ကိုရိုနာဗိုင်းရပ် အနီးမြင်အဝေးမြင်

0
314
ကြော်ငြာဝန်ဆောင်မှု

ကိုရိုနာ အုပ်စုဝင် ဗိုင်းရပ်စ် အသစ် တစ်မျိုး ကပ်ရောဂါအသွင် ကူးစက် ပြန့်ပွားမှုကို ၂၀၁၉ နှစ်ကုန်ခါနီးမှာ လူနေထူထပ်တဲ့ တရုတ်ပြည် ဟူပေခရိုင် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ဆိုတဲ့စကားလုံး (Corona Virus) ဆိုတာဟာ ဂရိ စကားလုံးက ဆင်းသက်လာပြီး အဏုကြည့် မှန်ဘီလူးရဲ့ အောက်မှာ သရဖူ(Crown) ပုံရှိတဲ့ ဗိုင်းရပ်စ်လို့ဆိုလိုတာ ဖြစ်တယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ လေးကတစ်ဆင့် ကမ္ဘာအရပ်ရပ်ကို အချိန် တိုတိုလေးအတွင်း အဲသည် ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်ခံရပြီး နိုင်ငံတကာ အတိုင်း အတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ရောဂါ ကာကွယ် နှိမ်နှင်းရေးလုပ်ငန်းတွေ အပူတပြင်း လုပ်ဆောင်ခဲ့ကြရတယ်။ ကမ္ဘာတစ်ခွင် အထိတ်တလန့် ဖြစ်စေ လောက်သည်အထိ အန္တရာယ်ပေးခဲ့တဲ့ အဲသည် ဗိုင်းရပ်စ်ကို “COrona VIrus Disease 2019” ဆိုတဲ့ စကားလုံးလေး တွေက တစ်ဆင့် “COVID 19” ရယ်လို့ ၂၀၂၀ ဖေဖော်ဝါရီလ ၁၉ရက်ကမှ အမည် ပေးခဲ့ကြပါတယ်။ အဲသည်မတိုင်ခင်က တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကူးစက်မြန် ပြင်းထန် နမိုးရီးယား SARs (Severe Acute Respiratory Syndrome)ရဲ့ မျိုးကွဲ တစ်ခုအဖြစ် တင်စားပြီး SARS-CoV-2 လို့ သုံးနှုန်း ခဲ့ကြပါတယ်။

တရုတ်နိုင်ငံက သူ့ဒေသအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်အသွင် ကူးစက်ပြန့်ပွား နေပါတယ်လို့ စတင်ကြေညာတဲ့ ၂၀၁၉ ဒီဇင်ဘာလ ၃၁ ရက်က စလို့ (20-2-2020 , 12:45 GMT)အထိ စာရင်းတွေအရ ကမ္ဘာအရပ်ရပ်က လူပေါင်း ခုနစ် သောင်းခွဲကျော် (၇၅၇၇၇ ယောက်) ရောဂါပိုး ကူးစက်ခံရပြီး အဲသည်အထဲက ၂၁၃၀ ဦး သေဆုံးခဲ့ရပါတယ်လို့ ထုတ်ပြန် တဲ့တရုတ် ကူးစက်ရောဂါ တိုက်ဖျက်ရေး ဗဟိုက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

သီတင်းခုနစ်ပတ်ကြာလာပြီဖြစ်တဲ့ အဲသည် သေစေနိုင်လောက်အောင် ပြင်း ထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွား မှုဟာ ကမ္ဘာအနှံ့ဒေသအနှံ့အပြားမှာ ဒေသအလိုက် ကူးစက်ပြန့်ပွားမှု(Pandemic)ဖြစ်နေပြီး အဲသည်ကူးစက်ပြန့် ပွားမှုဟာ ဘယ်အတိုင်းအတာအထိ ကူးစက်ခံရနိုင်တယ်။ ဘယ်လောက်ကြာ နိုင်တယ်ဆိုတဲ့ အမေးကို သည်နေ့အထိ တိတိပပ မခန့်မှန်းနိုင် အဖြေမပေးနိုင် သေးတာကတော့ သေချာပါတယ်။

