ပွင့်လင်းမြင်သာစွာ စနစ်တကျ သင်ယူမလား၊ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ပဲ ခရီးဆက်ကြမလား

0
506

ခုတလော COVID 19 ရောဂါသတင်း တွေနဲ့အပြိုင် ပွဲဆူနေတာကတော့ Sex Education ကို ကျောင်းသင်ခန်းစာထဲ ထည့်သွင်းတဲ့ကိစ္စ အငြင်းပွားကြတာပါပဲ။

“အရွယ်မရောက်သေးတဲ့ ကလေး တွေအတွက် နည်းပေးလမ်းပြဖြစ်မှာ စိုးရိမ်တယ်”လို့ ပြောသူတွေနဲ့ “သိသင့် သိထိုက်တယ်” “စနစ်တကျ ပညာရှင်တွေ နဲ့ ဆွေးနွေးညှိနှိုင်းပြီး သင်ကြားပေးသင့်တယ်”လို့ ပြောသူတွေ ထုံးစံအတိုင်း ဖေ့စ်ဘုတ်တစ်ခွင် ကျွတ်ကျွတ်ညံကြတာ ပေါ့။ ပညာရေးဌာနကတော့ Sex Education လို့ သုံးရင် အများအားဖြင့် အဓိပ္ပာယ် လွဲမှားနိုင်လို့ Reproductive Health Education လို့သာ အသုံးပြုပြီး ခုမှအသစ်ပေါ်တာ မဟုတ်၊ အရင်ကတည်း က သင်ခဲ့တာလို့ တုံ့ပြန်ပါတယ်။

ကိုယ် မြီးကောင်ပေါက် အရွယ်တုန်း က ကိုယ့်ထက် အတန်းကြီးသူ ကျောင်းက အစ်မတွေ တိုးတိုးတိတ်တိတ် ပြောနေကြ တာ ဘာများပါလိမ့်လို့ သွားစပ်စုတာ “နင်မသိသင့်တဲ့ ကိစ္စ” ဆိုပြီး နှင်လွှတ်ခံရ တာ မှတ်မိသေးတယ်။

ကျားကျားမမ အရွယ်ရောက်လာရင် ဟိုဒီ တီးတိုးသဖန်းပိုး နားထောင်ရင်း သင်မပေးဘဲ တတ်လာကြတာပဲ မဟုတ် လား။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခိုးရာလိုက် ပြေးကြတဲ့ ဖြစ်စဉ် တချို့ဟာ တားမြစ် ပိတ်ပင်မှု၊ ပွင့်လင်းစွာ ဖွင့်ဟပြောခွင့် မသာမှုကြောင့် ရာခိုင်နှုန်း အတော်များ တယ် ထင်တာပါပဲ။

ကိုယ့်သားလေး အရွယ်ရောက်တော့ မယ်ဆိုတာနဲ့ အမေတစ်ယောက်အနေနဲ့ လူပျိုသဘာဝကို ပြောပြဖို့ ဆွေးနွေးဖို့ စာအုပ်တွေ ဖတ်ရတယ်။ လက်လှမ်းမီ သမျှ တီးခေါက်ကြည့်ရတယ်။ ယောကျာ်း လူပျိုပေါက်တစ်ယောက်ရဲ့ စိတ်ခံစားမှု ကို အမေတစ်ယောက်အနေနဲ့ သေချာ မသိနိုင်ဘူး မဟုတ်လား။

