ပင်စင်စားများလည်း လူမှုရေးပင်စင် ခံစားခွင့်ရှိ

0
557

အသက် ၈၅ နှစ်နှင့် အထက်ရှိပြီး အကြောင်းတစ်ခုခုဖြင့် ပင်စင်ရရှိထား သည့် အစိုးရဝန်ထမ်းများအားလုံးသည် လူမှုဝန်ထမ်း ဦးစီးဌာနက ထောက်ပံ့ပေးနေသည့် လူမှုရေးပင်စင်ကိုပါ ထပ်မံခံစားခွင့်ရှိကြောင်း တနင်္သာရီတိုင်း လူမှု ဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

ပင်စင်တွင် အသက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်၊ အထူးပင်စင်၊ မိသားစုပင်စင်၊ လျှော့ပေါ့ပင်စင်ဟု ပင်စင် ခုနစ်မျိုးအနက် ပင်စင်တစ်ခုခုကို ခံစားနေရင်း အသက် ၈၅ နှစ်ပြည့်ပါက လူမှုရေး ပင်စင်ပါ ထပ်မံရရှိခြင်း ဖြစ်သည်။

သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အရ လူမှုရေးပင်စင်ကိုပေးအပ်ခြင်းဖြစ် ပြီး တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် ပေးအပ်ခြင်း ဖြစ်သည်။

ထားဝယ်မြို့ရှိ မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူနေ သည့် ပင်စင်စားအချို့ကို မေးမြန်းကြည့်ရာ လူမှုရေးပင်စင်သည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဟု သိရှိထားကြောင်း ပြောဆိုကြသည်။

“(လူမှုရေးပင်စင်) ရမယ်လို့တော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပင်စင်နှစ်ခု ပေးမယ်လို့ မထင်ဘူးလေ”ဟု ထားဝယ်မြို့ ဥဿရံရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၆ နှစ်အရွယ် ပင်စင်စား ဦးဖေချစ်က ဆိုသည်။

လက်ရှိ ထားဝယ်မြို့တွင် တာဝန် ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်း အချို့သည်လည်း အသက်ပြည့်ပါက လူမှုရေးပင်စင် ခံစားခွင့် ရရှိသည့်အခြေအနေကို သေချာစွာ မသိရှိကြပေ။

လက်ရှိတွင် တိုင်းအတွင်း လူမှုရေး ပင်စင်ခံစားနေသည့် အဖိုး၊ အဖွား နှစ်ထောင်ကျော် (၂၅၈၆ ) ရှိကြောင်း တနင်္သာရီတိုင်း လှုမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး