ကမ်းခြေသောင်ယံနိုင်ငံရေး

ဓာတ်ပုံ - ကိုဇော်
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အများပြည်သူနှင့် ပုဂ္ဂလိက – ကမ်းခြေကို ဘယ်သူပိုင်လဲ

ထားဝယ်ဒေသတွင် နေထိုင်သူတို့ မဆိုထားလင့်။ လောင်းလုံးကျွန်းဆွယ် နေထိုင်သူတို့အတွက်ပင် ထိုနေရာသည် သည်မျှအထိ ရေပန်းစားလာမည်ဟု မထင်ကြပါ။ ထိုနေရာသည် ငါးဖမ်းလုပ်သားတို့ စခန်းချရာ၊ နားခိုရာ၊ ရေချိုယူရာအဖြစ်သာ ထင်ရှားသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်က ဆိုလျှင် သူပုန်များ ပုန်းအောင်းရာနေရာ၊ သစ်ထုတ်ရာနေရာ ဖြစ်သည်။ ခရီးလမ်းပန်းလည်း ခက်လှသည်။ ရေကြောင်းကသာ အားကိုးရာ ဖြစ်သည်။

သို့သော် ယခုတော့ လောင်းလုံးကျွန်းဆွယ် အနောက်ဘက်ရှိကမ်းခြေများသည် ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းတို့အတွက် ရတနာ ဖြစ်လာသည်။ လောင်းလုံး ကျွန်းဆွယ်သာမကပါ ကမ်းရိုးတန်း မိုင်ထောင်ချီနှင့် ကျွန်းပေါင်း ၈၀၀ ကျော် ရှိသော တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးမှ ကမ်းခြေများသည်လည်း မက်မောဖွယ်ရာ ဖြစ်လာသည်။

အဖိုးတန်လာခြင်းနှင့်အတူ ပဋိပက္ခများလည်း တွဲပါလာသည်။ မြေယာပိုင်ဆိုင်မှု လက်ဦးမှုများ၊ ဟိုတယ်/ခရီး လုပ်ငန်းများကြောင့် ဒေသခံများ၏ နိစ္စဓူ၀ ဝမ်းစာရှာဖွေစားသောက်နေမှုအပေါ် စိန်ခေါ်မှုများ၊ အများပြည်သူ အနားယူအပန်းဖြေနိုင်မည့် နေရာနည်းပါးပျောက်ဆုံးလာမှုများ ရှိလာသည်။

တနင်္သာရီတိုင်းတွင် လူသိအများဆုံးဖြစ်သော မောင်းမကန်ကမ်းခြေကို ထင်သလို လွှတ်ထားလိုက်ခြင်း အပါအဝင် အစိုးရတွင် ကမ်းခြေစီမံခန့်ခွဲမှု အစီအစဉ်တိတိကျကျ မရှိခြင်းက ပြဿနာကို ပိုမို ကြီးထွားစေသည်။

ကမ်းခြေမြေယာလက်ဦးမှုများ

တိုင်းအတွင်းရှိ ကမ်းခြေပေါက် မြေနေရာအများစုကို အပန်းဖြေစခန်း ဆောက်ရန်ဟုဆိုကာ စီးပွားရေးလုပ်ငန်း ရှင်ကြီးများက အလုအယက် လက်ဦးမှု ရယူထားကြပြီး ဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း အပျိုစင် ကမ်းခြေပေါင်း ဆယ်ချီရှိပြီး ကမ်းခြေပေါက်မြေ အများစုကို မိရိုးဖလာပိုင်ဆိုင် ခဲ့ကြသည့် တောင်သူများထံမှ စီးပွားရေး လုပ်ငန်းရှင်များက ဝယ်ယူထားကြခြင်း ဖြစ်သည်။

ထားဝယ်ဒေသ၏ နာမည်ကြီး မောင်းမကန်ကမ်းခြေ၏ တောင်ဘက်အစွန်းနှင့်မြောက်ဘက်အစွန်းတွင်လည်း ကုမ္ပဏီကြီးနှစ်ခုက ဟိုတယ်ဆောက်ရန် မြေယာလုပ်ကိုင်ခွင့် အသီးသီးရရှိထားကြသည်။

