ကမ်းခြေအပန်းဖြေစခန်းနှင့် ငါးမှုန့် ထုတ်လုပ်ငန်းတို့ လုပ်ကိုင်ခွင့်ချပေး

0
387

ထားဝယ်ခရိုင်အတွင်း ကမ်းခြေ အပန်းဖြေစခန်းတစ်ခုနှင့် မြိတ်တွင် ငါးမှုန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း တစ်ခုတို့ကို တနင်္သာရီတိုင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြု လိုက်သည်။

လောင်းလုံးမြို့နယ်၊ စမ်းလှမ်း ကျေးရွာအုပ်စုရှိ ကျုံးကဏန်းကမ်းခြေ တွင် ဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်း တစ်ခုနှင့် မြိတ်ခရိုင် ပထော်ပထက် ကျွန်းပေါ်တွင် ငါးမှုန့်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း တစ်ခုတို့ကို အတည်ပြု မိန့်ထုတ်ပေးခဲ့ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

ဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်း က ပြင်သစ်နိုင်ငံသားပိုင်ဖြစ်ကာ ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၁၃၅ သန်း (မြန်မာကျပ်သန်း ၁၂၀၀ ကျော်) ရှိပြီး မြိတ်ခရိုင် ပထော် ပထက်ကျွန်းပေါ်တွင် အောင်မြတ်ဖြိုး ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၅၉၇၆ သန်း တန်ဖိုးရှိကြောင်း ယင်း ကော်မတီထံမှ သိရသည်။

အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) ငွေကျပ် သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုနိုင် (အတည်ပြုမိန့်)သည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ (TRIC)ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက အတွင်းရေးမှူးအဖြစ်ဆောင် ရွက်သည်။

လက်ရှိအချိန်ထိ လုပ်ငန်း ၂၆ ခုကို အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီးဖြစ်ကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ်သန်းပေါင်း ၄၀၀၀ ကျော်နှင့် အမေရိကန် ဒေါ်လာ ၄ သန်းနီးပါး ရှိကြောင်း တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ စာရင်းအရ သိရသည်။

ကော်မတီအနေဖြင့် လုပ်ငန်းနှစ်ခု ကို ထပ်မံခွင့်ပြုရန် ကျန်နေသေးကြောင်း ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

မြိတ်ခရိုင်အတွင်းရှိ နောက်ထပ် ငါးမှုန့်လုပ်ငန်းတစ်ခုနှင့် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမည့် Petro & Trans ကုမ္ပဏီတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါတွေကို မကြာခင် ခွင့်ပြုဖို့ရှိတယ်”ဟု ဒေါက်တာထွန်းထွန်းက ဆိုသည်။

လျှောက်ထားပြီး စိစစ်ဆဲလုပ်ငန်း ၁၅ ခုခန့်ကျန်ရှိနေသေးပြီး ၎င်းတို့တွင် ဟိုတယ်လုပ်ငန်း၊ ကော့သောင်းမြို့နယ် ဆိပ်ဖူးရွာရှိ ငါးဈေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးထုတ်မည့် လုပ်ငန်းနှင့် ရော်ဘာ အထပ်သားလုပ်ငန်းတို့လည်း ပါဝင် ကြောင်း ကော်မတီထံမှ သိရသည်။

TRIC တွင် ရင်းနှီးမြှုပ်ခွင့် အတည်ပြုမိန့် ရရှိပါက တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရှိသည်။

တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါးသည့် ဇုန်အဖြစ်သတ်မှတ်ထားသည့် သရက်ချောင်းမြို့နယ်၊ ပုလော၊ တနင်္သာရီ နှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ၇ နှစ် သတ်မှတ်ထားသည်။

ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသောဒေသအဖြစ် သတ်မှတ်ထားသည့် ထားဝယ် မြို့နယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်းစု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့ နယ်များတွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေ ခွန် ကင်းလွတ်ခွင့်ကို ၅ နှစ် သတ်မှတ် ထားသည်။

Dawei Watch