ကွမ်းယာဆိုင်များ ကိုဗစ်ကာကွယ်ရေး လိုက်နာမှု အားနည်း

0
410

ထားဝယ်ဒေသတွင် ရောင်းချနေသည့် ကွမ်းယာ ဆိုင် အများစုမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှု အားနည်းနေဆဲဖြစ်သည်။

ကိုဗစ်ရောဂါကို ကာကွယ်သည့်အနေဖြင့် ဈေးရောင်းချသူများနှင့် ဝယ်ယူသူများ နှာခေါင်းစည်း တပ်ရန်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များတွင် ပါဆယ်သာရောင်းချရန် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက ညွှန်ကြားထားသည်။

သို့ရာတွင် ကွမ်းယာရောင်းချသူ အများစုက နှာခေါင်းစည်းတပ်ဆင်ထား ခြင်းမရှိသကဲ့သို့ ဝယ်ယူ သူများကလည်း စုပြုံပြီး ဝယ်ယူစားသောက်နေကြဆဲ ဖြစ်သည်။

ကွမ်းယာရောင်းသူများက လက်အိတ် ဝတ်ဆင်ပြီး ရောင်းချနေသော်လည်း အဆိုပါလက်ဖြင့်ပင် ပိုက်ဆံ ကိုင်တွယ်ခြင်း၊ နှာခေါင်းစည်း မတပ်ထားခြင်း ကြောင့် ရောဂါကူးမည်ကို စိုးရိမ်စိတ်ဖြင့်ပင် ဝယ်စား နေရကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်နေ အသက် ၄၀ နှစ်အရွယ် ကွမ်းစားသူ အမျိုးသားတစ်ဦးက ဆိုသည်။

“အခုဆိုရင် ဝယ်စားရမှာကြောက်လို့ ကွမ်းယာ ပစ္စည်းတွေကို ဝယ်ထားပြီး ကိုယ့်ဟာကိုပဲ ယာစားတော့တယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

လက်ရှိကာလတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့် ပွားမှုမရှိစေရန် ကွမ်းယာဆိုင်များ စည်းကမ်းတကျ ဖြစ်စေရန် စိစစ်ကြပ်မတ်သင့်ကြောင်း ၎င်းက ဆိုသည်။

ကွမ်းယာရောင်းသူက ပိုက်ဆံကို ထိတွေ့ ကိုင်တွယ်ခြင်းမပြုဘဲ အခြားတစ်ဦးကို သီးခြားကိုင် တွယ်စေခြင်းမျိုး လုပ်ဆောင်စေသင့်ကြောင်း ပြောဆို သူ များလည်းရှိသည်။

အခြားတိုင်းနှင့် ပြည်နယ်အချို့တွင် ကွမ်းယာ ဆိုင်များကို ယာယီပိတ် ခိုင်းထားသည်။
လောင်းလုံးမြို့နယ်နှင့် မြိတ်မြို့ရှိ ကွမ်းယာဆိုင် အချို့တွင် သုံးပေခွာပြီး ဝယ်ယူသည့်စနစ်ကို ကျင့်သုံး နေသည်။

Dawei Watch