တောင်ဘက်အပိုင်းတွင် TDDPC (တနင်္သာရီဟိုတယ်) က လုပ်ကိုင်ခွင့်ရထားပြီး မြောက်ဘက်အစွန်းတွင် ထားဝယ် အများပိုင် DDPC ကုမ္ပဏီက ဟိုတယ် လုပ်ငန်းအတွက် မြေယာလုပ်ကိုင်ခွင့် ရထားကြသည်။

TDDPC နှင့် ဒေသခံများအကြား ပြဿနာအနည်းငယ်သာရှိခဲ့သော်လည်း DDPC ကုမ္ပဏီလုပ်ကိုင်ခွင့်ရနေရာနှင့် ပတ်သက်၍ မောင်းမကန်ဒေသခံများနှင့် ကုမ္ပဏီအကြားတွင် ပြဿနာ မီးစများ ရှိနေဆဲ ဖြစ်သည်။

ယင်းပြဿနာများအနက် DDPC လုပ်ကိုင်ခွင့်ရနေရာ၏ မြောက်ဘက် အစွန်းတွင်ရှိနေသည့် ငါးဖမ်းလှေများ ရပ်နားလေ့ရှိသည့် မြေဖြူတိုင်အမည်ရ တံငါစခန်းလေးသို့ သွားမည့်လမ်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။

ယင်းအလုပ်စခန်းလေးတွင် တံငါတဲပေါင်း ၅၀ ခန့်ရှိနေပြီး ဒေသခံကမ်းနီး ငါးဖမ်းလှေများက ငါးသယ်ခြင်း၊ ရေခဲချ ခြင်း၊ စားစရိတ်ချခြင်း၊ လှေရပ်နားခြင်းပြုရာ နေရာတစ်ခုဖြစ်နေသည်။

မြေဖြူတိုင်လှေဆိပ်သို့သွားရန် လမ်း ကို ကုမ္ပဏီက ဖောက်လုပ်ထားပြီး အဆိုပါလမ်းကို ဖြတ်သန်းခွင့်မပေးပါက ဒေသခံငါးဖမ်းလှေများ အခက်အခဲဖြစ်လာနိုင်ကြောင်း ငါးဖမ်းလှေဦးစီးလုပ်ကိုင် နေသူ ဦးမြင့်ဇော်က ဆိုသည်။

“ဒီလမ်းကို ပိတ်လိုက်ရင် အခြားလမ်းက မရှိတော့ဘူး” ဟု ဦးမြင့်မောင်က ပြောသည်။

မောင်းမကန်ကမ်းခြေမြောက်ဘက်ခြမ်းရှိ အကျယ်အဝန်း ဧက လေးရာကျော်ကို DDPC ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားပြီး ကနဦး ပထမအဆင့် စီမံကိန်းအဖြစ် ဧက ၆၀ ကျော်တွင် အဆောက်အအုံများ တည်ဆောက်ထားကြောင်း မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဆိုသည်။

ကုမ္ပဏီက ၎င်းပိုင်မြေနေရာအား ခြံစည်းရိုးကာရံကာ သတ်မှတ်ထားခြင်း မျိုးမရှိသည့်အတွက် ဒေသခံများနှင့် ပြဿနာဖြစ်ခဲ့ဖူးသည့် သာဓကများရှိကြောင်း အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ရှင်းပြသည်။

ငါးဖမ်းလှေဆိုက်ကပ်သည့် လှေဆိပ်သို့ သွားရာလမ်းကို ကုမ္ပဏီဘက်က တားမြစ်ခဲ့သည့်အတွက် ဒေသခံများနှင့် ကုမ္ပဏီအကြား ပြဿနာဖြစ်ပွားခဲ့ဖူးကြောင်း မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဆိုသည်။

“လမ်းတော့သတ်သတ်မှတ်မှတ် လုပ်ပေးသင့်တယ်။ ဒါမှလည်း ပြဿနာ ဖြစ်စရာအကြောင်းမရှိမှာ။ ဒါမှမဟုတ်ရင် ပြဿနာက အမြဲကြုံတွေ့နေရတာ”ဟု ဦးသန်းနိုင်က ပြောသည်။

