အစိုးရ၏ ကိုဗစ်ကာကွယ်ရေး ထုတ်ပြန်ချက်များ မေ ၁၅ ထိ သက်တမ်းတိုး

0
723

COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်ထောင်စုနှင့် တနင်္သာရီတိုင်းဒေသကြီး COVID – 19 ကာကွယ်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော် ငြာစာ၊ ညွှန်ကြားချက်အားလုံးကို မေလ ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် လိုက်သည်။

၎င်းအမိန့်ကြော်ငြာစာနှင့် ညွှန်ကြား ချက်များသည် မူလက ဧပြီလ ၃၀ ရက် ထိသာ သတ်မှတ်ထားရာမှ မေလ ၁၅ ရက်ထိ ရက်တိုးမြှင့် သတ်မှတ်လိုက် ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

“အရင်ထုတ်ပြန်ထားတဲ့ အမိန့် ကြော်ငြာစာတွေ အကုန်လုံးက မေ ၁၅ ရက်နေ့အထိ အတည် ဖြစ်သွားပါတယ်။ ရောဂါပိုး ကာကွယ်ရေး အခြေအနေ အရပါ”ဟု ဦးကျော်မင်းက ပြောသည်။

ဦးကျော်မင်းသည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီးဖြစ်ပြီး တနင်္သာရီ တိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည်။

သက်တန်းတိုးမှုတွင် ယခင်ထုတ် ပြန်ထားသည့် ခရီးသွားလာရေးကိစ္စ၊ စားသောက်ကုန် မပြတ်တောက်ရေးကိစ္စ၊ စောင့်ကြည့် စခန်းသွင်းခံရမည့် (Quarantine ဝင်ရေး) ကိစ္စများ ပါဝင် သည်။

ခရီးသွားလာရေးကိစ္စ

တနင်္သာရီတိုင်းအတွင်း နာရေး၊ ကျန်းမာရေးကိစ္စမှအပ ခရီးသွားလိုပါက မိမိနေရပ် အုပ်ချုပ်ရေးမှူးရုံးမှ ခရီးသွား လာမှုထောက်ခံချက် ထုတ်ယူသွားရမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အမိန့် ထုတ်ပြန် ထားသည်။

“ခရိုင်အလိုက်ပေါ့နော်၊ ခရိုင်ကျော် ခရီးသွားရင်တော့ (ထောက်ခံချက်) ယူရမှာ ဖြစ်ပါတယ်။ ကိုယ်ခရိုင်အတွင်း မှာ ခရီးသွားမယ်ဆိုရင်လည်း ယူထားတာ ကောင်းတယ်ဗျ။ ခရီးသွားရင်တော့ ကိုယ့်ရဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဆီက ထောက်ခံချက်ယူထားရင် အကောင်းဆုံးပါပဲ”ဟု ဝန်ကြီး ဦးကျော်မင်း က ပြောသည်။

တိုင်းကျော် ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာ ရပ်/ကျေး၊ မြို့နယ် ထောက်ခံ ချက်အပြင် ကျန်းမာရေးဌာန ထောက်ခံ ချက်ပါ ယူသင့်ပြီး ခရီးမှ ပြန်လာပါက ပြန်ရောက်ကြောင်း အကြောင်းကြားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းသို့ ကုန်လမ်း၊ လေကြောင်းနှင့် ကုန်တင်ယာဉ်၊ အိမ်စီး မော်တော်ယာဉ်များ ဝင်ရောက်မှုများကိုလည်း အစိုးရက တင်းကျပ်ထားသည်။

တနင်္သာရီ တိုင်းတွင်း၊ တိုင်းပြင် ပြေးဆွဲနေသည့် ခရီသည်တင်ယာဉ် အားလုံးကို မေ ၁၅ ရက်အထိ ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်သည်။ အိမ်စီးကား များသည် တစ်စီးလျှင်လေးဦးသာ လိုက်ပါ သွားလာရမည်ဖြစ်သည်။

စားသောက်ကုန် မပြတ်တောက် ရေးကိစ္စ

ထားဝယ်ခရိုင် ရေဖြူမြို့နယ် မလွှဲတောင်စစ်ဆေးရေးဂိတ်မှ စားသောက် ကုန်၊ ဆေးဝါးများနှင့် စက်သုံးဆီတင် ဆောင်လာသော ယာဉ်များမှအပ အခြား ကုန်တင်ယာဉ်များအား တာဝန်ရှိသူများ ၏ ခွင့်ပြုချက်ဖြစ်သာ ဖြတ်သန်းခွင့်ပြု မည်ဟု တိုင်းအစိုးရက အမိန့်ထုတ်ထားသည်။