အမေရိကန်၊ မလေးရှား၊ အီဂျစ်၊ ကနေဒါအပါအဝင် နိုင်ငံပေါင်း ၃၀ ထက် မနည်းဟာ အဲသည် ဗိုင်းရပ်စ်ပိုး ကူးစက် ခံထားရတဲ့ လူနာတွေ့ထားတယ်လို့ ကြေညာထားကြပြီး အချို့ နိုင်ငံတွေနဲ့ မြို့ကြီးတွေက ကူးစက်ရောဂါ ပြန့်ပွားမှု စောင့်ကြည့် ကန့်သတ်ခြင်း (Quaratine)၊ ခရီးသွား ကန့်သတ်ခြင်းစတာတွေ လုပ်ဆောင်လျက် ဗိုင်းရပ်စ်ရဲ့ ကူးစက်ပြန့်ပွား မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလျက် ရှိကြ ပါတယ်။

သည်မနက် COVID 19 ရဲ့ ထူးခြား သတင်းတွေအနေနဲ့ ကူးစက်ခံရတဲ့ လူနာတွေ့ရှိရတဲ့ နိုင်ငံ စုစုပေါင်း ၂၈နိုင်ငံအထိ ရှိလာပြီး ဗိုင်းရပ်စ်ကူးစက်မှုကြောင့် နိုင်ငံ ပေါင်းများစွာက ကမ်းကပ်ခွင့် မပေးခဲ့တဲ့ ခရူးဆိတ် အပျော်စီးသင်္ဘောကြီးDiamond Princess ပေါ်က ဂျပန် ခရီးသည်နှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးရတယ်ဆိုတဲ့ သတင်းနဲ့ အဲသည် သင်္ဘောပေါ်က အင်ဒိုနီးရှား အမှုထမ်း သုံးဦးမှာ ရောဂါပိုးကူးစက်ခံထားရတယ်လို့ ကြေညာ ခဲ့တာတွေပဲ ဖြစ်တယ်။

ရောဂါပိုးအသစ်ဖြစ်တဲ့အပြင် ဗိုင်းရပ်စ် ပိုးအသစ်ကြောင့်ဖြစ်တဲ့ရောဂါ ဖြစ်တဲ့ အားလျော်စွာ ရောဂါပိုးရဲ့ ကူးစက်ပြန့်ပွား နိုင်စွမ်းနဲ့ သေဆုံးနှုန်းကို တိတိပပ မသိ ကြရသေးပါဘူး။

အသက်အရွယ်အားဖြင့် အရွယ်ကြီး သူတွေမှာ သေနှုန်းမြင့်တာတွေ့ရပြီး ကလေးသူငယ်တွေမှာ သေဆုံးတာ အတည် ပြုနိုင်ခြင်း မရှိသေးပါဘူး။Case Fertility Rate လို့ဆိုတဲ့ CFR ကူးစက်နိုင်တဲ့ နည်းလမ်း၊ ရောဂါပိုးရဲ့ မူလရင်းမြစ်၊ စတာတွေမှာလည်း ရှုပ်ထွေးမှုတွေရှိနေဆဲ ဖြစ်တယ်။ ကိန်းဂဏန်းတွေအရ သေချာတာတစ်ခုက သက်ကြီးရွယ်အိုနဲ့ ရောဂါ အခံ ရှိသူတွေမှာ သေနှုန်းမြင့်မားတယ် ဆိုတာ ဖြစ်ပါတယ်။

သာမန်အားဖြင့် လူတွေကို ကူးစက် လေ့မရှိတဲ့ တိရစ္ဆာန်တွေမှာ အဓိကဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဟာ လူကိုကူးစက်ပြီး အဲသည်ကတစ်ဆင့် ထူးခြားစွာ လူအချင်း ချင်း ကူးစက်ပြန့်ပွားတာတွေ့လာကြရ တယ်။ သူ့ရဲ့ ကူးစက်မှု မူလ၊ ကူးစက်တဲ့ လမ်းကြောင်းတွေကို တိတိပပ မသိရ သေးခင်မှာပဲ ရောဂါပိုးဟာ ကမ္ဘာအနှံ့ အထိ လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိပြီး သေဆုံးမှုတွေ ဖြစ်လာကြရတယ်။

