ်။ အလျော် အစားယူသကဲ့သို့ ဝယ်ယူစားသုံးခြင်း (Compensatory Consumerism) လို့ သူက သုံးပါတယ်။

နိုင်ငံတကာခရီးသွားဟာ သန်း ၈၀ဝ လောက်ကနေ ၁ ဒသမ ၄ ဘီလီယံ အထိ ၂၀၁၀- ၂၀၁၈ အတွင်းမှာ များလာ ခဲ့တယ်။ ဒီနေ့ခေတ် ကုန်ထုတ်လုပ်မှု ပုံစံဟာ ဝယ်ယူသုံးစွဲသူမြန် မြန်ပြန်လာ ဝယ်ရေး (Shortest possible turnover time)ကို ဦး တည်တယ်။ အထူးသဖြင့် ၂၀ဝ၇ -၂၀ဝ၈ အလွန်မှာ စီးပွားရေး အင်အားစုတွေရဲ့ ငွေလုံးငွေရင်းဟာ ကုန်စည်သစ်၊ ဒီဇိုင်းသစ်၊ နေရာသစ်တွေ ကို တောက်လျှောက်ဖန်တီးတယ်။ အလုပ် အကိုင်ဖန်တီးပေးတယ်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ စီးပွားရေးလုပ်ငန်းကြီးတွေ ဟာ သူတို့ရဲ့ငွေလုံးငွေရင်း (Accumulation) မြှုပ်နှံစရာ နေရာသစ်တွေ တောက်လျှောက် ဖန်တီးတယ်။ များများဝယ်၊ မြန် မြန်သုံး၊ မြန်မြန်ထပ်ဝယ်ဆိုတဲ့ ဝယ်ယူသုံးစွဲမှု ဓလေ့ကြီးကို အင်နဲ့အားနဲ့ တည်ဆောက် ကြတယ်လို့ ဟာဗေးက ဆိုပါတယ်။

ခရီးသွားလုပ်ငန်း၊ ဝယ်ယူ စားသုံးမှု၊ ကော်ပိုရေးရှင်းတွေရဲ့ ပိုလျှံဓနဥစ္စာများ၊ ဈေးကွက်၊ သဘာဝ၀န်းကျင်ပျက်စီးမှု၊ ကပ် ရောဂါစတာတွေကို အခုအချိန် မှာတော့ ဆက်စပ်မိကြပါပြီ။
တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်က စခဲ့တဲ့ ဆားစ်ဟာ မြန်မြန်တန့် သွားလို့သာ သက်ပြင်းချနိုင်ခဲ့တဲ့ ကြောက် စရာရောဂါပါ။ ၂၀ဝ၂-၂၀ဝ၄ မှာ နိုင်ငံ၊ ဒေသ ၂၉ ခုက လူ ၈ယဝ၀ဝ ကျော်ကို ကူးစက်ခဲ့ပြီး ၇၇၄ ယောက် သေဆုံးခဲ့ပါ တယ်။

ဆားစ်ကူးစက်မှုလမ်း ကြောင်းမှာ အကြီးစားကူးစက် ပြန့်ပွားမှုဖြစ်စေသူ တစ်ဦး (Super Spreader) လို့ သတ်မှတ် ခံရသူက ဂွမ်ဒေါင်းဆေးရုံကို ရောက်လာ တဲ့ ပင်လယ်စာကုန်သည် ကျိုးကျောက် ဖုန်း (Zhou Zuo Feng) ပါ။ သူဘယ်လို ကူးစက်ခံခဲ့ရလဲ အတိအကျမသိရပေမယ့် သားငါးဈေးက ဖြစ်ဖို့များပါတယ်။ ဆေးရုံမှာ နှစ်ရက်ပဲနေ သွားပေမယ့် သူ့ဆီကနေ ဆေးရုံဝန်ထမ်းအနည်းဆုံး ၃၀ ကို ကူး စက်ခဲ့ပါတယ်။ အခြေအနေ မကောင်းလို့ နောက်ဆေးရုံကို ပြောင်းတော့ လူနာတင်ကားပေါ်မှာ အော့အန်ရုန်းကန် တာ၊ ပိုက်ထည့်ဖို့ ကြိုးစားရတာတွေ ကြောင့် နောက်ထပ်ဆရာဝန်နှစ်ယောက်၊ သူနာပြု ၂၃ ယောက်နဲ့ တခြားလူနာနဲ့ သူတို့ရဲ့ ဆွေမျိုး ၁၈ ယောက်လောက် ဆက်ကူးစက်ခံရပါတယ်။

သူ့ဆွေမျိုး ၁၉ ယောက်လည်း ဖျားနာကြပါတယ်။ သူ့ကို ဆရာဝန်တွေ က အဆိပ်ဘုရင်လို့ နောက်ပိုင်းမှာ ခေါ်ကြပါတယ်။ သူက မသေပါဘူး။ သူ့ဆီကနေ ကူးစက်ခံခဲ့ရသူအများစု ကတော့ ကံမကောင်းခဲ့ကြပါဘူး။ သူ့ဆီ ကနေ ကူးစက်ခံခဲ့ရသူတစ် ယောက်က ပထမဆုံးဆေးရုံက ပါမောက္ခဆရာဝန် ကြီး လျိုကျန်လွမ် (Liu Jianlun)ပါ။ အဆိပ် ဘုရင်ဖြစ်လာမယ့် လူနာနဲ့တွေ့ ပြီး နှစ်ပတ်အကြာမှာ တူဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် ဇနီးနဲ့အတူ ဟောင်ကောင်ကို သွားပါတယ်။ နှာစေး သလိုရှိပေမယ့် နေကောင်းနေတာကြောင့် ခရီးထွက်ခဲ့ကြတာပါ။