အဆိုပါလှေဆိပ်တွင် ပျမ်းမျှငါးဖမ်း လှေအစီးရေ တစ်ရာဝန်းကျင်အထိ ဝင်ထွက် သွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းလှေဆိပ်သို့ သွားမည့် ငါးသယ်လမ်းကို ကုမ္ပဏီအစီအစဉ်ဖြင့် သီးခြားဖောက်ပေးမည်ဖြစ်ကြောင်း DDPC ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ဆိုသည်။

“ငါးသယ်လမ်းကို သီးခြားလမ်း တစ်လမ်းလုပ်ပေးဖို့ စီစဉ်ပြီးပြီ”ဟု ဦးကျော်ဝင်းက ပြောသည်။

မောင်းမကန်ကမ်းခြေနည်းတူ အခြားကမ်းခြေရှိ မြေကွက်အများစုကို ထားဝယ် ရေနက်ဆိပ်ကမ်း စတင်အကောင်အထည် ဖော်ချိန်မှစတင်ကာ ဝယ်ယူမှုပိုများလာခဲ့ကြောင်း တနင်္သာရီတိုင်း အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအတွင်းရေးမှူး ဦးစိုးသိန်းက ဆိုသည်။

ယင်းကဲ့သို့ ဝယ်ယူရာတွင် ဟိုတယ်လုပ်ငန်း အကောင်အထည်ဖော်မည့်သူထက် အကျိုးအမြတ်အတွက် ဝယ်ရောင်း (ပွဲစား) လုပ်သူက ပိုများကြောင်း ဦးစိုးသိန်း က ပြောသည်။

ဦးစိုးသိန်းသည် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ကတည်းက စတင်လုပ်ကိုင်ခဲ့သူဖြစ်သည်။

၎င်းလုပ်ကိုင်လာခဲ့သည့် သက်တမ်း တစ်လျှောက်တွင် ၂၀၁၀ ခုနှစ် နောက်ပိုင်း တွင် ကမ်းခြေပေါက်မြေဝယ်ယူမှု ပိုများလာသည်ဟု ဆိုသည်။

ထို့အပြင် ကမ်းခြေသို့သွားရာ လမ်းဧရိယာကိုလည်း စီးပွားရေးလုပ်ငန်းရှင်များက ဝယ်ယူထားကြသည့်အထဲ ပါသွားကြောင်း ၎င်းက ဆိုသည်။

“ကမ်းခြေကို လမ်းဖောက်မယ့် ဧရိယာကို သူတို့ဝယ်ထားတယ်။ သူတို့ ပေးမှရမယ်ဆိုတဲ့ အနေအထားမျိုးတွေ ကြားရတယ်ဗျ”ဟု ဦးစိုးသိန်းက ပြောသည်။

ကမ်းခြေပေါက်မြေများကို စီးပွားရေး လုပ်ငန်းရှင်များက လက်ဦးမှုယူ ဝယ်ယူပြီးနောက်ပိုင်းတွင် ဒေသခံများနှင့် ထိပ်တိုက် တွေ့ဆုံမှုများလည်း ဖြစ်လာသည်။

ထားဝယ်ဒေသရှိ နာမည်ကြီးကမ်းခြေများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရေဖြူမြို့နယ်အတွင်းမှ ဖားချောင်းအင်း ကမ်းခြေတွင်လည်း ကမ်းခြေပေါက်မြေ ပိုင်ဆိုင်ထားသည့် စီးပွားရေးလုပ်ငန်းရှင် အချို့က ဒေသခံများကို တရားစွဲဆိုထားသည်။

ကမ်းခြေပေါက်မြေကို ဝယ်ယူပြီး ၂၀၀၉ ခုနှစ်တွင် အများပြည်သူ အပန်းဖြေနေသည့် ပင်လယ်ကမ်းခြေအထိ ခြံ စည်းရိုးခတ်လာသည့်အတွက် အမှုအခင်း ဖြစ်လာသည့်အဆင့်ထိ ရောက်လာကြောင်း ဖားချောင်းအင်းကျောင်း ဆရာတော်က မိန့်သည်။

ကမ်းခြေအထိ ခြံခတ်လာပြီးနောက်ပိုင်းတွင် ကမ်းခြေသို့ဆင်းရာလမ်းတစ်လျှောက် မြေခင်းခြင်းနှင့် ကမ်းခြေတွင် အများသုံး အိမ်သာများ ဆောက်လုပ်ခြင်းများကို အများပြည်သူအလှူငွေများဖြင့် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက မိန့်သည်။

