မြိတ်မင်္ဂလာဆောင်ပွဲ ငွေဒဏ်ချ မှတ်ခံရ၊ ရေဖြူဘုန်းကြီးပျံကိစ္စ တရားရုံးလျှောက်ထားဆဲ

0
641

ကိုဗစ်ကပ်ဘေးကာလအတွင်း မြိတ် မြို့တွင် မင်္ဂလာပွဲကျင်းပသူ သုံးဦးကို တစ်ဦးလျှင် ဒဏ်ငွေကျပ်ငါးသောင်းစီချမှတ် လိုက်ပြီး ရေဖြူဘုန်းကြီးပျံကိစ္စမှာ တရားရုံးကို ဦးတိုက်လျှောက်ထားဆဲ ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

မင်္ဂလာဆောင်ကိစ္စတွင် မြစည်းစိမ် ဟိုတယ်မန်နေဂျာ၊ သတို့သားနှင့်သတို့ သမီးတို့ကို မြိတ်မြို့နယ်တရားရုံးက ဧပြီလ ၂၄ ရက်နေ့တွင် ဒဏ်ငွေကျပ် ငါးသောင်းစီ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အထက်ပါဌာနမှသိရသည်။

ယင်းမင်္ဂလာဆောင်ကို မင်္ဂလာဆောင်၊ အလှူပွဲနှင့် ပွဲလမ်းသဘင် မကျင်းပရဟု တိုင်းအစိုးရမှ အမိန့် ထုတ်ပြန်ပြီး သုံးရက်အကြာတွင် ပြုလုပ်ခဲ့သည်။

“တရားစွဲတဲ့နေ့မှာပဲ အမိန့်ချလိုက် တာပါ”ဟု မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ရေဖြူဘုန်းကြီးပျံကိစ္စကိုမူ ဧပြီလ ၂၀ ရက်နေ့တွင် မြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့ ကြောင်း ရေဖြူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်က ဆိုသည်။

အဆိုပါ ဘုန်းကြီးပျံပွဲကို ဦးဆောင် ကျင်းပသူများကို ဦးတိုက်လျှောက်ထား ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒေသန္တရအမိန့်ဆိုတော့ လက်မှတ် ရေးထိုး ထုတ်ပြန်တဲ့သူက စွဲဆိုရမယ်ဆို တာ ဥပဒေမှာပါတော့ ကျွန်တော်က လက်မှတ်ရေးထိုးသူဖြစ်တဲ့ အတွက် ကျွန်တော် ဦးတိုက်လျှောက်ထားတာပါ”ဟု ဦးလှိုင်းမောင်မောင်က ဆိုသည်။

မြိတ်မင်္ဂလာပွဲကို မတ်လ ၂၃ ရက် က ကမ်းနားလမ်းရှိ မြစည်းစိမ်ဟိုတယ် တွင် ပြုလုပ်ခဲ့ပြီး ယင်းပွဲသို့လာရောက်ခဲ့ သည့် ရန်ကုန်မှ အမျိုးသားတစ်ဦးထံတွင် ဧပြီလ ၁၀ ရက်က ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိခဲ့သည်။

လူနာအမှတ် ၂၅ သည် မြိတ်မြို့ တွင် ၂ ရက်အကြာနေထိုင်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့တွင်ရန်ကုန်သို့ ပြန်ရောက် ခဲ့သည်။

ယင်းကြောင့်ပိုးတွေ့လူနာအမှတ် ၂၅ နှင့်ထိတွေ့ခဲ့သူ အိမ်တော်ဖြူ ဟိုတယ်ဝန်ထမ်းအပါအဝင် အနည်းဆုံး လူပေါင်းနှစ်ရာခန့်သည်လည်း စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ကာ ၁၄ ရက် စောင့်ကြည့်ရေး လုပ်ဆောင်ခဲ့ရသည်။

Dawei Watch