“ဈေးကွက်ပြန်ရှာဖို့အတွက် တော်ရုံနဲ့ နာလန်ထူဖို့ မနည်းကြိုးစားရဦးမယ်”

0
713

ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့်တွေ့ဆုံခြင်း

တနင်္သာရီတိုင်းရှိ ရေမြေအနေအထားကြောင့် ခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်များ ရှိလာသည့်အခြေအနေတွင် ကမ္ဘာအနှံ့ ကိုရိုနာရောဂါကူးစက်ပြန့်ပွားမှုကြောင့် လုပ်ငန်းလုံး၀ ရပ်ဆိုင်းသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည့် ဧပြီလမှာ သင်္ကြန်ကာလဖြစ်ပြီး ယင်းကာလတွင် တနင်္သာရီတိုင်းအတွင်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အမြင့်ဆုံးအချိန်လည်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းခရီးသွား တစ်သိန်းကျော်နှင့် ပြည်ပခရီးသွား ခုနစ်သောင်းဝန်းကျင်က တိုင်းအတွင်းရှိ တည်းခိုခန်း၊ ဟိုတယ်များတွင် တည်းခိုခဲ့ကြောင်း ဖော်ပြထားသည်။

သင်္ကြန်ကာလတွင် ထားဝယ်ဒေသအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဘုန်းကြီးကျောင်းများ ပြည့်လျှံသည်အထိ ခရီးသွား လာရောက်မှု များလေ့ရှိသည်။ ထိုကြောင့် ခရီးသွားကုမ္ပဏီများက လည်း သင်္ကြန်ကာလ အချိန်ကို မျှော်လင့်တကြီးဖြင့် စောင့်မျှော်လေ့ရှိသည်။ ယခုနှစ်တွင်မူ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ခရီးသွားလာမှု အားလုံးရပ်ဆိုင်းသွားပြီး ခရီးသွားကုမ္ပဏီများ လုပ်ငန်းလုံး၀ရပ်ဆိုင်းသွားခဲ့ရသည်။

ယင်းအခြေအနေတို့နှင့် ပတ်သက်၍ ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူကို တနင်္သာရီအပတ်စဉ် သတင်းထောက် ကိုဇော်က တွေ့ဆုံမေးမြန်းထားသည်။

တနင်္သာရီအပတ်စဉ် – ကိုဗစ်ကြောင့် ခရီးသွား ဝင်ရောက်မှုအပေါ် သက်ရောက်မှုအခြေအနေလေး ရှင်းပြပေးပါလား။

ဒေါ်မိုးမိုးသူ – အခုသင်္ကြန်ဆို ခရီးသွားရာသီရဲ့ နှစ်တစ်နှစ်မှာ အများဆုံးကာလပေါ့။ အခုကိုဗစ်ဖြစ် လိုက်တဲ့အတွက် အများဆုံးက လုံး၀ဇီးရိုးပြန်ဖြစ်သွား တယ်လေ။ ဇီးရိုးအပြင် Minus (အနုတ်) ဆိုပြီး ကိုယ့်မှာရထားတာတွေကိုတောင် ပြန်ပေးထုတ်လိုက် ရတာကိုး။ နဂိုလက်ခံထားတဲ့ ပိုက်ဆံတွေ ကို ပြန်ပေးလိုက်ရတယ်ဆိုတော့လေ။ ခရီးသွား လုပ်ငန်း အားလုံးရပ်လိုက်ရတယ်။
တနင်္သာရီအပတ်စဉ် – အရင်နှစ်က အခုလို အချိန်မှာဆို ဘယ်လိုအခြေအနေရှိလဲခင်ဗျား။
ဒေါ်မိုးမိုးသူ – အခုချိန်ဆိုရင် သွားနေပြီ။ စည်နေပြီ။ ပြီးလာတဲ့နှစ်တွေတုန်းကဆို သင်္ကြန် ဆိုရင် ဟိုတယ်(အခန်း)တွေတောင် မရှိဘူး။ အိမ်တွေ ငှားရတဲ့အထိ ဖြစ်သွားတယ်။

တနင်္သာရီအပတ်စဉ် – ကိုဗစ်ကာလအလွန်မှာ ဆိုရင် ခရီးသွားလုပ်ငန်းတွေ ပြန်စဖို့အတွက် ဘာအခက်အခဲတွေ ရှိနိုင်မလဲ။ ကျွမ်းကျင်ဝန်ထမ်း သို့မဟုတ် ဈေးကွက်ပြန်ရှာဖို့အတွက် ဘယ်လိုအခက်အခဲတွေရှိနိုင်လဲခင်ဗျား။