အဓိက သေဆုံးနှုန်းမြင့်လာရတာက အသက်ရှူလမ်းကြောင်းရဲ့ အောက်ဘက် အပိုင်းဖြစ်တဲ့ အဆုတ်အတွင်း အောက်ခြေ မှာ ထိခိုက်ပြီး အဆုတ်ခဲသွားကာ အဲသည် အကျိုးဆက်ဖြစ်တဲ့ အသက်ရှူရခက်ခဲပြီး သေဆုံးကြရတာ ဖြစ်တယ်။ အခြား ရာသီတုပ်ကွေးတို့တွေဟာလည်း ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဖြစ်ပေမဲ့လို့ အဲသလို အသက်ရှူအင်္ဂါ အဖွဲ့အစည်းရဲ့ အတွင်းပိုင်း အောက်ခြေ Lower Respiratory Tract အထိ ထိခိုက်စေတာ နည်းပါတယ်။ သည် ကိုရိုနာဗိုင်းရပ်စ် COVID 19 ကတော့ အဲသည် အသက်ရှူအင်္ဂါ အဖွဲ့ အစည်းရဲ့ အတွင်းပိုင်းကို အဓိက တိုက်ခိုက် တဲ့အတွက် ကိုယ်ခံအားနည်းပါးတဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးမှု မြင့်မား ကြရတာ ဖြစ်တယ်။

အဲသည်အခြေအနေမျိုးမှာ လူနာကို အထူးကြပ်မတ်ကုသဆောင်( Intensive Care Units) မှာ တင်ပြီး အသက်ရှူ အားကူ ကိရိယာတွေ တပ်ဆင်ပြီး အဆုတ်ထဲ အောက်ဆီဂျင်ကို ကိုယ့်ဘာသာမရှူ နိုင်တော့တဲ့ လူနာကို ပြင်ပစက် အကူ အညီနဲ့ အောက်ဆီဂျင် ရိုက်သွင်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် အဲသလို စက်ပစ္စည်းကိရိယာ အပြည့်အစုံရှိတဲ့ ဝန်ထမ်း အပြည့်အဝ၊ ပစ္စည်းပစ္စယ အပြည့်အဝ ရတဲ့ ဆေးရုံတွေမှာသော်မှ သည်လိုမျိုး အထူးကြပ်မတ်ကုသဆောင် နဲ့ ကုတင် အချိုးအစားဟာ ဖြစ်ပွားလာတဲ့ ရောဂါကူးစက်မှုနဲ့ဆိုရင် မလုံလောက်ပါ ဘူး။ သည့်အတွက် သေဆုံးမှုဟာ များပြားတာပဲ ဖြစ်တယ်။

ပထမ စတင်တွေ့ရှိစဉ်ကတည်းက တရုတ် အာဏာပိုင်တွေက ထိန်းထိန်း သိမ်းသိမ်း သိုသိုသိပ်သိပ် ထိန်းချုပ်နိုင်ဖို့ ကြိုးစားပေမဲ့လို့ ရောဂါရဲ့ အလျင်အမြန် အဖျက်စွမ်းအားကြီးကြီးနဲ့ နိုင်ငံအနှံ့ ပျံ့နှံ့ရောက်ရှိ ကူးစက်လာတဲ့အတွက် နိုင်ငံတကာကို အသိပေးကြေညာလာကြရတယ်။ ကမ္ဘာအနှံ့က အာရုံစိုက်လာကြရပါတယ်။

