လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင် ထပ်လုပ်ပေးရန် စီစဉ်

0
1207

တနင်္သာရီတိုင်းအတွင်းရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒေသလိုင်စင်ထပ်မံ ထုတ်ပေးရန် စီမံချက်ရေးဆွဲကာ တိုင်း အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန) တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

ဒေသလိုင်စင်လုပ်ပေးမည့် ဒဏ်ကြေး နှုန်းထား၊ လုပ်ဆောင်ပေးမည့် အစီအစဉ် များ ပါဝင်သည့် စီမံချက်ကို တိုင်းအစိုးရထံ လာမည့်လအတွင်း တင်ပြမည်ဖြစ်ကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ကလည်း တိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ်များရှိနေသည့်အတွက် ဒေသလိုင်စင်လုပ် ပေးနိုင်မည့် အစီအမံတင်ပေးရန် ဒီဇင်ဘာ လ ၁၁ ရက်က ကျင်းပသည့် တိုင်းဒေသ ကြီးယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်း ရှင်းရေးကောင်စီ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

တနင်္သာရီတိုင်းက ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်မှုများသည့်အတွက် လိုင်စင်မဲ့ဆိုင်ကယ်များ ဝင်ရောက်နေပြီး ဒေသလိုင်စင်လုပ်ပေးပါက ဥပဒေစိုးမိုး ရေး၊ အရေးယူနိုင်မှုနှင့် အသိပညာပေးမှု များတွင် ထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

“ယာဉ်တိုက်မှုတွေ ဘာတွေ စသဖြင့် ဖြစ်လာတဲ့အချိန်ကျရင် အရေးယူဆောင် ရွက်ရတဲ့ အပိုင်းတွေမှာလည်း ပိုပြီးတော့ လိုင်စင်ရှိတဲ့အတွက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်တယ် ပညာပေး နိုင်တယ်”ဟု ဦးမြင့်မောင်က ပြောသည်။

ယင်းအပြင် ဒေသလိုင်စင်လုပ်ဆောင်ရာမှ ရရှိလာသည့် ငွေကြေးဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ်များကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ ဒေသလိုင်စင် ထုတ်ပေးခဲ့ဖူးသည်။

ဒေသလိုင်စင်လုပ်ရာတွင်လည်း အများတတ်နိုင်သည့် ဒဏ်ကြေးနှုန်းထား သတ်မှတ်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

လက်ရှိတွင် လိုင်စင်ရှိသည့် ဆိုင်ကယ်နှင့် လိုင်စင်မဲ့ဆိုင်ကယ်က ဈေးနှုန်းကွာဟနေသည့်အတွက် လိုင်စင်မဲ့ဆိုင်ကယ် ဝယ်ယူစီးနင်းသူများရှိနေပြီး ဒေသလိုင်စင် လုပ်ပေးမည်ဆိုပါက ပိုအဆင်ပြေမည် ဖြစ်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်တစ်ခါက မလုပ်လိုက်ရတဲ့ လူတွေလည်း ရှိမယ်ထင်လို့ လုပ်ပေးရင် ကောင်းတယ်”ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဆိုင်ကယ်အစီးရေ တစ်သောင်းကျော်ကို ဒေသလိုင်စင် ထုတ်ပေးခဲ့ကြောင်း တိုင်းဒေသကြီး ကညနရုံးထံမှ သိရသည်။

ထိုအချိန်က ဒေသလိုင်စင်လုပ်ရာတွင် ဆိုင်ကယ်ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့် ခုနှစ်၊ အင်ဂျင်ပါဝါ အပေါ်မူတည်ကာ အနည်းဆုံး ငွေကျပ်ခြောက်သောင်းကျော်မှ အများဆုံး သုံးသိန်းကျော်အထိ ကျသင့်သည်။

Dawei Watch