“ကိုယ့်ရွာတိုးတက်ဖို့ဟာ ကြိုက်တာ လာလုပ်၊ ကျေနပ်တယ်။ ဒါပေမယ့် အများပြည်သူနေရာ ဖြစ်နေရမယ်”ဟု ဆရာတော်က မိန့်သည်။

တိုင်းဒေသကြီးအစိုးရကမူ ကမ်းခြေ နေရာများကို ပုဂ္ဂလိကပိုင်ဆိုင်က ပိုင်ဆိုင်ခြင်းကို ခွင့်မပြုဘဲ အများပြည်သူပိုင်နေရာအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း ပြောဆို ထားသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ နာမည် ကြီးကမ်းခြေအချို့ကိုလည်း ရန်ကုန်မြို့ အခြေစိုက် Excellent Fortune Development Group ကုမ္ပဏီအုပ်စု က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အသုံး ပြုခွင့် လျှောက်ထားခဲ့သည်။

ယင်းကုမ္ပဏီပိုင်ရှင်က ကုမ္ပဏီအမည် အမျိုးမျိုးကိုအသုံးပြုကာ ကမ်းခြေပေါက် မြေများ၊ ကျွန်းများကို လျှောက်ထားခြင်း ဖြစ်သည်။

၎င်းတို့၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မီ ခရီးသွားလာရေးလုပ်ငန်း၊ အပန်းဖြေဝန်ဆောင်မှုလုပ်ငန်းများ၊ ရေပေါ် ရေအောက် အားကစားကွင်းများနှင့် ဟိုတယ်စီမံကိန်းလုပ်ရန်ဟုဆိုကာ လုပ်ပိုင်ခွင့်လျှောက်ထားခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရဘက်က လုပ်ပိုင်ခွင့်ပြုသည်/မပြုသည်ကို တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

လောင်းလုံးမြို့နယ်အတွင်းရှိ ကမ်းခြေ များအနက် နာမည်ကြီး ဖိုးဖိုးကျောက်ကမ်းခြေတွင်လည်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက အသီးသီး ပိုင်ဆိုင်ထားကြပြီးဖြစ်ကြောင်း ယင်းကမ်းခြေတည်ရှိရာ ကျောက် တွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။

ယင်းကမ်းခြေရှိ ကမ်းခြေပေါက် မြေကွက်များကို ၎င်းအုပ်ချုပ်ရေးမှူးမဖြစ်မီ ၂၀၁၃ ခုနှစ်မတိုင်မီကပင် အရောင်းအဝယ်လုပ်ထားကြပြီး ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ကမ်းခြေဆင်းဖို့ နယ်နိမိတ်တော့ ယူထားတယ်။ လမ်းအတွက် (မြေကွက် ပိုင်ရှင်ကို) တောင်းဆိုထားတယ်”ဟု ဦးသန်းဝင်းက ဆိုသည်။

Excellent Fortune Development ကုမ္ပဏီအပါအဝင် ဦးစိုင်းမျိုးဝင်း ဦးဆောင်လုပ်ကိုင်သည့် ကုမ္ပဏီများက ကမ်းခြေ ပေါက်မြေကွက်အချို့ကို ဓားမဦးချ ပိုင်ဆိုင်သည်ဆိုသည့် ဒေသခံများထံမှ ဝယ်ယူရန် စရန်ပေးချေထားပြီး ငွေအပြေ အကြေမပေးချေမီ ကာလအတွင်း မြေဧရိယာအားလုံးကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အသုံးပြုခွင့် လျှောက်ထားခြင်းဖြစ်ကြောင်း ကျောက်တွင်းကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါနေရာမှ မြေကွက်များကို တစ်ဧကလျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် ဝယ်ယူထားပြီး စရန်ငွေ ပေးချေထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေများ နည်းတူ ကော့သောင်းခရိုင်အတွင်းရှိ ကမ်းခြေပေါက်မြေများလည်း လုပ်ငန်းရှင်များ၏ လက်ဝယ်ရောက်ရှိနှင့်ပြီးဖြစ်သည်။