မြန်မာနိုင်ငံဟာလည်း သည်ဗိုင်း ရပ်စ်ရဲ့ အန္တရာယ်ကို အချိန်နဲ့ တပြေးညီ ဆိုရမလို တုံ့ပြန်ကာကွယ်မှုတွေ လုပ်ဆောင် ခဲ့ကြတာ တွေ့ရပေမဲ့ အများစုကတော့ အားမရကြတာ အမှန်ပါပဲ။ အဓိကအား ဖြင့် အိမ်နီးချင်းနိုင်ငံတွေမှာ အဲသည် ရောဂါ ပိုးတွေ့ လူနာတွေ တွေ့နေကြတာ ရယ်၊ တရုတ်နယ်စပ်နဲ့ ထိစပ် စိမ့်ဝင်မှု ရှိနေတာရယ်ကြောင့်လည်း အများစုက စိုးရိမ်မကင်း ဖြစ်ကြပေမဲ့လို့ သည်နေ့ (၂၀-၂-၂၀၂၀)အထိ မြန်မာနိုင်ငံမှာ ဃဥဠှီု ၁၉ ကူးစက်ခံထားရတဲ့ လူနာ မတွေ့ရသေးပါဘူးလို့ တရားဝင် ကြေညာ ထားပါတယ်။

အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့က ရှေးဦးမဆွကတည်း က ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ လူနာတွေ့ ထားကြလို့ မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် မှာ ပိုးတွေ့တဲ့နိုင်ငံတွေ ဝိုင်းလို့နေပါ တယ်။ ပထမဆုံး ဗိုင်းရပ်စ် ကူးစက်မှုကို စတွေ့တဲ့ တရုတ်နဲ့ နယ်နိမိတ် ထိစပ် နေတာရယ်၊ နယ်စပ် မူဆယ်အထိ ရောဂါပိုး ကူးစက်မှု တွေ့နေတာရယ် ကြောင့်လည်း စိုးရိမ်စိတ် ရှိနေကြတာ မဆန်းပါဘူး။ ကမ္ဘာကျန်းမာရေးအဖွဲ့ ကတော့ တရုတ်နိုင်ငံရဲ့ ကူးစက်နိုင်ခြေ အလွန်မြင့်မား (Very High) လို့ အဆင့် သတ်မှတ် ထားပြီး မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများကိုတော့ ကူးစက် နိုင်ခြေ မြင့်မား(High)လို့ သတ်မှတ် ထားလေတော့ ပေါ့ဆလို့တော့ မရပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေဖြစ်တဲ့

၁။ လူမှလူသို့ ကူးစက်မှုလျှော့ချ နိုင်ရေးအတွက် လူနာနှင့်အနီးကပ် ထိတွေ့ ကိုင်တွယ်သူများနှင့် လူနာကိုစောင့် ရှောက်သူ ကျန်းမာရေးဝန်ထမ်းများတွင် ရောဂါမကူးစက်စေရေးနှင့် တရုတ်နိုင်ငံမှ ပြင်ပ အခြား နိုင်ငံများသို့ ထပ်မံမကူးစက်စေရေး။

၂။ ကူးစက်ခံရသည့် လူနာကို ရှာဖွေ ဖော်ထုတ်ပြီး သီးခြားထားရှိကုသမှု စနစ် တကျလုပ်ဆောင်ရန်နှင့် ယင်းမှ အခြား သူသို့ ထပ်မံမကူးစက်စေရေး ဆောင်ရွက်ရန်။

၃။ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်မှု လျှော့ချနိုင်ရေးအတွက် တိရစ္ဆာန်ရင်းမြစ် (Animal Source) ကို ဖော်ထုတ်ရန်။

၄။ ရောဂါ၏ ပြင်းထန်မှုအတိုင်း အတာ၊ ကုသမှုနည်းလမ်းများနှင့် ရောဂါ ကို အမြန်ဆုံး ရှာဖွေ ဖော်ထုတ် ကုသရန် နှင့် ကာကွယ်ဆေးများ ဖော်ထုတ်နိုင်ရန်။

