မြေရှားသတ္တု ရှာပုံတော်ဖွင့်ပြိုင်ပွဲ

0
1705

ယနေ့ခေတ် နိုင်ငံတကာ သတ္တုဈေးကွက်တွင် ခေတ်စားလာသည့် ပစ္စည်းတစ်မျိုးမှာ မြေရှားသတ္တု ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကချင်ပြည်နယ်မှာ တူးထုတ်နေတာ ရှိသည်။ပြီးခဲ့သည့် အပတ်က ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးတာကို တားမြစ်သဖြင့် တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့အကြောင်း ပြည်တွင်း သတင်းအချို့တွင် ဖော်ပြထားသေးသည်။

သတ္တုပေါသည်ဆိုသည့် ကျွန်တော်တို့တိုင်းပြည်၊ ကျွန်တော်တို့ဒေသနှင့် စိမ်းသည့် မြေရှားသတ္တုဆိုသည်မှာ အဘယ်နည်း။

မြေရှားသတ္တုကို ၁၇၈၀ ပြည့်နှစ်ကျော်လောက်က ဆွီဒင်မှာစတွေ့ခဲ့ခြင်း ဖြစ်သည်။
မြေရှားသတ္တုသည် ဓာတ်သတ္တု အမျိုးအစား ၁၇ မျိုးပါဝင်သော သတ္တု အမျိုးအစားတစ်ခုဖြစ်သည်။ ယင်းတွင် အများအားဖြင့် စကင်ဒီယမ် သတ္တုအမျိုးအစား ပါဝင်လေ့ရှိသည်။

မြေရှားသတ္တုအမျိုးအစားတွင် ပါဝင်သော သတ္တုနှင့် သတ္တုစပ်များကို လူအများနေ့တိုင်း အသုံးပြုနေသော ကွန်ပြူတာ မန်မိုရီ၊ DVD၊ ပြန်အားသွင်း နိုင်သော ဘက်ထရီ၊ လက်ကိုင်ဖုန်း၊ ကားအင်ဂျင်ထွက် မီးခိုးများကို လျော့ပါးအောင် လုပ်စေသော ကိရိယာ၊ သံလိုက် စသည့် အမျိုးမျိုးသော ပစ္စည်းများတွင် အသုံးပြုသည်။

မြေရှားသတ္တုကို အသုံးပြု၍ ထုတ်သော ပစ္စည်းများ ယနေ့ခေတ်တွင် အဆပေါင်းများစွာ တိုးပွားလာသည့်နှင့် အမျှ မြေရှားသတ္တုလိုအပ်ချက်လည်း အဆမတန် မြင့်မားလာသည်။

ဥပမာအားဖြင့် လွန်ခဲ့သော နှစ် ၂၀ ကျော်က လက်ကိုင်ဖုန်း အသုံးပြုမှု အနည်းငယ်သာ ရှိသော်လည်း ယခုအခါ လက်ကိုင်ဖုန်း အသုံးပြုမှု သန်းခုနစ်ထောင်ကျော်လာပြီ ဖြစ်သည်။

ယင်းအပြင် ကွန်ပြူတာ အသုံးပြု မှု တိုးပွားလာသည်နှင့်အမျှ ကွန်ပြူတာ နှင့် ဆက်စပ်ပစ္စည်းများတွင် အသုံးပြုသောပစ္စည်း ထုတ်လုပ်မှုတိုးပွားလာရာ မြေရှားသတ္တု လိုအပ်ချက်လည်း များပြားလာသည်။ ကင်မရာ၊ လက်ကိုင်ဖုန်း၊ တက်ဘလက် စသည့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် အသုံးပြုသော ဘက်ထရီ လိုအပ်ချက်လည်းများလာရာ မြေရှား သတ္တု လိုအပ်ချက်လည်း များပြားလာသည်။

ယင်းအပြင် မြေရှားသတ္တုကို စစ်ရေး၊ ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုသည်။ ညကြည့်မျက်မှန်၊ GPS နှင့် အခြားသော ကာကွယ်ရေးသုံး အီလက်ထရွန်းနစ် ပစ္စည်းများမှသည် သံချပ်ကာယာဉ်၊ ကျည်ဖူးကဲ့သို့သော ပစ္စည်းများအထိလည်း အသုံးဝင်သည်။