ကော့သောင်းမြို့မှ မိုင် ၅၀ ကျော် အကွာတွင်ရှိပြီး လတ်တလောတွင်မှ နာမည်ကြီးလာသည့် ဂျပန်ကမ်းခြေတွင် လည်း ပိုင်ဆိုင်သူများ ရှိနှင့်နေပြီးဖြစ် သည်။

ဂျပန်ကမ်းခြေတွင် ကမ်းခြေပေါက် မြေပိုင်ဆိုင်သူ ၃ ဦးထက်မနည်းရှိနေပြီး လက်ရှိတွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အပန်းဖြေစခန်းအသွင် တည်ဆောက်ထားပြီး ဖြစ်သည်။

ထို့အတူ ဆယ်မိုင်ကမ်းခြေတွင်လည်း လုပ်ငန်းရှင်က ကမ်းခြေအဝန်းအဝိုင်းကို ခြံခတ်ကာ စားသောက်ဆိုင်ဖွင့် လှစ်ထားသည်။

တိုင်းအစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များက ကမ်းခြေပေါက်မြေများကို လက်ဦးမှုယူဝယ်ယူထားကြသည့် ပြဿနာကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ဦးစိုးသိန်းက ထောက်ပြ သည်။

ကမ်းခြေ ဒီရေအတက်ဆုံးနေရာမှ ပေ ၁၅၀ အတွင်း မည်သည့်လုပ်ငန်းရှင်ကိုမှ လုပ်ကိုင်ခွင့်မပေးဘဲ အများပြည်သူနေရာအဖြစ် ထားရှိမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြောဆိုထားသည်။

အပန်းဖြေစခန်း အပါအဝင် အခြားလုပ်ငန်းများအတွက် မြေလွတ်မြေလပ်နှင့် မြေရိုင်းအသုံးပြုခွင့် လျှောက်ထားမှုကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ဌာနများက သေချာစွာစိစစ်ပြီးမှသာ လုပ်ကိုင် ခွင့်ချထားခြင်း၊ သဘောထားမှတ်ချက်ပေး ခြင်းများ လုပ်ဆောင်နေကြောင်း တိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

ထို့အပြင် ကမ်းခြေဆင်းမည့်လမ်း မရှိပါက လမ်းအတွက် နေရာရရန် ခြံပိုင်ရှင်များနှင့် ညှိနှိုင်းပြောဆိုသွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

“ကမ်းခြေကိုသွားမယ့်လမ်းရှိမှ သူ့ မြေတန်ဖိုးရှိမယ်။ သူ့ကို သဘောပေါက် အောင် ပြောပြရမယ်” ဟု ဝန်ကြီးဦးမြင့်စန်းက ဆိုသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ဖိုးရှမ်းကမ်းခြေတွင်မူ ကမ်းခြေပေါက် မြေများကို ဘုရားဝတ္တကမြေအဖြစ် သတ် မှတ်ထားခြင်းကြောင့် စီးပွားရေး လုပ်ငန်း ရှင်များ၏ ဝယ်ယူမှုကို မခံရပေ။

ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်ခွင့်
ကမ်းခြေပေါက်မြေများကို စီးပွားရေး လုပ်ငန်းရှင်များက ဝယ်ယူလိုက်သည့်အတွက် ဒေသခံတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်ခွင့်ကို ထိပါးမှုများရှိလာကြောင်း ဖွင့်ဟပြောဆိုကြသည်။

လုပ်ကိုင်စားသောက်ခွင့် ပျောက်ဆုံးသွားကြောင်း ရင်ဖွင့်လာသူများအနက် တစ်ဦးမှာ ကဗွီးနှစ်ပင်ရွာမှ အသက် ၃၀ နှစ်အရွယ်ရှိသည့် မမိုးစန္ဒာလည်း တစ်ဦး အပါအဝင်ဖြစ်သည်။

သူမ ငယ်ရွယ်ချိန် လူမှန်းစသိချိန်ကတည်းက မောင်းမကန်ကမ်းခြေရှိ သီဟိုပင်မှ သီဟိုသီးများကို အလုအယက် ကောက်ယူရောင်းချလေ့ရှိသည်။