၅။ ရောဂါ၏ သဘောသဘာ၀နှင့် မည်သို့ကူးစက်နိုင်သည် မည်သို့ကာကွယ် နိုင်သည်ကို ပြည်သူ လူထုသို့ ဆက်သွယ် သတင်းပေးရန်နှင့် ဖြစ်ပေါ်လာသည့် ကောလာဟလများကို ဖြေရှင်းဆောင်ရွက်ရန်။

၆။ သက်ဆိုင်ရာ ဌာနအားလုံးပူး ပေါင်း ပါဝင်ဆောင်ရွက်မှုနှင့် လူမှုစီးပွား ထိခိုက်မှုများကို အတတ်နိုင်ဆုံး နည်းနိုင် သမျှ နည်းစေရေးဆောင်ရွက်ရန်လို့ဆိုတဲ့ ရည်မှန်းချက်တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO အဖွဲ့ဝင် မြန်မာနိုင်ငံကလည်း အချိန်နှင့် တပြေးညီဆိုသလို တက်တက် ကြွကြွ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်း ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိနေကြပါတယ်။

မဟာဗျူဟာ ပထမဆုံးအချက်ဖြစ် တဲ့ လူမှလူသို့ ကူးစက်မှု၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးစက်မှု လျှော့ချရေး အတွက် မြန်မာနိုင်ငံကလည်း ရောဂါပိုးတွေ့ရှိနိုင်ခြေရှိသူတွေကို စောင့်ကြည့် ထောက်လှမ်းလျက်ရှိတာ အမှန်ဖြစ်ပေမဲ့ လို့ သည်နေ့အထိ သံသယလူနာကို ပိုးစစ်ဆေးတဲ့အခါ ရောဂါပိုးမတွေ့သေးပါ ဘူး။ သို့ပေမဲ့လို့ အဲသည် ဗိုင်းရပ်စ်ရဲ့ အရေးအရာဟာ ရတက်အေးစရာတော့ မဟုတ်ပါဘူး။ သတိထားပြီး အသိနဲ့ ကာကွယ်ကြရမယ့် အခြေအနေမှာ ရှိပါ တယ်။

ရောဂါကာကွယ်နှိမ်နင်းရေး ဝတ်စုံ ပြည့်နဲ့ တရုတ်ပြည်မှာရှိတဲ့ဆေးရုံကြီး တွေက ကျန်းမာရေးဝန်ထမ်း ၁၇၀၀ကျော် ဟာ အဲသည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက် ခံရပြီး အဲသည်က ဝူဟန်မြို့လယ်ခေါင်က ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီးနဲ့ အဲသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို လူမှု မီဒီယာမှာ ရေးမိလို့ ဒေသအာဏာပိုင်တွေ ရဲ့ သတိပေးမှုခံခဲ့ရတဲ့ မျက်စိခွဲစိတ် အထူး ကုဆရာဝန် အပါအဝင် ကျန်းမာရေး ဝန်ထမ်း ခြောက်ဦးထက် မနည်း အဲသည် ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပါတယ်လို့ ဆိုပါတယ်။

ရောဂါ ကာကွယ်နှိမ်နင်းရေးမှာ မရှိမဖြစ် လိုအပ်ပါတယ်ဆိုတဲ့ မျက်နှာဖုံး Mask လိုမျိုး၊ တစ်ကိုယ်ရည် အကာအကွယ် ပစ္စည်း ( Personal protective Equipment, PPE)စတဲ့ လိုအပ်တဲ့ အခြေခံ ဆေးဝါးနဲ့ ပစ္စည်း ပစ္စယများကို အလုံ အလောက် စုဆောင်း ရယူထိန်းသိမ်းဖြန့် ဝေသုံးစွဲနိုင်မှုဟာ အားရစရာ မရှိပါဘူး။ ဒေသတွင်း နိုင်ငံပေါင်းစုံမှာလည်း လိုအပ်ချက်တွေ ရှိနေတဲ့ အားလျော်စွာ ကိုယ့်နိုင်ငံမှာ ထုတ်လုပ်နိုင်ခြင်းမရှိတဲ့ သည် ပစ္စည်းပစ္စယတွေကို သည်နေ့ ငွေရှိပါ တယ် ဆိုလျှင်သော်မှ အလုံအလောက် ရယူစုဆောင်း ဝယ်ယူ ထောက်ပံ့နိုင်ဖို့ရာ သည်အခြေအနေမှာ မဖြစ်နိုင်ပါဘူး။

