၂၀၁၉ ရက်စွဲသမိုင်း

0
896

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင် ၌ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ထူးခြားသည့် ဖြစ်ရပ်၊ ရပ်စွဉ် သမိုင်းများကို ဖော်ပြလိုက်ပါသည်။

  • ဇန်နဝါရီ ၂ – လောင်းလုံးမြို့နယ် ပင်လယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ရန် ရန်ကုန်မြို့ရှိ Excellent Fortune Development Group ကုမ္ပဏီက မြေလျှောက်ထားမှုကို ဒေသခံ ၅၀၀ နီးပါးက လက်မှတ်ရေးထိုးကာ ကန့်ကွက်ခဲ့သည်။
  • ဇန်နဝါရီ ၂ – ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသော GGS ကုမ္ပဏီက ဂက်စ်ဖိုးအကြွေး ၈ ဘီလီယံ ပြန်ပေးရမည့်ကိစ္စနှင့် ပတ်သက်ပြီး လာရောက်ညှိနှိုင်းခြင်းမရှိသေးကြောင်း ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဒုအတွင်းဝန် ဦးစိုးမြင့်က တနင်္သာရီအပတ်စဉ်သို့ ပြောသည်။
  • ဇန်နဝါရီ ၃ -ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေများအတွင်း တရားမဝင် သတ္တုတူးဖော်မှု နေမှုများ တရားဝင်လျှောက်ထားလုပ်ကိုင်နိုင်ရန် တိုင်းအစိုးရနှင့် KNU တို့ တွေ့ဆုံဆွေးနွေးသည်။
  • ဇန်နဝါရီ ၇ – လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေနေရာများတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားမှုများကို အလွယ်တကူ ခွင့်မပြုရန် တနင်္သာရီတိုင်းအတွင်းရှိ အရပ်ဘက် အဖွဲ့အစည်း ၁၇ ဖွဲ့က တောင်းဆိုသည်။
  • ရေဖြူမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ကင်းချောင်းတောင်ဘက်ခြမ်း မျောက်ချောအနီးတွင် မြေမြှုပ်မိုင်း ၃ နေရာ နင်းမိ ပေါက်ကွဲခဲ့သည်။
  • ဇန်နဝါရီ ၁၆ – တနင်္သာရီတိုင်းအတွင်း မသန်စွမ်းသူများ သွားလာမှုအဆင်ပြေစေရေး ပူးပေါင်းညှိနှိုင်းရေး အဖွဲ့(တိုင်း)ကို ဖွဲ့စည်းသည်။
  • ဇန်နဝါရီ ၁၇ – လိုင်စင်မရှိဘဲ ငါးဖမ်းမှုဖြင့် ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်တွင် အချုပ်သားအဖြစ် အကျဉ်းကျကာ အမှုရင်ဆိုင်နေရသည် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ ကမ်းနီးရေလုပ်သား ၅၃ဦး တရားရုံးမှ ဒဏ်ငွေနှင့် ထောင်ဒဏ် ရက်ပိုင်း ချမှတ်ခဲ့ပြီး၍ ပြန်လွတ်လာသည်။
  • ဇန်နဝါရီ ၂၀ – တနင်္သာရီတိုင်း ပင်လယ်ပြင်ရှိ ကျွန်းများသို့ နေ့ချင်းပြန် သွားရောက်လည်ပတ်မည့် နိုင်ငံခြား ခရီးသွားများကို တစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ် ၅၀၀၀ စတင်စမ်းသပ် ကောက်ခံသည်။
  • ဇန်နဝါရီ ၂၃ – သရက်ချောင်း – မြိတ် မီးရထားလမ်းပိုင်းတွင် သိမ်းဆည်းခံ လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန်ပေးမည်။ ထားဝယ် – သရက်ချောင်း ရထားလမ်းအတွက် သိမ်းဆည်းခံထားရသည့် လယ်မြေများအတွက်မူ မြေယာလျော်ကြေးပေးမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးအောင်ကျော်မျိုးက ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
