တနင်္သာရီတိုင်းတွင် ဆောင်းခို ခရုစုပ်ငှက်များ သတ်ဖြတ်ခံနေရ

0
1859

ယခုနှစ်ဆောင်းရာသီတွင် တနင်္သာရီ တိုင်းနေရာ အနှံ့အပြားသို့ ဝင်ရောက် လာသော ဆောင်းခို ခရုစုပ်ငှက်များ ပစ်ခတ်သတ်ဖြတ် ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

စုံစမ်းမေးမြန်းချက်အရ တိုင်းအတွင်း ထားဝယ်မြို့၊ ပုလောမြို့နှင့် ကော့သောင်း မြို့တို့တွင် ယင်းခုရုစုပ်ငှက်များကို အဆိပ်ကျွေးခြင်း၊ ကျော့ကွင်းထောင် ဖမ်းခြင်း၊ လေးခွဖြင့်ပစ်ဖမ်းခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် သတ်ဖြတ် ခံနေရကြောင်း သိရသည်။

ယင်းငှက်များကို ရောင်းချရန်ရည် ရွယ်ချက်ဖြင့်ပစ်ခတ် သတ်ဖြတ်သူများ ရှိသကဲ့သို့ တစ်ကောင်စ နှစ်ကောင်စကို သတ်ဖြတ်သူများလည်းရှိကြောင်း ဒေသခံအချို့က ပြောသည်။

“လူတွေက လောဘတွေနဲ့ အဲဒီ ငှက်တစ်ကောင်ကို ခုနှစ်ထောင်၊ ရှစ်ထောင် ရတယ်ဆိုတော့ ပစ်သတ်ပြီးတော့ ထန်းရည်ဆိုင်တွေမှာသွားသွင်း။ ဒီလိုတွေဖြစ် နေကြတယ်” ထားဝယ်မြို့ ကျောက်ရပ် ရွာသားတစ်ဦးက ဆိုသည်။

ပုလောမြို့နှင့် အနီးတဝိုက် ကျေးရွာတစ်ဆယ်နီးပါးတွင်လည်း ခရု စုပ်ငှက်များ သတ်ဖြတ်ထားပြီး အမွှေး အတောင်များ ကျန်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆောင်းခိုငှက်များ အသတ်ခံ နေရသည်ကို လိုက်လံလေ့လာနေသည့် ဒေသခံအချို့က ပြောသည်။

“အဲဒီငှက်(ခရုစုပ်ငှက်) တွေ စရောက် လာတုန်းက အုပ်စုလိုက်ကြီးပဲ။ အခုက သူပစ်၊ ငါပစ်နဲ့ အုပ်စုကွဲသွားကြပြီ။ ဒီငှက်တွေ ပစ်သတ်နေတာရှိတယ်လို့ ကြားလို့ လိုက်ကြည့်တာ ပစ်သတ်ပြီး အမွေးနုတ်ထားတဲ့ ခုနစ်ကောင် တွေ့တယ်”ဟု ပုလောဒေသခံ ကိုဝင်းကိုကိုက ပြောသည်။

ကော့သောင်းတွင်လည်း ယခင်လက ယင်းဆောင်ခိုငှက်များကို လူအုပ်စုလိုက် လိုက်လံပစ်ခတ်သတ်ဖြတ်နေ သည်ကို တွေ့ရပြီး လက်ရှိတွင်တော့ မတွေ့ရတော့ကြောင်း ကော့သောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများက ကြိုးကြာငှက်နှင့်ဆင်တူသည်ဟုပြောဆိုနေကြသည့် ယင်း ဆောင်းခိုငှက်များသည် ရုရှားနိုင်ငံ ဆိုင်ဘေးရီယား လွင်ပြင်ဒေသမှ မြန်မာ နိုင်ငံသို့ ဆောင်းခိုအစာရှာရန် ရောက် ရှိလာသည့် ခရုစုပ်ငှက်များဖြစ်ကြောင်း သားငှက်ထိန်းသိန်းရေးအဖွဲ့(WCS) မှ ငှက်ထိန်သိန်းရေးပညာရှင် ဦးသက်ဇော်နိုင်က ပြောသည်။

လေ့လာမှုအရ ခရုစုပ်ငှက်များသည် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများကို သာ လာရောက်ဆောင်းခိုလေ့ရှိပြီး တနင်္သာရီတိုင်းတွင် အကောင်ရေ အမြောက်အများ လာရောက်ဆောင်းခိုသည်ကို ယခုနှစ်မှ တွေ့ရကြောင်း ဦးသက်ဇော်ဦးက ပြောသည်။

ယခုနှစ်မိုးရာသီတွင် မြန်မာနိုင်ငံ အထက်ဘက်ပိုင်းတွင် မိုးရွာသွန်းမှုနည်း ပါးသဖြင့် မိုးများသည့် တနင်္သာရီတိုင်းဘက်ကို ယင်းခရုစုပ်ငှက်များ ရောက်လာ ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ခရုစုပ်ငှက်များသည် ရွှေခရုကဲ့သို့ သော စပါးဖျက်ခရုများကိုသာ အဓိက စားသောက်သော လယ်သမားများကို အကျိုးပြုသည့် ငှက်များဖြစ်သောကြောင့် ပစ်ခတ်သတ်ဖြတ်ခြင်း မပြုလုပ်သင့် ကြောင်း ၎င်းက ပြောသည်။

“သူတို့(ခရုစုပ်ငှက်)တွေက လယ်သမားတွေကို အရမ်းအကျိုးပြုတာ။ ဘယ်လိုအကျိုးပြုလဲ ဆိုတော့ ခရုစုပ် ငှက်ဆိုတဲ့အတိုင်းပဲ လယ်ကိုဖျက်တဲ့ ခရုတွေကို စားသောက်တာ။ အဲလိုလူတွေ ကို တိုက်ရိုက်အကျိုးပြုနေတာဖြစ်တဲ့အတွက် သတ်ဖြတ်စားသောက် မသင့်ဘူး”ဟု ဦးသက်ဇော်ဦးက ပြောသည်။

ယင်းအပြင် ခရုစုပ်ငှက်များသည် ထိန်သိမ်းသင့်သည့် တောရိုင်းတိရစ္ဆာန်စာရင်းတွင် ပါဝင်သောကြောင့် ဇီ၀မျိုးစုံ၊ မျိုးကွဲဆိုင်ရာ သဘာ၀ထိန်သိန်းရေး ဥပဒေအဖြင့် အရေးယူခံရနိုင်ကြောင်း တနင်္သာရီတိုင်း သစ်တောဦးစီးဌာန တိုင်းဦးစီးမှူး ဦးဖေချစ်က ပြောသည်။

တိုင်းအတွင်း ယင်းငှက်များကို သတ်ဖြတ်စားသောက်မှုများ မရှိစေရန် ဒေသတွင်းအခြေစိုက် သားငှက်ထိန်းသိမ်းရေးအဖွဲ့(INGO) များနှင့်ပူးပေါင်းကာ အသိပညာပေးခြင်းများကိုလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးဖေချစ်က ပြောသည်။

Dawei Watch