ဒေါ်မိုးမိုးသူ – ဈေးကွက်ပြန်ရှာဖို့အတွက် တော်ရုံနဲ့ နာလန်ထူဖို့ မနည်းကြိုးစားရဦးမယ်။ ဘာဖြစ်လို့လဲဆို ကိုဗစ်ကလည်း ဘယ်အချိန်မှ ပြီးမယ်မသိဘူး။ ပြီးရင် လူတွေကလည်း ခရီးသွား ဖို့ကို လုံး၀ပျောက်ကင်းသွားမယ်ဆိုတာမျိုးက ဘယ်လို ဖြစ်နေလဲဆိုရင် ခရီးမသွားရတာကြာတော့ တအားပြန် ကျတဲ့ အနေအထားလည်း ရှိချင်ရှိနိုင်တယ်။ ဒါပေမယ့် နောက်တစ်မျိုးက ဗိုင်းရပ်စ်ပိုးသည် တစ်ချိန်ချိန်ကို ပြန်ပြီး ထနိုင်တဲ့ အနေအထားရှိမယ်ဆိုရင် ဘယ်သူမှ ခရီးသွားလာဖို့ ရဲမှာမဟုတ်ဘူး။

တနင်္သာရီအပတ်စဉ် – ခရီးသွားလုပ်ငန်းတွေ ပြန်စပြီဆိုရင် ကျွမ်းကျင်ဝန်ထမ်းတွေ လိုအပ်လာပြီ ဆိုတော့ ဒီအတွက် ဘယ်လိုအခက်အခဲတွေ တွေ့နိုင်လဲ။ ဘာတွေ ကြိုတင်ပြင်ဆင်ထားလဲ။

ဒေါ်မိုးမိုးသူ – အခုနားနေတဲ့အချိန်မှာ ကျွမ်းကျင်ဝန်ထမ်းတွေအတွက် တကယ်လို့ ခရီး သွားလုပ်ငန်းပြန်စခွင့်ရမယ်ဆိုတဲ့ အတွေးမျိုးတွေးပြီး ပြင်ဆင်တာတော့ရှိတယ်။ အခုကျွမ်းကျင်ဝန်ထမ်း တွေအတွက် ဟိုတယ်နှင့်ခရီးသွားညွှန်မှူးနဲ့ ဆွေးနွေး ပြီး သင်တန်းပိုင်းဆိုင်ရာတွေ အွန်လိုင်းကနေပေးနိုင်ဖို့ တိုင်ပင်ဖို့လည်းရှိတယ်။ လက်ရှိမှာ ဝန်ထမ်းတွေ အနေနဲ့ တော်တော်များများ နားလိုက်ရတာတွေက များတယ်။

တနင်္သာရီအပတ်စဉ် – ကိုဗစ်ကာလအလွန်မှာ လုပ်ငန်းတွေ ပြန်စဖို့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာ နိုင်လဲခင်ဗျား။

ဒေါ်မိုးမိုးသူ – စိန်ခေါ်မှုကတော့ (ခရီးသွား ကုမ္ပဏီတွေမှာ) အရင်းအနှီးတွေ ရှိကြတော့မှာ မဟုတ်ဘူး။ နဂိုကတည်းက ထားဝယ်ရဲ့ခရီးသွားကုမ္ပဏီတွေအနေနဲ့ မနည်းကို ကြိုးစားပြီး ထူထောင် ထားရတဲ့ ကုမ္ပဏီတွေများကြတယ်လေ။ အခုလိုဖြစ် သွားတော့ သူတို့သည် လူ (ခရီးသွား) ပြန်လာဖို့ အတွက် တော်တော်ရှာရမှာဖြစ်သလို ကုမ္ပဏီပြန် လည်ပတ်ဖို့လည်း အရမ်းကို ခက်ခဲလိမ့်မယ်။ တော်ရုံမဟုတ်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ရ လိမ့်မယ်။

တနင်္သာရီအပတ်စဉ် – အခုလိုမျိုး အခင်း အကျင်းမျိုးမှာ သက်ဆိုင်ရာအစိုးရကရော ဘယ်လို ထောက်ပံ့မှုမျိုးလုပ်ရင် ပိုအဆင်ပြေမယ်လို့ ယူဆလဲ ခင်ဗျား။