သူမ သီဟိုဠ်သီးကောက်ယူသည့်နေရာက လက်ရှိတွင် ငွေကြေးတတ်နိုင်သူတို့ အပန်းဖြေအနားယူရာ ဟိုတယ် များဖြင့် အစားထိုးနေရာယူသွားပြီဖြစ် သည်။

“သူတို့မလာခင်ကတော့ ရှာစားတာပေါ့။ သူတို့လာတဲ့အချိန်မှာ တားမြစ်လိုက်တော့ ရှာလို့မရတော့ဘူးပေါ့။ အပင်တွေဆို ဘက်ဟိုးတွေနဲ့တူးပြီး အဆောက် အအုံဆောက်ချလိုက်တော့ မရှိတော့ဘူး ပေါ့”ဟု မမိုးစန္ဒာက ပြောသည်။

ယင်းကဲ့သို့ တားမြစ်ကန့်သတ်လိုက်သည်မှာ ပြီးခဲ့သည့် ၈ နှစ်ခန့်ကြာမြင့်ပြီ ဖြစ်ကြောင်း သူမက ဆိုသည်။

DDPC ကုမ္ပဏီကမူ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ၎င်းတို့ လုပ်ကိုင်ခွင့်ရကမ်းခြေပေါက်တွင် ဒေသခံများအတွက် ဆိုင်ခန်းများ ဆောက်လုပ်ပေးမည်ဖြစ်ပြီး ဟိုတယ်ဝန်ထမ်းကိုလည်း ဒေသခံများကို ဦးစားပေး ခန့်ထားမည်ဟု ဆိုသည်။

ညဈေးကဲ့သို့ ဆိုင်ခန်းငယ်များကို ကုမ္ပဏီကဆောက်လုပ်ပေးပြီး လျှပ်စစ်မီး နှင့် ရေဖိုးကို ရောင်းချသူက ကျခံစေမည့် စနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း DDPC ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

မောင်းမကန်ကမ်းခြေကဲ့သို့ အခြားကမ်းခြေများတွင်လည်း ဒေသခံများ၏ လုပ်ကိုင်စားသောက်ခွင့်များ ပျောက်ဆုံးလာမည့် အရိပ်အယောင်ပြနေသည်။

နာမည်ကြီး ဖိုးဖိုးကျောက်ကမ်းခြေတွင်ပင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဝယ်ယူ ပြီးသည့် ကမ်းခြေပေါက်မြေကွက်များ အရှေ့ဒီရေရောက်နေသည့်နေရာတွင်ပင် “ဈေးမရောင်းရ” ဆိုသည့် ဗီနိုင်းပြားကြီးများ စိုက်ထူထားတတ်သည်။

သို့ရာတွင် ယင်းဗီနိုင်းများရှေ့တွင်ပင် စားသောက်ဆိုင်များ ခင်းကျင်းရောင်းချနေသည်ကို တွေ့ရတတ်သည်။

ထိုသို့ စားသောက်ဆိုင်ရောင်းချ ခွင့်ရရန်အတွက် အပန်းဖြေစခန်း စတင်အကောင်အထည်ဖော်ချိန်တွင် ဆိုင်ဖျက် ပေးမည့်အကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးထံတွင် လက်မှတ်ထိုးထားရကြောင်း ဖိုးဖိုးကျောက်ကမ်းခြေတွင် ဆိုင်ရောင်းချနေသူအချို့က ဆိုသည်။

ယင်းကဲ့သို့ လက်မှတ်ထိုးစေခြင်းမှာ ကမ်းခြေတွင် စားသောက်ဆိုင်များ အခိုင်အမာဆောက်ကာ မလိုလားအပ် သည့် ပြဿနာဖြစ်လာမည်ကို စိုးရိမ်သဖြင့် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ကျောက်တွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။

ဖိုးဖိုးကျောက်ကမ်းခြေတွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ဒေါ်သက်သက်လွမ်းကမူ ယင်းကဲ့သို့ ဆိုင်ရောင်းချခွင့်မပြူပါက ဒေသခံများ၏ လုပ်ကိုင်စားသောက်ခွင့်မရှိဘဲ အလုပ်လက်မဲ့ဖြစ်သွားမည်ကို စိုးရိမ်မိသည်ဟု ပြောသည်။