ဟောင်ကောင်က မက်ထရိုပိုး ဟိုတယ် (Metropole) အခန်း (၉၁၁)မှာ သူတို့တည်းပါတယ်။ ရောက်တဲ့ညမှာ ပဲ တောက် လျှောက်နှာစေး၊ ချောင်းဆိုး၊ အော့အန်ပြီး အပြင်းဖျားပါတယ်။ သိပ် မဝေးတဲ့ အခန်း (၉၀၄) မှာ မိသားစုဆီ လာလည်တဲ့ ကနေဒါက (၇၈)နှစ်အရွယ် အဘွားတစ် ယောက်ရှိပါတယ်။ ဟောင် ကောင်ကို စင်ကာပူကနေ ဈေးလာဝယ်တဲ့ အမျိုးသမီးငယ်တစ်ယောက်က အခန်း (၉၃၈) မှာနေ ပါတယ်။ ပါမောက္ခလျိုဆီ ကနေ ဟိုတယ်ဧည့်သည်ဝန်ထမ်း ၁၆ ယောက်လောက်ကို ပြန့်ခဲ့ပါတယ်။ အဘွားအိုနဲ့ မိန်းကလေးငယ်နှစ်ယောက် ဆီကနေ တိုရန်တို (ကနေဒါ) နဲ့ ဟောင်ကောင်ကို ဆားစ်ဗိုင်းရပ်စ်ရောက် သွားပါတယ်။

သဘာဝလောကကို လှုပ်ခါချလိုက် လို့ လူဆီကို ကျလာတဲ့ ဗိုင်းရပ်စ်ပိုးမွှား တွေဟာ ယနေ့ခေတ်မှာ ကမ္ဘာပတ်ဖို့ လွယ်ကူလှပါတယ်။

ကူးစက်ပျံ့နှံ့မှုနှုန်းကို Ro နဲ့ တွက်ပါတယ်။ ပုံထဲကအတိုင်း ပျမ်းမျှလူတစ်ယောက်ကနေအခြားလူ တစ်ယောက်ပဲ ကူးတဲ့နှုန်း ဆိုရင် (Ro=1) ပျံ့နှံ့မှုက ငြိမ်နေ ပါလိမ့်မယ်။ ပျမ်းမျှ ပျံ့နှံ့မှုက တစ်ယောက်ထက်ပိုပြီး (ပုံထဲက ဥပမာမှာလို သုံးယောက်Ro=3ယောက်) ဆိုရင် ဆပွားကူးစက် တော့မယ့်အခြေ အနေပါ။ အဲဒီထဲမှာမှ ဆားစ်ဗိုင်းရပ်စ် ဇာတ်လမ်းမှာလို ပျမ်းမျှထက်ပိုတဲ့ အကြီး စားပြန့်ပွားစေသူတွေများနေရင် ခက်ကြ တော့တာပါပဲ။

ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် အောက်မှာ လမ်းတွေပေါက်၊ ခရီးတွေ တွင်ကြပါတယ်။ ကမ္ဘာ့ မြို့ပြတိုင်းလိုလို ဟာ လေကြောင်းကွန်ရက်အချိတ်အဆက် ထဲမှာရှိပါတယ်။ လမ်းပေါက်ခြင်းရဲ့ ဆိုးကျိုးဘက်ခြမ်းကို ဒီကပ် ရောဂါဘေး မှာ မြင်နေကြရပါပြီ။ ကပ်ရောဂါဟာ လမ်းကြောင်းတွေကနေတစ်ဆင့် ကမ္ဘာ တစ်ခုလုံးကို အချိန်တိုအတွင်းရောက်ပါ တယ်။

ကပ်ရောဂါရဲ့ဝန်ထုပ်ဝန်ပိုးက အဲဒီလေယာဉ်တွေ၊ လမ်းကြောင်းတွေနဲ့ တစ်ခါမှ မထိတွေ့ခဲ့ဖူးသူ၊ အဲဒီလမ်းတွေ က သယ်ဆောင်လာတဲ့ အကျိုးစီးပွားကို တစ်ခါမှ မခံစားခဲ့ရသူတွေအပေါ် ပြင်းပြင်း ထန်ထန်ကျရောက်တာ တွေ့နေပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်း ခေါင်းစဉ် အောက်မှာ လမ်းဖောက်ဖို့ အားသန်နေသူ ကျုပ်တို့ အနေနဲ့ဘယ်သူက ဘာရမှာလဲ ဆိုတဲ့ အကျိုးစီးပွားသင်္ချာကို ကျင့်ဝတ် သီလနဲ့ပါ ထင်ဟပ်ဖို့ လိုပါလိမ့်မယ်။ ကွယ်လွန်ကမ္ဘာအတွက် စဉ်းစားကြဖို့ပါ။

ဒေါက်တာမြင့်ဇော်

ဒေါက်တာမြင့်ဇော်ရေးသားသည့် “ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှလေ့လာခြင်း” စာအုပ်ကို အသံဖြင့်လည်း နားထောင်နိုင်ပါသည်။

အခန်း (၁) ကျုပ်တို့ ဖန်တီးတဲ့ ကပ်ရောဂေါ

အခန်း (၂) ကြိုမြင်ခဲ့တဲ့ ကပ်ဘေး

အခန်း (၃) ထွက်နှုန်းမြင့်မွေးမြူရေး (သို့) ရောဂါပိုးစက်ရုံများ

အခန်း (၄) စနစ်ကို ဆန်းစစ်ကြရအောင်

အခန်း (၅) လမ်းများ ခရီးများအကြောင်း