အခြေခံပညာကျောင်းဖွင့်ရက် ထပ်မံဖြေလျော့

0
815

ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ ကျောင်းဖွင့်ရက်များကို ထပ်မံ ဖြေလျော့ပေးလိုက်ပြီ ဖြစ်ကြောင်း တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းဖွင့်ရက် ထပ်မံဖြေလျော့ ပေးချက်အရ (Grade-5) စတုတ္ထတန်း နှင့် (Grade-9) အဋ္ဌမတန်း စာမေးပွဲ များကို ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက်အထိ၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

ကျန်အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ကို မတ်လ ၄ ရက်မှ ၁၀ ရက်အထိ တစ်ရက်နှစ်ဘာသာနှုန်းဖြင့် ကျင်းပမည် ဖြစ်ပြီး နှစ်ဆုံး စာမေးပွဲများပြီးပါက နွေ ရာသီကျောင်းပိတ်ပြီဖြစ်ကြောင်း ဒေါ်မြင့်စိန် က ပြောသည်။

ပညာရေးဝန်ကြီးဌာနက မတ်လ ၃၁ ရက်ထိ ကျောင်းဖွင့်ရက်သတ်မှတ် ခဲ့သည့်အပေါ် မိဘဆရာများအကြား ဝေဖန်မှု မြင့်တက်လာခြင်းနှင့် ကျောင်း ဖွင့်ရက်ပြင်ဆင်သတ်မှတ်ပေးရန် နိုင်ငံ အဝန်း ဖဲကြိုးစိမ်းလှုပ်ရှားမှုများကြောင့် ဇန်နဝါရီ ၉ ရက်က တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ပညာရေးမှူးများနှင့် တွေ့ဆုံ ဆွေးနွေးကာ မတ်လ ၂၅ ရက်အထိ ကျောင်းဖွင့်ရက် ပြင်ဆင်သတ်မှတ်ခဲ့သည်။

ထိုနောက် အခြေခံပညာကျောင်း များ၏ ပညာသင်ကာလနှင့် ပတ်သက် ပြီး အမျိုးသားလွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီက ဖေဖော်ဝါရီလ ၃ ရက်တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် တွေ့ဆုံဆွေးနွေးမှုအရ အခြေခံပညာ ကျောင်းဖွင့်ရက်များကို ထပ်မံဖြေလျော့ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြ ထားသည်။

အခြေခံပညာဦးစီးဌာနမှ Grade- 9 အောင်မြင်ပြီး ကျောင်းဆက်မတက်နိုင် သူများနှင့် Gမade-10 ကျရှုံးသူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကျောင်း ဆက်မတက်ဖြစ်သူများအတွက် ကျောင်း တွင်းစစ်(ပြင်ပဖြေ) စာမေးပွဲကို မေလ ၂ ရက်မှ ၁၀ ရက်အတွင်း စစ်ဆေးမည် ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရ သည်။

မိုးမြင့်