ဈေးကွက်ကို အခြေမခံသည့် နွေရာသီ

0
530
editorial

မကြာမီ နွေရာသီ ကျောင်းပိတ်တော့မည်။

အမျိုးမျိုးအပြားပြားသော သင်တန်းကျောင်းများကလည်း များမြောင် လှစွာသော နွေရာသီ သင်တန်းများကို ဖွင့်လှစ်ရန် ကြော်ငြာလျက် ရှိသည်။

ယေဘုယျအားဖြင့်တော့ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ပန်းချီ၊ အားကစား စသည်တို့ဖြစ်သည်။ အများစု၏ စဉ်းစားချက်သည် ကလေးများအတွက် ဈေးကွက်ကို အခြေခံကြသည်။

ဘာသာစကား၊ ကွန်ပျူတာ စသည်တို့ကိုသာ အလေးကဲကြသည်။

ပန်းချီနှင့် အားကစားကို သင်ယူကြခြင်းမှာ ဈေးကွက်ကို အခြေခံသည့် စဉ်းစားချက်မဟုတ်သော်လည်း ရေစီးနောက်လိုက်ခြင်းထက် ပိုသည့် ခံယူချက် ဖြင့် သင်ယူကြသည်က ရှားသည်။

ကလေးများအား သင်ကြားခွင့်ပေးခြင်းသည် တစ်စုံတစ်ရာကို သင်ယူရန် ဖြစ်သော်လည်း ဈေးကွက် သို့မဟုတ် ဈေးနှုန်းကို အခြေခံသည့် စဉ်းစားချက်သည် တချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းရရန်အတွက်တစ်ခုတည်းကိုသာ ဦးတည် စဉ်းစားခြင်းမျိုး ဖြစ်သည်။ ကလေးများနှင့် ပတ်သက်ပြီး စဉ်းစားချက်သည် အသက် အရွယ်အရ ဝေးသေးသည့်အတွက် ဈေးကွက်အရ စဉ်းစားသည်ဟုပင် မထင်ရ လောက်အောင် ပါးပါးလျလျသာ ရှိနေဦးမည်ဖြစ်သည်။

ထို့သို့ မဟုတ်ဘဲ တန်ဖိုးအရ စဉ်းစားသည့် စဉ်းစားချက် ဖြစ်စေချင်သည်။
နွေရာသီတွင် ကလေးများကို ကိုယ့်ဝန်းကျင်ကို ချစ်တတ်သော၊ လူသားအချင်းချင်း ချစ်ခင် ကြင်နာတတ်သော၊ သဘာ၀တရားကို ခံစားတတ်သော၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော စသဖြင့် အမျိုးမျိုးသော တန်ဖိုးအခြေခံသည့် အတွေ့အကြုံနှင့် သင်ယူမှုမျိုး ရစေချင်ပါသည်။

စာသင်ကျောင်းများသည် ဈေးကွက် အခြေခံဖြစ်နေသည့်အတွက် နွေရာသီ ကျောင်းပိတ်ချိန်များတွင် ထိုသို့ အထူးတလည် လုပ်ပေးစေချင်ပါသည်။

ယင်းအတွက် လက်ရှိ ရေစီးကိုတော့ အနည်းငယ် ဆန်တက်ရမည်ဖြစ်သည်။ ကလေးများအတွက် တန်ဖိုးကို အခြေခံသည့် နွေရာသီ ဖြစ်စေချင်ပါသည်။

အယ်ဒီတာ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀)