စာအုပ်သစ်ပင် စိုက်စေချင်

0
160
ကြော်ငြာဝန်ဆောင်မှု

ဒီနေ့ခေတ်မှာ လူငယ်တွေ စာဖတ် ကြသေးရဲ့လား။ စာမဖတ်ကြတော့ဘူး ဆိုရင်ရော၊ ဘာလို့မဖတ်ကြတာလဲ။ စာဖတ်လို့ ရလာမယ့် ဗဟုသုတတန်ဖိုးကို မသိကြလို့ပဲလား။ ဒီလိုမေးခွန်းတွေအပေါ် ကျွန်တော် အဖြေရှာမိတိုင်း ပတ်ဝန်းကျင်မှာ အသံတွေ စုံနေအောင် ကြားရတတ်တယ်။

လူကြီးတွေက စာဖတ်ချင်အောင် မစည်းရုံးနိုင်လို့၊ ခေတ်စနစ်အရ ဖုန်းထဲ မှာပဲ အချိန်ကုန်နေလို့၊ ဘယ်စာအုပ်ကို ဘယ်လို စဖတ်ရမှန်း မသိလို့။ ဒါတွေဟာ တကယ့်တကယ် စာမဖတ်ရခြင်းအတွက် ခိုင်လုံတဲ့ ဆင်ခြေတွေလား ဆိုတာက တော့ ကျွန်တော်တို့ အများကြီး ဆက်စဉ်း စားဖို့ လိုပါလိမ့်မယ်။

ဒီနေရာမှာ ကျွန်တော့်ဘ၀ အတွေ့ အကြုံအကြောင်း နည်းနည်းလေး ပြန်ပြော ပြချင်ပါတယ်။

ကျွန်တော် စာဖတ်လို့ မတတ်က တတ်က သုံးတန်းကျောင်းသားအရွယ်။ အစ်ကို တစ်ဝမ်းကွဲ တစ်ယောက်ဆီ အလည် ရောက်သွားခဲ့တယ်။ အဲဒီမှာ တတိုင်းမွှေးဆိုတဲ့ ကာတွန်းဂျာနယ်လေး ကို ကိုင်ကြည့်မိသွားတယ်။

ငယ်ကလည်း ငယ်သေးတော့ ဒီဂျာနယ်ကို သာမန်စက္ကူအပြင် ပိုမမြင်မိ ပါဘူး။ ဒါပေမဲ့ ဒီဂျာနယ် တစ်စောင် ဟာ ကျွန်တော့်ဘ၀ တစ်ခုလုံးကို အမှောင်အလင်း ပြောင်းပစ်လိုက်နိုင်တယ် ဆိုရင် အံ့ဩစရာ ဖြစ်သွားကြမလားပဲ။ ဒါအမှန် ပါ။ အံ့ဩစရာကောင်းလောက်အောင်ကို ကျွန်တော့်ဘ၀ကို ပြောင်းလဲပေးနိုင်တဲ့ ဂျာနယ်လေးတစ်စောင်ပေါ့။

ကျွန်တော် တွတ်ပီအရုပ်တွေ။ ဟိုလှန် ဒီကြည့်နဲ့ သဘောကျနေတော့ အစ်ကို တစ်ဝမ်းကွဲက “မင်းလိုချင်လို့လား၊ လိုရင် လည်း ယူသွားလေ”တဲ့။ ပျော်လိုက်တာ ဆိုတာ။

သုံးတန်းအရွယ်ဆိုတော့ အရုပ်တွေ လိုက်ကြည့်ရင်း စာတွေဖတ်ကြည့် ရင်းနဲ့ စာဖတ်ခြင်း အရသာကို စွဲလမ်း သွားခဲ့တယ်လေ။

ဂျာနယ်ကတစ်ဆင့် စာစောင်၊ စာစောင်ကတစ်ဆင့် မဂ္ဂဇင်း၊ မဂ္ဂဇင်း ကတစ်ဆင့် ကျွန်တော်နှစ်သက်မိတဲ့ စာအုပ်ကြီးတွေအထိ ရွေးဖတ်နိုင်သွားတယ်။ ဒီစာအုပ်တွေ ဖတ်ခဲ့လို့လည်း ကျွန်တော့်ဘ၀ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို တဖြည်းဖြည်း ဖြည့်ဆည်း ဖာထေး သွားနိုင်ခဲ့တယ်။

ဒီတော့ ပျော်နေတာပဲဖြစ်ဖြစ်၊ ဝမ်း နည်းနေတာပဲဖြစ်ဖြစ် စာအုပ်ဆိုတာက ကျွန်တော့်ဘ၀ရဲ့ အဖော်ကောင်းကြီးတစ်ခု လုံး၀ဖြစ်လာခဲ့ပါရော။

စာဖတ်တယ်ဆိုတာ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်လို့ မရပါဘူး။

စာအုပ်ဖတ်တယ်ဆိုတာ တကယ် တော့ သစ်ပင်စိုက်တာနဲ့ အတူတူပဲလို့ တချို့ဆရာတွေ ပြောတာ ကြားဖူးတယ်။ အခုအပင်စိုက်ပြီး အခုအသီးစားချင်လို့ မရဘူး။ လိုချင်တဲ့အစေ့ကို ပျိုးထောင်ရ မယ်၊ အညှောက်တက်တာကို ကြည်နူးရမယ်၊ အပင်မြင့်လာတာကို ပီတိဖြစ်ရမယ်၊ နောက်ဆုံး ပန်းပွင့်ပြီး အသီးသီးတဲ့အထိ သူ့အဆင့်နဲ့သူ တဖြည်းဖြည်း သွားရတာ။

စာအုပ်ဖတ်တယ် ဆိုတာလည်း အဲဒီလိုပါပဲ။ တဖြည်းဖြည်း ဥာဏ်အလင်း ဖွံ့ဖြိုးလာမယ်၊ မြင့်မားလာမယ်၊ နောက် ဆုံး လောကမှာ အမှားအမှန် ခွဲခြားနိုင်ပြီး ဘ၀ရဲ့ အနှစ်သာရကို တွေ့ရှိသွားတဲ့ အထိပေါ့။

လူချင်းတူရင်တောင် စာဖတ်တဲ့လူ က အမြဲတမ်း ခေါင်းတစ်လုံး ပိုသာပါ တယ်။
မမြင်နိုင်တဲ့ အကျိုးရလဒ် အများကြီး အတွက် စာအုပ်ဖတ်ကြဖို့ ပြောချင်ပါတယ်။ ။

ဟိန်းသက်ပိုင်(မြိတ်)