တရုတ်နိုင်ငံမှာ တစ်ကမ္ဘာလုံး မြေရှားဈေးကွက်၏ ၇၀ မှ ၈၀ ရာခိုင်နှုန်းအကြား ရောင်းချပေးသည်။ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း တရုတ်က ပြည်တွင်းသုံးရန် အဓိက ဦးတည်ချက်၊ သဘာဝပတ်ဝန်း ကျင်ရေးရာ အကြောင်းပြချက်တို့ဖြင့် မြေရှားထုတ်လုပ်မှုကို ကန့်သတ်လိုက်ရာ မြေရှားဝယ်ယူအသုံးပြုသူ အမေရိကန်၊ ဂျပန်တို့နှင့် အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့သေးသည်။

ယင်းအပြင် မြေရှားသတ္တုကို တရုတ်တို့က ကုန်သွယ်ရေး လက်နက်သဖွယ် အသုံးချလာမည်ကိုလည်း စိုးရိမ်မှုများ ရှိလာသည်။ တစ်ခါက တရုတ်နိုင်ငံ၏ ခေါင်းကိုင်ဖခင်ကြီး တိန့်ရှောင်ဖန်က ဆိုခဲ့သည်။

“အရှေ့အလယ်ပိုင်းမှာ ရေနံ၊ တရုတ် မှာ မြေရှား”တရုတ် သမ္မတ ရှီကျင့်ပင်က ယခုနှစ် မေလက တရုတ်နိုင်ငံရှိ မြေရှား ထုတ်လုပ်ရာ အဓိက ပင်မဒေသဖြစ်သော ဂျင်းဇီပြည်နယ်သို့ သွားရောက်ခဲ့သေးသည်။ မြေရှားမှာ တရုတ်တို့အတွက် ဗျူဟာကျ၊ အရေးကြီးသော အရင်းအမြစ် အဖြစ် ၎င်းက မှတ်ချက်ပြုပြောဆိုခဲ့သည်။ ထို့ကြောင့်တရုတ်တို့ မြေရှားသတ္တုထုတ်လုပ်မှု ကန့်သတ်တော့မည်လောဟု သုံးသပ်ချက် အများအပြား ထွက်ပေါ်လာသည်။

ရှီကျင့်ပင်၏ ခရီးစဉ်ပြီးနောက် မြေရှားသတ္တု တစ်မျိုးဖြစ်သော ဒိုင်စပရိုစီယမ်သတ္တုဈေးမှာ ၁၄ ရာခိုင်နှုန်းခန့် (ဇွန်လဈေး တစ်ကီလို၂၉၂.၉၈ ဒေါ်လာ) တက်လာရာ တရုတ်နှင့် အမေရိကန် တို့၏ နောက်ထပ် ကုန်သွယ်ရေး စစ်ပွဲမှာ မြေရှားအပေါ် မူတည်ဖြစ်လာတော့မည် လောဟု ခန့်မှန်းလာကြသည်။ ယင်း အပြင် နီယိုဒိုင်မီယမ်အမျိုးအစားမှာ ၃၀ ရာခိုင်နှုန်း (ဇွန်လဈေး တစ်ကီလို ၆၃.၂၅ ဒေါ်လာ)၊ ဂဒိုလီနီယံအောက်ဆိုက်မှာ ၁၂.၆ ရာခိုင်နှုန်း အသီးသီး ဈေးတက်လာခဲ့သည်။

ဟောင်ကောင်အခြေစိုက် ကျွမ်းကျင် သူတို့၏အဆိုအရ တရုတ်တွင် မြေရှားဈေးတက်လာခြင်းမှာ မြန်မာနိုင်ငံမှ မြေရှား တင်သွင်းခွင့် ကန့်သတ်လိုက် ခြင်းကြောင့်ဟုလည်း ခန့်မှန်းကြသည်။ တရုတ်ဘက်က တင်သွင်းခွင့်ပိတ်လိုက်သဖြင့် ဈေးတက်လာကြောင်းသတင်းမှာ ပြီးခဲ့သည့် ဇွန်လကတည်းက ဖော်ပြထား သည့်သတင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တရားမဝင်မြေရှား တူးဖော်နေသော တရုတ်ကုမ္ပဏီများကို ထွက်ခွာရန် ယခုလက အစိုးရက ညွှန် ကြားခဲ့ပြီး မြေရှားတူးကုမ္ပဏီများ ဒီဇင်ဘာလလယ်က ထွက်ခွာသွားခဲ့ကြောင်း ပြည်တွင်း သတင်းအချို့တွင် ဖော်ပြထား သည်။