  • ဇန်နဝါရီ ၂၄ – ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ဝန်ကြီးအချို့ စွမ်းဆောင်ရည်ညံ့ခြင်း၊ ဗြောင်ကျကျ အဂတိလိုက်စားခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို အလွန်အကျွံအသုံးပြုကာ မိမိနှင့်ဆွေမျိုးတော်သူနီးစပ်သူ များကို လုပ်ပိုင်ခွင့် ချထားပေးခြင်း၊ လျှပ်စစ်စာချုပ်တွင် ကွက်လပ်များဖြင့် ချုပ်ဆိုထားခြင်း စသည်တို့ကို စုံစမ်းစစ်ဆေးအရေးယူပေးရန် ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံ ၄၅ ဦးက NLD ပါတီသို့ တိုင်ကြားသည်။
  • ဇန်နဝါရီ ၂၅ – သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်တွင် ရွာရှင်နတ် အသစ်လဲခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများကို အရေးယူပေးရန် ကနဦးလှူဒါန်းသူက သရက်ချောင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားသည်။
  • ဇန်နဝါရီ ၂၈ – တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးချုပ်ဒေါက်တာ လဲ့လဲ့မော်နှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက်များကို တိုင်းလွှတ်တော်၏ ရွေးကောက်ခံကိုယ်စားလှယ် ၁၄ ဦးစလုံး လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ဗဟိုသို့ တင်ပြခဲ့သည်။
  • ဇန်နဝါရီ ၃၁ – တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို စာဖြင့် တိုင်ကြားထား သူများအနက် ၃ ဦးအား NLD ဗဟိုက ခေါ်ယူစစ်ဆေးသည်။
  • ဖေဖော်ဝါရီ ၈ – တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်ရန် မြေနေရာ လျှောက်ထားပြီး သတ်မှတ်ချိန်အတွင်း လုပ်ကိုင်နိုင်ခြင်းမရှိသည့် မြေဧရိယာ ငါးသောင်းကျော်ပြန် လည်သိမ်းယူကြောင်း တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
  • ဖေဖော်ဝါရီ ၁၅ – ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းလုပ်နေသည့် GGS ကုမ္ပဏီက နိုင်ငံတော် အစိုးရထံ ပေးသွင်းရမည့် ဂက်စ်ဖိုးငွေအကြွေးကိစ္စ၊ ကွက်လပ်စာချုပ်ကိစ္စများကို စုံစမ်းစစ်ဆေးနေပြီး အဖြေထွက်လာပါက ပြည်သူများထံ တင်ပြမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်မြို့ လူထုတွေ့ဆုံပွဲ တွင် ပြောသည်။
  • တနင်္သာရီတိုင်းအစိုးရအဖွဲ့အား ဆုံးမရန် လာရောက်ခြင်းဖြစ်သည်ဟု ဖော်ဖော်ဝါရီ ၁၃ ရက်က မြိတ်ခရီးစဉ်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ ရောက်လာပြီး ဒေသခံတချို့က ထားဝယ်ကြိမ် ၁၂ လုံး လက်ဆောင်ပေးရန် ကြိုးပမ်းခဲ့သည်။
  • ဖေဖော်ဝါရီ ၁၈ – မဲဆွယ်အပြုံး သရော်စာဖော်ပြသည့်အတွက် တနင်္သာရီတိုင်းအစိုးရက တနင်္သာရီဂျာနယ်အား တရားစွဲဆိုထားသည့်အမှုတွင် တနင်္သာရီဂျာနယ်အား အပြစ်ရှိသည်ဟုဆိုကာ ထားဝယ်မြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ်ငါးသိန်း ပေးဆောင်ရန် အမိန့်ချသည်
  • ဖေဖော်ဝါရီ ၁၉ – ထားဝယ်တက္ကသိုလ်ဆရာများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
  • ဖေဖော်ဝါရီ ၂၀ – ရေဖြူမြို့နှင့် ကလိန်အောင်မြို့ကြား ကားကြုံဖြင့် ကျောင်းတက်နေရသော အခြေခံပညာကျောင်းသားများအတွက် ကျောင်းကားစီစဉ်ပေးရန် မရှိသေးကြောင်း လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီးက လွှတ်တော်တွင် ပြောသည်။
  • ဖေဖော်ဝါရီ ၂၈ – တနင်္သာရီတိုင်းတွင် အိမ်ခန်းဝယ်ယူရန် လိုအပ်သည့် ငွေကြေးကို ထုတ်ချေးမည့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ခွဲ (CHID) ကို ထားဝယ်မြို့တွင် ဖွင့်လှစ်သည်။
