မွန်တွင် ကိုဗစ်ကူးစက်မှု ပြန်တွေ့လာ

0
4665

မွန်ပြည်နယ်တွင် စက်တင်ဘာလအတွင်း ကိုဗစ်ကူးစက်မှုများ ဆက်တိုက်ပြန်တွေ့လာနေကြောင်း မြို့နယ် ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၁၂ အထိ မွန်ပြည်နယ် အတွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ၃၀ ဦးရှိသည်။

မော်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင်မြို့နယ်တို့တွင် ပိုးတွေ့လူနာ တွေ့ရှိထားပြီး မော်လမြိုင်တွင် ပိုးတွေ့လူနာအများဆုံးတွေ့ရှိသည့် မြို့နယ်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

စက်တင်ဘာ ၁၂ ရက်နေ့က ပေါင်မြို့တွင် ကျောင်းသား၊ ကျောင်းသူ ငါးဦးအပါအဝင် ခုနစ်ဦး ကိုဗစ်ကူးစက်ခံ ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

“ကိုဗစ်ကူးစက်မှုက အခု ပြန်များလာနေတယ်။ မွန်မှာလည်း ပိုးတွေ့လူနာတွေ ပြန်တွေ့နေတယ်” ဟု မြို့နယ်တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာနေသည့်အတွက် မပေါ့ဆကြရန်၊ ကျန်းမာရေးအသိရှိကြရန်၊ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်နှင့် ကာကွယ်ဆေးများထိုးနှံကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က တိုက်တွန်းနှိုးဆော်ထားသည်။

“ကာကွယ်ဆေး မထိုးထားသူ၊ အသက်အရွယ်ကြီးရင့်သူနဲ့ ရောဂါအခံရှိသူတွေအနေနဲ့တော့ ပေါ့ဆလို့မရဘူး” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ၂၀၂၁ ခုနှစ်က တစ်ရက်လျှင် ကိုဗစ် အတည်ပြုလူနာ ၅၀၀ ကျော် တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့သည်။