ထန်းရည်လိုင်စင်ခွင့်ပြုရန် တင်ပြ

0
852

ထားဝယ်ခရိုင်အတွင်း ထန်းရည် ရောင်းချခွင့် လေလံလိုင်စင်ပေးရန် ရုံးချုပ်ကို တင်ပြထားကြောင်း ခရိုင်အုပ် ချုပ်ရေးမှူးက ပြောသည်။

ထန်းရည်လေလံလိုင်စင်ခွင့်ပြုနိုင် ရန် ပြီးခဲ့သည့် သုံးလခန့်ကပင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးချုပ်ထံ တင်ပြထားပြီး ထန်းရည်ဆိုင်ရှိသည့် မြို့နယ်တစ်ခုလျှင် လေလံလိုင်စင်လေးခု ခန့် ချထားပေးရန် ရည်မှန်းထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ထားဝယ်ခရိုင်အတွင်းရှိ နေရာ အများစုတွင် ထန်းရည်(ခါး)ဆိုင်များမှာ နားလည်မှုဖြင့် ရောင်းချနေကြသည်။

“တို့ဆီမှာ ထန်းရည်အတွက် လိုင်စင် မရှိဘူး၊ မရှိတဲ့အတွက် ရုံးချုပ်ကို ချပေး ဖို့တင်ထားတယ်၊ ရုံးချုပ်က ချပေးရင်တော့ အကုန်လုံးတော့ မဟုတ်ဘူးပေါ့၊ တစ်မြို့နယ်ကို လေးနေရာလောက်တော့ မှန်းထားတယ်”ဟု ဦးအောင်စိုးမိုးက ပြောသည်။

လိုင်စင်ဖြင့် ရောင်းချပါက စိတ်ပူပန်စရာမလိုဘဲ ရောင်းချနိုင်မည်ဖြစ်သည့် အတွက် လက်ရှိတွင် ထန်းရည်လိုင်စင် လုပ်ခွင့်ပြုမည် ဆိုပါက လျှောက်ထားလိုကြောင်း ထန်းရည်ဆိုင်ရောင်းချသူ အများစု ပြောဆိုကြသည်။

တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေတွင်မူ ထန်းရည်ကို ဆိုင်ဖွင့်၍ ဆိုင်ဥပစာ အတွင်းသောက်သုံးရန် ဥပစာပြင်ပသို့ ယူဆောင်ရန် လက်လီရောင်းချခွင့် (လေလံ)လိုင်စင်ကို နှစ်စဉ်ဧပြီလတွင် လေလံ တင်ရောင်းချရမည်ဟု ဖော်ပြထားသည်။

ထိုသို့လေလံတင်ရောင်းချရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ကြီးကြပ်လျက် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး ပါဝင်သော လေလံရောင်းချရေးအဖွဲ့က သက်ဆိုင်ရာဒေသတွင် လေလံတင် ရောင်းချရမည်ဟု ဖော်ပြပါရှိသည်။

Dawei Watch