  • မတ် ၄ – သရက်ချောင်းမြို့နယ် သဲချောင်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများမှ တူမီးသေနတ် အလက် ၅၀ ကျော်ကို ရဲတပ်ဖွဲသို့ အပ်နှံသည်။
  • ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုနှင့် ဖြူနပ်ကျေးရွာရှိ ဒေသခံ ရေလုပ်သားများ၏ ငါးဖမ်းပိုက်များ PTTEPကုမ္ပဏီ၏ ဇောတိက ပိုက်လိုင်းနှင့်ငြိကာ နှစ်စဉ် ဆုံးရှုံးနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး တိုင်းအစိုးရသို့ တိုင်ကြားသည်
  • မတ် ၅ – နဘုလယ်ဒေသ ဘဝါကမ်းခြေကျေးရွာတွင် ဆင်တုပ်ကွေး ရောဂါလက္ခဏာများ အစုလိုက် အပြုံလိုက် စတင်ဖြစ်ပွားသည်။
  • နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်း ခရီးစဉ်အတွင်း မေးခွန်း မေးမြန်းခဲ့သူများနှင့် တိုင်ကြားစာပေးပို့ခဲ့သူများအား ခေါ်ယူကာ လုပ်ငန်းပြီးစီးမှုအခြေအနေများကို တိုင်းအစိုးရက ရှင်းပြသည်။
  • မတ် ၁၀ – ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ GGS ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်အရေးယူသည်။
  • မတ် ၁၁ – တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား တာဝန်မှ ရပ်စဲသည်။
  • တိုင်းသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်အဖြစ် ပူးတွဲ တာဝန်ပေးအပ်သည်။
  • မတ် ၁၃ – တနင်္သာရီဂျာနယ်အမှုအတွက် ထားဝယ်ခရိုင် တရားရုံးသို့ အယူခံတက်သည်။
  • မတ် ၁၄ – ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီမှ အစိုးရသို့ ပေးရမည့် ဂက်စ်ဖိုး ကျပ် ၉ ဘီလီယံနီးပါးကို တနင်္သာရီတိုင်းဒေသကြီး အစိုးရက တာဝန်ယူ တောင်းပေးရမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
  • မတ် ၁၈ – သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်။
  • မတ် ၁၉ – တိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့ ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်သည်။
  • မတ် ၂၀ – ထားဝယ်မြို့ ကညုံရပ်ကွက် မြေတိုက်ကျောင်းဝင်းအတွင်းရှိ ပင်မကျောင်းဆောင် မီးလောင်ပြီး ဆယ်လခန့်အကြာတွင် ကျောင်းဆောင်သစ်ကို ယခင်နေရာဟောင်းတွင် စတင်ဆောက်လုပ်သည်။
  • မတ် ၂၂ – တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ရေး ကန့်ကွက်သူမရှိ သဘောတူသည်။
  • မတ် ၂၅ – မောင်းမကန်ကမ်းခြေ မြောက်ဘက်ရှိ မြေကွက်နှစ်ခုပေါ်တွင် ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC)မှ ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန် စက်မှုမြေငှားဂရန် လျှောက်ထားမှုကို ရွာသူရွာသား ၃၀၀ဦးခန့်က စုပေါင်းလက်မှတ်ထိုး ကန့်ကွက်စာကို လောင်းလုံး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပေးပို့သည်။
  • မတ် ၂၈ – တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးသစ်များဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေးတို့ စတင် တာဝန်ထမ်းဆောင်သည်။
  • မတ် ၂၉ – ရှမ်းပြည်နယ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ တဲလုကျေးရွာရှိ ဗိုလ်မှူးကြီး ဗထူးအရိုးအိုးနှင့် အထိမ်းအမှတ် ပစ္စည်းများအား မထိန်းသိမ်းပါက ပြန်လွှဲပေးရန် ထားဝယ်လူမျိုး စုစည်းမှု ကော်မတီက စာပို့ မေတ္တာရပ်ခံသည်။