“ဒေသခံတွေရဲ့ ရောင်းဝယ်လုပ်စား ခွင့်ကတော့ ပိတ်ပင်သွားလိမ့်မယ်ထင် တယ်။ ဒေသခံတွေ ဒုက္ခဖြစ်ပြီပေါ့ရှင်”ဟု မသက်သက်လွမ်းက ငြီးတွားပြောဆို သည်။

စီးပွားရေးလုပ်ငန်းရှင်များ ဝယ်ယူ ခဲ့သည့် ကမ်းခြေပေါက်မြေများတွင် ဒေသခံရွာသားများ မီးဖိုချောင်သုံး ထင်း ခုတ်သည့်နေရာ၊ ဂဏန်းထောင်သည့် နေရာများလည်း ပါဝင်နေသည်ဟု တိုင်းအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအတွင်းရေးမှူး ဦးစိုးသိန်းက ဆိုသည်။

ထိုသို့ ဝယ်ယူလိုက်ကြသည့်အတွက် ဒေသခံများ သစ်ဝါးခုတ်မည့် စားကျက် နေရာပါ ပျောက်ဆုံးလာပြီး မြေပိုင်ရှင် ခွင့်ပြုမှသာ ခုတ်ယူရသည့် အနေအထားများ ဖြစ်လာကြောင်း ၎င်းက ပြောသည်။

“အစိုးရက ရွာပိုင်မြေအဖြစ်နဲ့ သတ်မှတ်ချက်တစ်ခုထားပြီး သေသေချာချာစီမံကွပ်ကဲပြီး ရောင်းသင့်/ မရောင်း သင့် စီစဉ်ပေးဖို့လိုမယ်” ဟု ဦးစိုးသိန်းက ဆိုသည်။

ကျောက်တွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကမူ ဒေသခံများ ထင်းခုတ်၊ ကဏန်းရှာသည့်အပေါ် မြေပိုင်ရှင် များက မတားဖြစ်သေးသော်လည်း လုပ်ခွင့်မပြုတော့ပါက ဒေသခံများ ဝိုင်းဝန်းတောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။

ပျောက်ဆုံးလာသော အများပြည်သူ အပန်းဖြေနေရာ
ထားဝယ်ဒေသ၏ နာမည်ကြီး မောင်းမကန်ကမ်းခြေတွင်ပင် ပြည်သူများ မိသားစုအလိုက်လွတ်လပ်စွာ အပန်းဖြေနိုင်မည့် နေရာများ တဖြည်းဖြည်း ပျောက်ဆုံးလာနေသည်။

ကမ်းခြေအနီးကို စရောက်သည်နှင့် ပွစာကြဲနေသည့်အမှိုက်ပုံကြီးက ဆီးကြိုနေသည်။ ဆက်သွားမည်ဆိုပါက စားသောက်ဆိုင်တန်း၏ ဆိုင်နောက်ဖေးကို မြင်ရမည်ဖြစ်ပြီး ဆက်သွားပါက ကားပါကင်ကို တွေ့ရမည်ဖြစ်သည်။

ပင်လယ်ကမ်းခြေ၏အလှတရားမှာ ကားပါကင်၏ အနောက်ဘက်တွင် ပုန်းလျှိုးနေသည်။
ယခင်က ကမ်းခြေသဲသောင်ပြင် အရိပ်အာဝါသကောင်းသည့်နေရာများတွင် မိသားစုအလိုက်၊ အုပ်စုအလိုက် အနားယူ ထမင်းဝိုင်းဖွဲ့စားကြသည့်နေရာများမှာ လက်ရှိတွင် စားသောက်ဆိုင်တန်းများနှင့် ကားပါကင်က နေရာဝင်ယူ ထားသည်။

ထားဝယ်ဒေသ၏ နာမည်ကြီး မောင်းမကန်ကမ်းခြေတွင်မူ ယာယီစားသောက်ဆိုင် တစ်ရာကျော် ရှိနေသည်။ သို့သော် ယင်းဆိုင်ခန်းများကို စနစ်တကျ ခွင့်ပြုနေရာချထားခြင်းမဟုတ်ဘဲ ဆိုင်ရှင် တစ်ဦးချင်းစီက သင့်လျော်သလို တည်ဆောက်ထားခြင်း ဖြစ်သည်။