အခုတော့ မနက်ခင်း ကြုံရတဲ့ကိစ္စ စိတ်ညစ်စရာကြီးလို့ ပြောတဲ့သားကို ဂီတ စာပေ ဂိမ်းနဲ့အာရုံပြောင်းဖို့၊ အရာရာဟာ မတည်မြဲဘူး၊ ဖြစ်တာရှိရင် ပျက်တာလည်း ရှိမှာ သဘာဝလို့ နှစ်သိမ့်ပေးနိုင်လာပြီ။ သဘောကျတဲ့ မိန်းကလေး ရှိလာပြီလို့ ဖွင့်ဟပြောလာတဲ့ သားတော်မောင်ကို စာနာစိတ်ရှိဖို့ အရွယ်မတိုင်မီ မှားယွင်းကြ ခြင်းဟာ နှစ်ဦးနှစ်ဘက် နစ်နာကြစမြဲမို့ အစစအရာဆင်ခြင်ဖို့ ပြောပြရတယ်။

အကာအကွယ်ယူတယ်ဆိုတာ ကျန်းမာရေးအတွက်ကော မလိုလားအပ် တဲ့ ပြဿနာကို ကာကွယ်ဖို့ပါ အရေးကြီးကြောင်း ဆွေးနွေးရတယ်။ ပြဿနာ တစ်စုံတစ်ရာများ ဖြစ်လာခဲ့ရင် အမေ့ကို ပွင့်ပွင့်လင်းလင်း ပြောပြပေးဖို့တောင်းဆို ရတယ်။ ပညာရှင်တွေ ရေးထားတာ ဖတ်သင့်တာတွေတွေ့ရင် ဖေ့စ်ဘုတ် မက်ဆေ့ချ်ဂျာကနေ ပို့ပေးတယ်။

သမီးမိန်းကလေးနဲ့ကျတော့ ပြောရ တာ ပိုအဆင်ချောပါတယ်။ သမီးအလယ် တန်းအရွယ်ရောက်တာနဲ့ အပျိုဖော်ဝင် လာရင် ကြုံလာရမယ့် သိသင့်သိထိုက်တဲ့ အချက်၊ ခန္ဓာကိုယ်ပြောင်းလဲမှု၊ စိတ် ခံစားမှု တကိုယ်ရည်သန့်ရှင်းရေး၊ ရှောင်ရ ဆောင်ရမယ့်အချက်တွေကို ဖြည်းဖြည်း ချင်း ပြောဖြစ်တယ်။ အသိပေးတယ်။

လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို သရော်မော်ကား မလုပ်မိစေဖို့၊ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်ခြင်း မခံရဖို့ (ဒါကို တော့ သားကိုလည်း ထည့်ပြောပါတယ်)၊ Gender အရ ခွဲခြားဆက်ဆံ ခံရတာမျိုး တွေ ကြုံလာနိုင်တာ လူတစ်ယောက်ရဲ့ တန်ဖိုး အရည်အချင်းဆိုတာ ကျား/မ ဖြစ်တည်မှုအပေါ် မှီတည်တာ မဟုတ်ဘူး ဆိုတာတွေ ညအိပ်ယာဝင် ပုံပြင် (ခုထိ လည်း ပုံနားထောင်တုန်းမို့) ပြောရင်း နည်းနည်းချင်း ထည့်ပြောပေးပါတယ်။

တားမြစ်လို့ ပိတ်ပင်လို့ မရတဲ့ သဘာဝတရားကို စနစ်တကျနဲ့ ရှင်းရှင်း လင်းလင်း သိထားသင့်တယ်လို့ ထင်ပါ တယ်။ ကိုယ်ကတော့ ကိုယ့်သားသမီးကို ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ လေ့လာ မိသလောက် sex education ကို အသိ ပေးတာပါ။

ပညာရှင်တွေကနေ ကနေ စနစ်တကျ သင်တန်းရထားတဲ့ ဆရာ ဆရာမတွေက ကျောင်းမှာ သေချာအသိ ပညာ ပေးနိုင်ရင် ကလေးအတွက် အားလုံး အတွက် အကျိူး ရှိမှာပါ။

အပြုသဘောဆန်တဲ့ ဆွေးနွေးမှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောသင့်တဲ့ လိုအပ်တဲ့ အကြောင်းအရာလို့ မြင်ပါတယ်။

စိမ်း