တနင်္သာရီတိုင်းအစိုးရ နေပြည်တော်သို့ ဘတ်ဂျက် နှစ်ဘီလီယံ ပြန်အပ်

0
407

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးပြတ်သည့်အတွက် ငွေကျပ် နှစ်ဘီလီယံခန့် ပြည် ထောင်စုအစိုးရအဖွဲ့သို့ ပြန်အပ် လိုက်ရ ကြောင်း တိုင်းဒေသကြီးရသုံး မှန်းခြေငွေ စာရင်းဦးစီးဌာနထံမှ သိရသည်။

တိုင်းအတွင်းရှိ ဌာန၊ အဖွဲ့အစည်း များ၏ ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ်တစ်ဘီလီယံ (သိန်းတစ်ထောင်) နှင့် သာမန်အသုံးစရိတ်မှ ကျပ်တစ်ဘီလီယံ ခန့်ကို ပြန်အပ်လိုက်ရကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးနေလင်းထက်က ဆိုသည်။

ပြန်အပ်လိုက်ရသည့် ငွေလုံးငွေရင်း အသုံးစရိတ်တွင် လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပါဝင်ကြောင်း ၎င်းက ပြောသည်။

လမ်းဦးစီးဌာနက အကောင်အထည်ဖော်မည့် ကျွန်းစုမြို့နယ်ရှိ ကတန်ကျွန်း ပတ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးနိုင်သည့်အတွက် ပြန်အပ် ရကြောင်း ဦးနေလင်းထက်က ပြောသည်။

ထို့အပြင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် မည့် ထားဝယ်ခရိုင်အတွင်းရှိ လမ်းတစ်လမ်းမှာ မြေယာကိစ္စမရှင်းလင်း သည့်အတွက် ပြန်အပ်လိုက်ရကြောင်း ဦးနေလင်းထက်က ဆိုသည်။

ထို့အပြင် ပြန်အပ်ရသည့် ငွေပမာဏတွင် တင်ဒါပိုလျှံငွေများလည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။

ပြန်အပ်လိုက်ရသည့် သာမန်အသုံး စရိတ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအစိုးရအဖွဲ့ရုံး၊ တိုင်းစာရင်း စစ်ချုပ်ရုံးတို့၏ ဘဏ္ဍာငွေများ ပါဝင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

အဆိုပါ ဌာနအဖွဲ့အစည်းများက ဝန်ထမ်းခန့်ထားရန် ဘတ်ဂျက်ငွေ တင်တောင်းပြီး အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းမခန့်နိုင်သည့်အတွက် ပြန်အပ်ရခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ကိုဇော်