ဒေါ်မိုးမိုးသူ – တကယ် အလုပ်လုပ်နိုင်တဲ့ ခရီးသွားကုမ္ပဏီတွေ ပြန်ပြီးနာလန်ထူနိုင်ဖို့အတွက် ထောက်ပံ့တာတွေ၊ ငွေချေးပေးတာတွေမျိုး လုပ်ပေး စေချင်တယ်။ (ပြန်ဆပ်ကာလ) တစ်နှစ်ဆိုတဲ့အချိန် တစ်ခုကတော့ နည်းတယ်။ ချက်ချင်းငွေတစ်ခုက အရင်းအနှီးစလုပ်တယ်ဆိုရင် တစ်နှစ်တည်းနဲ့ ဘာမှ အလုပ်လုပ်လို့မရဘူး။

တနင်္သာရီအပတ်စဉ်- ဘယ်နှနှစ်လောက်မှ အဆင်ပြေလဲ။

ဒေါ်မိုးမိုးသူ- အနည်းဆုံး သုံးနှစ်လောက်မှ။ ဥပမာ – ခရီးသွားကုမ္ပဏီတစ်ခုကို ပိုက်ဆံသိန်း ၁၀၀ ချေးတယ်ဆိုပါစို့။ ပထမတစ်နှစ်မှာ ၃၅ သိန်းဆပ်၊ ဒုတိယတစ်နှစ်မှာ ၃၅ သိန်းဆပ်၊ နောက်ဆုံးနှစ်မှာ သိန်း ၃၀ ဆပ်။ အဲလိုပုံစံမျိုးနဲ့ လုံး၀မပေးဘဲလည်း မဟုတ်ဘူးလေ။ အတိုးနဲ့ ဒီလိုပုံစံမျိုးနဲ့သွားမယ်ဆို မသိမသာနဲ့ နာလန်ပြန်ထူနိုင်မယ်လို့ မျှော်လင့်တယ်။

တနင်္သာရီအပတ်စဉ်- လက်ရှိအနေအထားမှာ အစိုးရက (ပြည်ထောင်စု)က ဘီလီယံ ၁၀၀ ချေး မယ်လို့ လုပ်ထားတာ ရှိတာပေါ့ခင်ဗျား။ လက်ရှိ အချိန်အထိကလည်း တနင်္သာရီတိုင်းထဲရှိ လုပ်ငန်းရှင် တွေ ချေးငွေရတယ်လို့ အသံလည်း မကြားရသေး ဘူးပေါ့။ ဒီလိုအခင်းအကျင်းမှာရော အစိုးရအနေနဲ့ ဘယ်လိုလုပ်သင့်တယ်ထင်လဲ။

ဒေါ်မိုးမိုးသူ – အစိုးရအနေနဲ့ အခုကြားနေရတာ က နယ်ဘက်က ရတာ လုံး၀မကြားရသေးဘူး။ ချေးငွေဘီလီယံ ၁၀၀ ရှိတယ်ဆိုရင် တိုင်းနဲ့ပြည်နယ် ၁၄ ခုကို ခွဲပေးလိုက်။ လူဦးရေ(လုပ်ငန်း)များတဲ့ နေရာကတော့ ပိုယူချင် ပိုယူပေါ့။ တိုင်းနဲ့ ပြည်နယ် သူ့ဟာသူခွဲ။

တနင်္သာရီအပတ်စဉ် – မမေးဖြစ်တဲ့ အကြောင်းအရာမျိုးရှိသေးရင် အခြားဖြည့်စွက်ပြောချင်တာမျိုး ရှိသေးလားခင်ဗျား။

ဒေါ်မိုးမိုးသူ – အခုခရီးသွားကုမ္ပဏီတွေကို ကုစားပေးဖို့ဟာပဲ အမြန်ဆုံးလုပ်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆို ခရီးသွား ကုမ္ပဏီတွေက လုံး၀ကို ရပ်ဆိုင်းလိုက်ရတာ။ အခုကာလမှာ ခရီးသွား လုပ်ငန်းက ပထမဆုံးခံစားရတာလို့ ပြောလို့ရတယ် လို့ မြင်တယ်။ သူ့ကို(ခရီးသွားလုပ်ငန်း) မှီခိုနေသူ တွေကလည်း မနည်းဘူးလေ။ ခရီးသွားကုမ္ပဏီ ဝန်ထမ်းသာမဟုတ်ဘဲ နောက်ဆက်တွဲ ကား၊ စားသောက်ဆိုင် အားလုံးအတွဲလိုက်ပါတယ်လေ။ ဒါကြောင့် ခရီးသွားလုပ်ငန်းက အဓိကကျနေတယ်လို့ မြင်တော့ မြန်မြန်ကုစားပေးပါလို့။

ကိုဇော်