သည့်အပြင် လူအင်အား၊ ဆေးပစ္စည်း နဲ့ အဲသည်ဗိုင်းရပ်စ်ပိုးရဲ့ ပြင်းထန်မှု အနေအထားကြောင့် လိုအပ်လာမယ့်အထူး ကြပ်မတ် ကုသဆောင်နဲ့ အထူးကြပ်မတ် ကုသမှုပေးနိုင်တဲ့ အသက်ရှူအားကူပစ္စည်း တွေ၊ နှလုံးနှိုးစက်တွေ ရှိနေနိုင်မယ့် (Intensive Care Unit and Intensive Care Unit Bed ) တွေ၊ လေအေးပေးစက် တပ်ထားနိုင်တဲ့ လေဝင်လေထွက်ကို ထိန်းချုပ်ထားနိုင်မယ့် အလုံပိတ်အခန်း တွေနဲ့ အောက်ဆီဂျင် အပြည့်အဝ အလုံ အလောက် ပေးနိုင်မယ့် ဆေးရုံတွေ၊ ဆေးဝါး ကုသမှုဌာနတွေဟာ မြန်မာနိုင်ငံလို အနေအထားမျိုးမှာ အပြည့်အစုံအလုံ အလောက် ရှိနေပါတယ်လို့ ဘယ်သူကမှ မယုံကြည် ကြပါဘူး။ ပစ္စည်းပစ္စယ Equipment အပြည့်အစုံနဲ့ နိုင်ငံတွေမှာ သော်မှ သည်မျှအထိ ကူးစက်နှုန်း မြင့်မားပြီး အသေအပျောက်များ ကြရတဲ့ သည်လို ရောဂါအတွက် ကျွန်တော်တို့အဖို့ မှာ ရတက်အေးကြဖို့ရာ မလွယ်လှပါဘူး။

သည့်အတွက် တစ်ကိုယ်ရည် ကာကွယ်မှု နည်းလမ်းတွေဖြစ်တဲ့ လူနေ ထူထပ်တဲ့ နေရာတွေ မလိုအပ်ဘဲ မသွား ဖို့၊ မသွားမဖြစ် သွားရလျှင်လည်း မျက်နှာ အကာအကွယ်နဲ့ သွားဖို့ ချောင်းဆိုးလျှင် ပဝါအုပ်ပြီးဆိုးဖို့၊ နှာရည်ကျလာလျှင် အကာအကွယ်သုံးဖို့နဲ့ စနစ်တကျစွန့်ပစ် ဖို့ မကြာခဏ စနစ်တကျ လက်ဆေးကြဖို့ မမေ့ကြစေချင်ပါ။

ကိုယ်ခံအားကောင်းနေဖို့ အိပ်ချိန်၊ စားချိန်မှန်မှန် စားသောက်နေထိုင်ဖို့နဲ့ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ရင်း ကိုယ့်ကျန်းမာရေးကိုယ်ခံစွမ်းရည် မြင့် နေအောင် သတိထားဂရုစိုက်ကြဖို့ သံသယ လူနာတွေ့ရင် နီးစပ်ရာ ကျန်းမာရေးဌာန တွေကို သတင်းပို့ကြဖို့ သတင်းတွေကို မျက်ခြေမပြတ်ဖို့၊ ကောလာဟလ သတင်း တွေကို မယုံကြည်ကြဖို့ ဆိုတာတွေကို မဖြစ်မနေလိုက်နာကြဖို့ မမေ့ကြစေလို ကြောင်း မေတ္တာဖြင့်လျှင် အသိပေးစကား ဆိုပါရစေလား။

သဗ္ဗေသတ္တာ ကမ္မသကာ။ ။

ကိုရိုးဆေး