တိုင်းအတွင်းရှိ အခြားကမ်းခြေများလည်း မောင်းမကန်ကမ်းခြေကဲ့သို့ အခင်းအကျင်းမျိုး ဖြစ်မလာစေရန် တိုင်းအစိုးရအနေဖြင့် ဘတ်ဂျက်ငွေ ကြေးသုံးစွဲကာ စနစ်တကျစီမံသင့်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ထောက်ပြပြောဆိုသည်။

နာမည်ကြီး ကမ်းခြေအချို့တွင် စားသောက်ဆိုင်များ၏ အစားအသောက် သန့်ရှင်းသပ်ရပ်မှု၊ အိမ်သာရေချိုးခန်း လုံခြုံစိတ်ချရမှု အားနည်းနေသည်ဟု ၎င်းက ဆိုသည်။

“မောင်းမကန်ကမ်းခြေကို ဥပမာ ယူပြီး ဘယ်ကမ်းခြေကိုမဆို ကိုင်တွယ် သင့်နေပြီ။

ဒီလိုဖြစ်နေတာက ဒေသ အတွက်လည်း ပုံရိပ်မကောင်းဘူး”ဟု ဒေါ်မိုးမိုးသူက ပြောသည်။

မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ကမူ တိုင်းအစိုးရက အတည်ပြုထားပြီးဖြစ်သည့် မောင်းမကန် ကမ်းခြေ စီမံချက်ကို အကောင်အထည်ဖော်ပါက အထက်ပါ ပြဿနာများ ပြေလည်သွားနိုင်ကြောင်း ယုံကြည်နေသည်။

ကမ်းခြေတွင် စားသောက်ဆိုင်တန်းများ၊ ဘန်ဂလိုများ၊ အမှိုက်ကိစ္စများ စနစ်တကျဖြစ်လာစေရန်အတွက် မောင်းမကန်ကမ်းခြေ အစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စားသောက်ဆိုင်တွေ သတ်သတ် မှတ်မှတ်လုပ်ပေး၊ ကားပါကင်တွေ သေချာလုပ်ပေးရင် ကမ်းခြေအလှက ပိုပြီးလှပမယ်လို့ ထင်တယ်”ဟု ဦးသန်းနိုင် က ပြောသည်။

တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက ကမ်းခြေနှင့် ကမ်းခြေအနီးတစ်ဝိုက်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် ခွင့်ပြုထားသည့် စာရင်း ဖြစ်သည်။ ထိုဟိုတယ်များအပြင် ယခင်အစိုးရလက်ထက်တွင် ကျွန်း ၁၂ ကျွန်းတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် လုပ်ကိုင်ခွင့်ပြုထားသည်။

စဉ်ကုမ္ပဏီအမည်   ခွင့်ပြုသည့်နေရာ
Dawei Beauty ကမ်းခြေလမ်း၊ မောင်းမကန်ကျေးရွာ၊ လောင်းလုံးမြို့နယ်။
Mandolis တီဇစ်ကျေးရွာ၊ လောင်းလုံးမြို့နယ်။
DDPC မောင်းမကန်ကျေးရွာ
Century Bright Gold စူငယ်ဘာလိုင်းကျေးရွာ၊ ကော့သောင်းမြို့နယ်
Good Shan Brother International ဇာဒက်ကြီးကျေးရွာအုပ်စု၊ ကော့သောင်းမြို့နယ်
Dawei R Y S T ကျောက်တွင်းကျေးရွာအုပ်စု၊ လောင်းလုံးမြို့နယ်  
Amazing Dawei ကျောက်မတ္တပ်ကျေးရွာ၊ လောင်းလုံးမြို့နယ်
San Lan Ventures စမ်းလှမ်းကျေးရွာ၊ လောင်းလုံးမြို့နယ်
Myanmar Made တီဇစ်ကျေးရွာအုပ်စု၊ လောင်းလုံးမြို့နယ်
၁၀ Au Tems Des Cerise ကျုံးကဏန်းကမ်းခြေ၊ စမ်းလှမ်းကျေးရွာအုပ်စု၊ လောင်းလုံးမြို့နယ်


ကိုဇော်