ကိုဗစ်အလွန် အခြေခံပညာကျောင်း များ ပြန်ဖွင့်ရန် စဉ်းစားထားချက်များ

0
468

ကိုဗစ်အလွန် အခြေခံပညာကျောင်း များ ပြန်ဖွင့်မည့်ကိစ္စနှင့် ပတ်သက်ပြီး အခြေခံပညာဦးစီးဌာနတွင် စဉ်းစားထား ချက် ရှိနေကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေ အနေရှိပါ အခြေခံပညာကျောင်းအချို့ကို နှစ်သုတ်ခွဲပြီး တက်စေသည့်စနစ်၊ ကျောင်း အချို့ကို တစ်ရက်ခြား တက်စေသည့် စနစ်ကို ကျင့်သုံးနိုင်ခြေရှိကြောင်း တိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

ကျောင်းသားဦးရေများသော ကျောင်းကြီးများကို တစ်ရက်လျှင် နှစ်သုတ်ခွဲ ကျောင်းတက်စေသည့်စနစ်၊ ကျောင်းသားဦးရေ နည်းသည့်ကျောင်းများကို တစ်ရက်ခြားစီ ကျောင်းတက်စေသည့် စနစ်တို့ကို ကျင့်သုံးနိုင်ခြေရှိကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

ယင်းသည် အခြေခံပညာ ဦးစီးဌာန က ကိုဗစ်အလွန် ကျောင်းပြန်ဖွင့်မည့် အခြေအနေအတွက် စဉ်စားချက် အဆင့် တွင်သာ ရှိသေးကြောင်း ၎င်းက ပြောသည်။

ကိုဗစ်အလွန်ကာလတွင်လည်း လူစု၊ လူဝေးဖြင့် ကျောင်းတက်ရသည့် ကျောင်းသားများကို ရောဂါကူးစက်နိုင် သဖြင့် အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူတို့က ထိုသို့စဉ်းစားထားခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

“အခုချိန်အထိ ပြောနိုင်တာကတော့ စာမေးပွဲအောင်စာရင်း မထွက်နိုင်သေး တဲ့အတွက်ကြောင့် အတန်းတင်ပေးရေး အစီအစဉ်လည်း မသိသေးတဲ့အတွက် ကျောင်းအပ်ဖို့လည်း မရှိနိုင်သေးဘူး။ ကျောင်းဖွင့်ဖို့လည်း မရှိနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင်တော့ တိုင်းတွင်းရှိ ကျောင်းသားမိဘအချို့နှင့် ဘော်ဒါ ဆောင်အချို့မှာ အခြေခံပညာကျောင်း များ ပြန်ဖွင့်နိုင်ရေးကို မျှော်နေကြသည်။

ကျော်သူစိုး