  • ဧပြီ ၉ – သရက်ချောင်းမြို့ရှိ ရှင်တောင့်ပုံစေတီတောင်ပေါ်သို့ တောင်တက်မော်တော်ယာဉ်အသင်းမဝင်ဘဲ ပြေးဆွဲနေသူကို မြို့နယ်ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (ယကက)က သရက်ချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်သည်။
  • ဧပြီ ၂၂ – နာမည်ကြီး မလေးရှား မူးယစ်ဆေးအမှု၏ ကွင်းဆက်တရားခံဟု စွပ်စွဲခံထားသည့် အောင်လွင် ခေါ် ထားဝယ်ကြီးကို ထားဝယ်ခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်သည်။
  • ဧပြီ ၃၀ – ထားဝယ်မြို့နယ်တွင် လူငါးဦး မိုးကြိုးအပစ်ခံရပြီး ၂ ဦး သေဆုံးခဲ့သည်။
  • မေ ၃ – NLD အစိုးရလက်ထက် တနင်္သာရီတိုင်း၏ ပထမဆုံးသော နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီးအချို့ ထားဝယ်မြို့သို့ လာရောက်သည်။
  • တနင်္သာရီဂျာနယ်အမှု အယူခံ ခရိုင်တရားရုံးက ပလပ်ကြောင်း အမိန့်ချသည်။
  • မေ ၁၅ – အဝေးသင်တက္ကသိုလ်ကျောင်းသားများ အနီးကပ်နှစ်ကြိမ်ခွဲတက်ရမည့်ကိစ္စကို ကန့်ကွက်ကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက အဆင့်မြင့်ပညာဦးစီးဌာနသို့ သဘောထားပေးပို့ ခဲ့သည်။ ယင်းမတိုင်မီ ၂ ရက်က ထားဝယ်တက္ကသိုလ် ဆရာများ သမဂ္ဂကလည်း ပေးပို့သည်။
  • မေ ၂၀ – ဟိန္ဒားသတ္တုတွင်းတွင် ထုတ်လုပ်ခွင့်ပြုထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့် သက်တမ်းကုန်ဆုံးပါက ထပ်မံသက်တမ်းတိုးပေးခြင်းကို ရပ်နားရန် သတ္တုတွင်းတစ်ဝိုက်တွင်နေထိုင်သည့် ရွာ ၃ ရွာမှ ဒေသခံ ၈၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်ထောင်စု သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံ တောင်းဆိုသည်။
  • မေ ၂၇ – ထားဝယ်မှ ထိုင်းနိုင်ငံနယ်စပ်သို့ ဆက်သွယ်ထားသည့် ထားဝယ် – ထီးခီးလမ်းပိုင်းကို ငွေကျပ် သိန်းသုံးထောင်ကျော် သုံးစွဲပြီး ပြုပြင်နေကြောင်း ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်က ပြည်သူ့လွှတ်တော်တွင် ပြောသည်။
  • မေ ၃၁ – လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်တွင်းကမ်းခြေတွင် ခရီးသွားလုပ်ငန်း အပန်းဖြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရန် မြေလွတ်၊ မြေလပ် လုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ကျောက်တွင်းဒေသခံ ၅၀ ကျော်က ကန့်ကွက်စာတင်သည်။
  • ဇွန် ၃ – တနင်္သာရီဂျာနယ်အမှုအတွက် တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှု လျှောက်ထားသည်။
  • ဇွန် ၈ – ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် ဒေသခံများကို ငွေကြေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပေးမည်ဖြစ်ကြောင်း ထားဝယ်အများပိုင် ကုမ္ပဏီက ထုတ်ပြန်သည်။
  • ဇွန် ၁၂ – အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်က ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝင်စာ လာတွေ့သည်။
  • ဇွန် ၁၆ – အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့် တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့တို့ အစည်းအဝေးမှတ်တမ်းဟု ရေးသားထားသည့်စာတစ်စောင် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။