အခြားတိုင်းနှင့်ပြည်နယ်တို့မှ တိုင်း အတွင်းသို့ဝင်ရောက်လာသော အထက်ပါ ကုန်ပစ္စည်းသုံးမျိုးတင်ဆောင်လာသည့် ကုန်တင်ယာဉ်များသည် တိုင်းအတွင်း အချိန်ကြာမြင့်စွာ နေခွင့်ရမည်မဟုတ်ဘဲ ကုန်တင်၊ ကုန်ချပြီးသည်နှင့် ပြန်လည် ထွက်ခွာရမည်ဖြစ်သည်။

ကုန်ပစ္စည်း အတင်အချ ပြုနိုင်ရန် ကုန်ကားများကို ရန်ကုန်မှ ထားဝယ် အထိဆိုက သုံးရက်၊ ရန်ကုန်-မြိတ်ဆို က ငါးရက်၊ ရန်ကုန်-ကော့သောင်း ဆိုပါက ၇ ရက်ခွင့်ပြုထားပြီး ၎င်းအချိန် အတွင်း ကားသမားများက ကားပေါ် တွင်သာ နေထိုင်စားသောက်ရမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောဆိုထားသည်။

“ကုန်စည်စီးဆင်းမှု မပြတ်တောက် အောင် ဝင်ခွင့်ပေးထားတဲ့ ကုန်ကားတွေ ရှိတယ်။ အဲဒီကုန်ကားတွေကတော့ ရန်ကုန်ကပဲလာလာ၊ မော်လမြိုင်ဘက်က ပဲလာလာ၊ အခု ပိုးတွေ့တယ်ဆိုတဲ့ အင်းစိန်ဘက်ကပဲ လာလာ။ လာခဲ့ရင် ကျန်းမာရေး ထောက်ခံချက်ပါရမယ်။ မြို့နယ်ထောက်ခံချက်တွေ၊ သက်ဆိုင်ရာ ကျန်းမာရေးထောက်ခံချက်တွေနဲ့ ဝင် လာ။ ဝင်လာရင် ကားသမားတစ်ယောက် ရယ်၊ ကားနောက်လိုက်တစ်ယောက်ရယ် နှစ်ယောက်ပဲ လက်ခံမယ်။ အဲဒီ နှစ်ယောက်ကိုလည်း ကျွန်တော်တို့က လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပြီးမှ ပေးဝင်မယ်”ဟု ဗိုလ်မှူးကြီး ကျော်ဇေယျ က ပြောသည်။

တိုင်းအတွင်းဝင်ရောက်လာသည့် ကုန်တင်ယာဉ်များကို မလွှဲတောင်စစ် ဆေးရေးဂိတ်တွင် စစ်ဆေးမှတ်တမ်းရယူ ထားမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ပါက ဒဏ်ရိုက်မည်ဖြစ် သည်။

Quarantine ဝင်ရေးကိစ္စ

ပြည်ပနိုင်ငံများမှ ပြန်လာသူများ နှင့် တနင်္သာရီတိုင်းပြင်ပမှ ရောဂါပိုး တွေ့ရှိမှုများသည့်ဒေသတွင် သွားရောက် နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိသူများ ဖြစ်ပါက ရပ်ရွာ အခြေပြု စောင့်ကြည့် စခန်းသွင်းခြင်း ၂၁ ရက်နှင့် နေအိမ်တွင် ကန့်သတ်နေထိုင်ခြင်း ၇ ရက် ဆောင်ရွက် ရမည်ဟု အမိန့်ထုတ်ပြန်ထားသည်။

ရောဂါပိုးတွေ့ရှိမှုများသည့်ဒေသ ဆိုသည့် စကားရပ်မှာ ရောဂါပိုး တွေ့ရှိ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ကို ဆိုလိုကြောင်း ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

ရောဂါပိုးမတွေ့သည့် တိုင်းနှင့် ပြည်နယ်မှ ပြန်လာသူများ ဆိုပါက တာဝန်ရှိသူများ၏ စစ်ဆေးမှုကို ခံယူပြီး လိုအပ်မှသာ စောင့်ကြည့်စခန်းသွင်း ခံရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန် ထားသည်။

ထိုသူတို့အနေဖြင့် ၎င်းနေထိုင်ခဲ့ သည့် ရပ်/ကျေးနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၏ ထောက်ခံချက်၊ ကျန်းမာရေးဌာန ၏ ထောက်ခံချက်တို့လိုအပ်မည် ဖြစ်ပြီး ရောက်ရှိလာပါက ရောက်ရှိရာ ရပ်/ ကျေး၊ မြို့နယ်တို့၏ ကျန်းမာရေးစစ်ဆေး ချက်များကို ခံယူရမည် ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

Dawei Watch