ကချင်ပြည်နယ် ပန်ဝါတွင် မြေရှားသတ္တုတူးခွင့်ပြုထားသော လုပ်ကွက်နှစ်ကွက်ရှိပြီး တရားမဝင်တူးသော လုပ်ကွက် ငါးကွက်ရှိသည်ဟု 7Day သတင်းတွင် ဖော်ပြထားသည်။
မြန်မာအစိုးရအနေနှင့် မြေရှားသတ္တု တူးခွင့် မပိတ်ထားဘဲ တရားမဝင်တူးသည်များကို ခွင့်မပြုခြင်းဖြစ်သည်ဟု ဆိုထားသည်။ မြန်မာနိုင်ငံတွင် မြေရှားသတ္တုကို ကချင်ပြည်နယ်တွင် အများဆုံးထုတ်နေသည်။

လူသိသိပ်မများလှသော်လည်း ၂၀၁၈ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်တွင် မြေရှားထုတ်လုပ်မှု စတုတ္ထ နေရာတွင်ရှိသည်။ တရုတ် (၁၂၀၀၀၀ တန်)၊ ဩစတေးလျ (၂၀၀၀၀ တန်)၊ အမေရိကန်ပြည်ထောင်စု (၁၅၀၀၀တန်) ထို့နောက် စတုတ္ထလိုက်နေခြင်း ဖြစ်သည်။ မြန်မာနောက်မှ ရုရှားနှင့် အိန္ဒိယက လိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်က မြေရှား တန်ချိန် ၅၀၀၀ ဝန်းကျင်ထွက်ခဲ့ ပြီး ၂၀၁၉ ခုနှစ်အတွင်း တန်ချိန် ၉၇၀၀ ကျော် ထွက်ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် သတ္တုထွက်ရှိနိုင်မှု အလားအလာ အမည်ရ အစီရင်ခံစာ တစ်ရပ်အရ ခဲမဖြူ၊ အဖြိုက်နက် ထွက်ရှိရာ ဒေသများတွင် မြေရှားသတ္တုတွေ့ရန် အလားအလာများသည် ဟုဆိုသည်။ ထိုကြောင့် ကချင်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မြေရှား တွေ့နိုင်သော နေရာများဖြစ်သည်။

ယခုအချိန်တွင် လူသိထင်ရှား မြေရှား သတ္တုတူးနေသည့် နေရာမှာ ကချင်ပြည်နယ် ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၀ ဒေသတွင်လည်း မြေရှားသတ္တုတူးဖော်နေကြောင်း အတည်မပြုနိုင်သည့် သတင်း များအရ သိရသည်။

တယ်လီဖုန်း၊ ကွန်ပြူတာနှင့် အခြား အီလက်ထရွန်းနစ် ဈေးကွက်ကြီး ရှိရာ ဂျပန်၏ အဓိက မြေရှားဖောက် သည်မှာ တရုတ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံက ကန့်သတ်လာခြင်းကြောင့် မြေရှားက တဖြည်းဖြည်းရှားလာ၊ ဈေးတက်လာနိုင်ခြေ ရှိသဖြင့် ဂျပန်တို့ကား မြေရှားရှာပုံတော် နည်းသစ်ထွင် နေပြီဖြစ်သည်။

အမေရိကန် အခြေစိုက်ကုမ္ပဏီ တစ်ခုက တီထွင်ထားသော ရေအောက် မြေရှားရှာဖွေရေးယာဉ်တစ်ခုကို လာမည့် နှစ်တွင် စတင်အသုံးပြုနိုင်ရန် ပစ်မှတ်ထားနေသည်။ ထိုယာဉ်တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၉.၂ သန်း အကုန်အကျ ခံထားသည်။

တိုကျိုမြို့ အရှေ့တောင်ဘက် မိနာမိတိုရီရှိမ အမည်ရ ကျွန်းတစ်ဝိုက် တွင် စမ်းသမ်းရန် စီစဉ်ထားပြီး အကယ် ၍ အောင်မြင်ပါက ကမ္ဘာပေါ်တွင် ပထမဆုံး ရေအောက်ယာဉ်ဖြင့် မြေရှားသတ္တုရှာဖွေ တူးဖော်နိုင်မည်ဖြစ်သည်။

Ref:
https://asia.nikkei.com/Economy/Trade-war/Rare-earth-wars-China-e pands-production-to-squeeze-US-entrants
https://asia.nikkei.com/Business/Markets/Commodities/In-rare-earth-quest-Japan-to-deploy-US-made-drone-sub
https://gelogly.com/articles/rare-earth-element/
htpps://www.retures.com/article/us-usa-trade-china-rareearths/wepon-of-choice-china-rare-earth-ptices-soar-on-tsir-potential-role-in-trade-war-idUSKCN1T70IB
https://7Day.news/search/result/term=rGa&>m;
https://www.bbc.com/burmes/bumar-50832765
Win,S.Myint,M.(1998)Mineral Potential of Myanmar, RESOURCE GEOLOGY,vol. 48,no. 3, 209218,