  • ဇွန် ၁၉ – လယ်သမားများ မျိုးစပါးသန့်စင်နိုင်ရန်အတွက် မျိုးသန့်စင်စက်တစ်လုံးကို လောင်းလုံး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်း တပ်ဆင်လိုက်သည်။
  • ဇွန် ၂၄ – ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက် အခွန်လွတ်ဈေးအနီးရှိ အနီးယာဉ် ရပ်နားစခန်းအား အဆင့်တိုးမြှင့်ရန် အစီအစဉ်မရှိကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
  • ဇူလိုင် ၅ – ကြက်ပေါင်ချောင်းရွာတွင် သတ္တုမိုင်းကြောင့် ချောင်းရေညစ်ညမ်းမှု အရေးယူပေးရန် ဒေသခံများက တိုင်းအစိုးရကို တောင်းဆိုသည်။
  • ဇူလိုင် ၆ – လမ်းကျူးသတ်မှတ်ခံ ထားဝယ်မြို့နှင်းဆီလမ်းနေအိမ်အားလုံး အငှားအိမ်ရာပေါ် မပြောင်းရန် ဆုံးဖြတ်လိုက်ကြသည်။
  • ဇူလိုင် ၁၀ – ဗစ်တိုးရီးယားအမှုကဲ့သို့ ထပ်မရှိလာစေရေး ထားဝယ်တွင် ဆန္ဒပြသည်။
  • ဩဂုတ် ၁၀ – မလွှဲတောင်လမ်းမြေပြိုကာ ပြည်မနှင့်ကုန်းလမ်း ခေတ္တအဆက်ပြတ်သွားသည်။ နေရာအချို့တွင်လည်း ရေကြီးရေလျှံ၊ မြေပြိုမှုတို့ ဖြစ်ခဲ့သည်။
  • ဩဂုတ် ၁၆ – မလွှဲတောင် ၂၄ တန်အောက် ဘေလီတံတား ကားငယ်များ စဖြတ်ခွင့်ပြုသည်။
  • ဩဂုတ် ၁၇ – ဘုမ္မော်ရပ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်သည်။
  • ဩဂုတ် ၁၈ – တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးကို ပါတီမှ နုတ်ထွက်ခွင့် ပြုလိုက်သည်။ တိုင်းထိပ်ပိုင်း တာဝန်ရှိသူ ၃ ဦးကို တာဝန်မှ ရုပ်သိမ်းသည်။
  • ဩဂုတ် ၁၃ – လောင်းလုံး ညင်းမော်စာသင်ကျောင်းတွင် အားဆေးတိုက်ကျွေးပြီးနောက် ကျောင်းသား/သူ ၁၂၉ ဦး မူးဝေဗိုက်အောင့် ဆေးရုံရောက်သည်။
  • ဩဂုတ် ၃၀ – လက်ငင်းပြဿနာများ မဖြေရှင်းနိုင်သ၍ ဆီအုန်းလုပ်ကွက်များ ချထားခြင်း မပြုရန် တနင်္သာရီမိတ်ဆွေများအဖွဲ့နှင့် ရေဖြူဒေသခံတို့ ပူးပေါင်းတောင်းဆိုသည်။
  • စက်တင်ဘာ ၁၆ – ကလုံးထာ ပရဆေးဥယျာဉ် စတည်ထောင်သည်။
  • စက်တင်ဘာ ၂၂ – ပထမဆုံးသော သနပ်ခါးလှပြိုင်ပွဲ ကျင်းပသည်။
  • စက်တင်ဘာ ၂၅ – လျှပ်စစ်မီတာခ တစ်နိုင်ငံလုံးတန်းတူရရေး ဆန္ဒပြသည်။
  • စက်တင်ဘာ ၂၅ – ဈေးကြီးရွှေဆိုင်ခန်းငှားခ တစ်လ ကျပ် ၃ သောင်းကောက်ရန် စည်ပင်က ရွှေဆိုင်ရှင်များကို ခေါ်ယူဆွေးနွေးသည်။
  • စက်တင်ဘာ ၂၈ – တိုင်းအတွင်း ခွေးတစ်ထောင်ကျော် ခွေးရူးရောဂါကာကွယ်ဆေး ထိုးသည်။
  • အောက်တိုဘာ ၂၂ – အမျိုးသားတစ်ဦးတွင် လက်သီးဆုပ်အရွယ် ဆီးကျောက်တစ်လုံး ခွဲထုတ်သည်။
  • အောက်တိုဘာ ၃၁ – မောင်းမကန်တွင် နေအိမ် ၈ လုံး မီးဘေးသင့်သည်။
  • နိုဝင်ဘာ ၈ – သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးကို တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဗဟိုကော်မရှင်က ပြောင်းလဲသတ်မှတ်ကြောင်း ပြန်တမ်းတွင် ဖော်ပြသည်။
  • နိုဝင်ဘာ ၂၄ – စွန့်ဦးတီထွင် လုပ်ငန်းရှင်များကွန်ရက် စဖွဲ့သည်။
  • ဒီဇင်ဘာ ၁၀ – အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုသွားရောက်ရင်ဆိုင်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူထုထောက်ခံပွဲ ကျင်းပသည်။