ထားဝယ်မြို့ဝန်းကျင်တွင် အရှိန်ပြင်းယာဉ်များ ကြပ်မတ်ပေးပါ

0
477

ထားဝယ်မြို့အတွင်းနှင့် မြို့ပတ် ဝန်းကျင်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေကြသည့် ကားနှင့် ဆိုင်ကယ်များကို ကြပ်မတ်အရေးယူပေးရန် ဒေသခံများက အလိုရှိနေကြသည်။

ထားဝယ်မြို့အတွင်း ညဘက် အချိန်များတွင် အသက်မပြည့်သေးသည့် လူငယ်များက ဆိုင်ကယ်ကို အရှိန် အလွန်ပြင်းသည့် အမြန်နှုန်းဖြင့် အုပ်စုဖွဲ့ သွားလာနေမှုများ အတွေ့များလာ ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

အဆိုပါ ဆိုင်ကယ်များက ရွှေဝယ်သီရိရင်ပြင်ပတ်လမ်းတစ်လျှောက် မောင်းနှင်လေ့ရှိကြောင်း ၎င်းက ပြောသည်။

“ဖြစ်သွားရင် သူ့အတွက်လည်း လုံး၀မလွယ်ဘူး။ ကျန်တဲ့သူတွေအတွက်လည်း ရစရာမရှိအောင် ဖြစ်သွားနိုင်တယ်”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

အသက်မပြည့်သေးသည့် လူငယ် များ အရှိန်ပြင်းစီးနင်းနေမှုကို မြို့နေရာ အနှံ့တွင် တွေ့နေရပြီး အန္တရာယ်များ လွန်းသည့်အတွက် ဖမ်းဆီးကြပ်မတ်သင့် ကြောင်း သုံးဘီးယာဉ်မောင်းတစ်ဦး ဖြစ်သူ ဦးသန်းဇော်လေးက ပြောသည်။

“ဆိုင်ကယ်ကို ကလေးစီးလာတာ တွေ့ရင် အမြန်ဆုံးလမ်းဘေးကပ်ပေးနေ ရတယ်။ အရှိန်က အရမ်းများတာ။ ဒီလို ဖြစ်နေတာက အန္တရာယ်များတာ အမှန်ပဲ” ဟု ဦးသန်းဇော်လေးက ဆိုသည်။

ကား၊ ဆိုင်ကယ်များအနေဖြင့် မြို့ အတွင်းတွင် တစ်နာရီလျှင် မိုင် ၃၀ (၄၈ ကီလိုမီတာ)သာ မောင်းခွင့်ရှိပြီး မြို့ အပြင်တွင် မိုင် ၅၀ (၈၀ ကီလိုမီတာ) မောင်းနှင်ခွင့်ရှိကြောင်း အမှတ် ၇၄ ယာဉ် ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးခင်မောင်အေးက ဆိုသည်။

ထားဝယ်ယာဉ်ထိန်းတပ်ဖွဲ့တွင် အရှိန်နှုန်းတိုင်းတာသည့်စက်တစ်လုံးရှိ သော်လည်း သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းနေသည့် ယာဉ်ကို ဖမ်းဆီးရန်မှာမူ အခက်အခဲရှိကြောင်း ၎င်းက ပြောသည်။

“သူကလည်းလွတ်အောင်ပြေး၊ ကျွန်တော်တို့ကလည်း မိအောင်ဖမ်းရင် အန္တရာယ်တွေ ဖြစ်နိုင်တယ်။ အဲလိုမျိုး လိုက်ဖမ်းဖို့ကျတော့ အခက်အခဲလေးရှိတယ်”ဟု ဒုရဲမှူးခင်မောင်အေးက ဆို သည်။

ယခင်က ညဘက်တွင် ယာဉ်ထိန်းတပ်ဖွဲ့က စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေ သည်ကို တွေ့ရပြီး လက်ရှိတွင် မတွေ့ရတော့ကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

အထက်ပါ အရှိန်ပြင်းစီးနင်းမှုများ ကို ကြပ်မတ်ရန် ညဘက်ဖမ်းဆီးအရေးယူ မှုများကို အကြိမ်ရေစိတ်စွာ လုပ်ပေးရန် လိုအပ်ကြောင်း ဦးသန်းဇော်လေးက ဆိုသည်။

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းပါ က တစ်လထက်မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။

Dawei Watch