လုံခြုံစိတ်ချ၊ သန့်ရှင်းသော မြို့

0
591
editorial

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အဓိက မြို့ကြီးများတွင် လုံခြုံစိတ်ချ၊ သန့်ရှင်းသော မြို့ဖြစ်လာရေး အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီတို့ အသီးသီးပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။


ထားဝယ်အပါအဝင် တိုင်းဒေသကြီးရှိ ဒေသအချို့မှာ သန့်ရှင်းမှုကြောင့် နာမည်ကျော်လေ့ ရှိသည်။ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းအားကြောင့် အမှန်တကယ်လည်း နိုင်ငံအတွင်းရှိ အခြားမြို့များနှင့် နှိင်းယှဉ်ပါက အမှိုက်နည်းပါးပါသည်။ ထိုသို့ ဆောင်ရွက်ချက်များမှာလည်း များစွာကြိုဆိုရမည့်ကိစ္စ ဖြစ်သည်။


များသောအားဖြင့် သန့်ရှင်းမှုဟုဆိုလိုက်လျှင် အမှိုက်ကိုသာ ဦးတည်လေ့ ရှိပြီး အခြား လေ၊ ရေ၊ မြေ တို့၏ သန့်ရှင်းမှုအကြောင်း၊ အစားအသောက် လုံခြုံစိတ်ချ ရမှုအကြောင်း စသည်တို့ကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးသည်မှာ ရှားပါးလှသည်။


နိုင်ငံတကာရှိ သုတေသနစာတမ်းများတွင်မူ သန့်ရှင်း၊ စိတ်ချရသော မြို့များကို တိုင်းတာရာတွင် အညွှန်းကိန်းပေါင်းများစွာဖြင့် တိုင်းတာလေ့ ရှိသည်။ နာမည်ကျော် The Economist Intelligence Unit (EIU) က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ထားသော လုံခြုံစိတ်ချရသော မြို့အညွှန်းကိန်းတွင် အုပ်စုကြီးလေးခု ပါဝင်ပြီး ယင်းတို့တွင် စုစုပေါင်း အညွှန်းကိန်းခွဲပေါင်း ၅၇ ခုပါဝင်သည်။ အုပ်စုကြီး လေးခုမှာ အခြေခံအဆောက်အဦ၊ ကျန်းမာရေး၊ ပုဂ္ဂလိကနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးတို့ ဖြစ်သည်။


ထိုလေးခုအနက် အလေးပေးတင်ပြလိုသည်မှာ ကျန်းမာရေး ကိစ္စဖြစ်ပြီး ယင်းတွင် လေထု၊ ရေထု၊ ယုံကြည်စိတ်ချရသော အစားအသောက်၊ အရေးပေါ် ကျန်းမာရေးစနစ်တို့လည်း ပါဝင်သည်။

ထိုကြောင့် ယင်းတို့တွင် မြို့တွင်းသွားလာခွင့်မပြုသော်လည်း ဥဒဟို ပေါ်ပေါ်ထင်ထင် သွားလာနေပြီး လေထုညစ်ညမ်းမှုကို များစွာ ဖြစ်ပေါ်နေသော ထော်လာဂျီ ကိစ္စ၊ ထော်လာဂျီကဲ့သို့သော မြို့လေထုညစ်ညမ်းစေသော အခြားယာဉ်ယန္တာရားများ ကိစ္စ၊ လူ့ကျန်းမာရေးကို ထိခိုက်စေသော မြို့အတွင်း အမှိုက်မီးရှို့သည့် အလေ့အထ၊ မြေအောက်ရေ ညစ်ညမ်းစေသော၊ မြေအောက်ရေ ဆုံးရှုံးစေသော ကိစ္စရပ်များ စသည်တို့မှာလည်း လုံခြုံစိတ်ချသန့်ရှင်းသောမြို့ အဖြစ်တည်ဆောက်ရေး စဉ်းစားရမည့် အချက်များတွင် ပါဝင်သည်။ ထိုအချက် များမှာ ထင်ရှားသော ဥပမာများသာဖြစ်ပြီး အခြားအရေးပါသော အချက်များစွာ လည်းရှိနိုင်သေးသည်။


ထိုကြောင့် သန့်ရှင်း၊ စိတ်ချရသော မြို့ဖြစ်ထွန်းလာရေး လှုပ်ရှားဆောင်ရွက် လျက်ရှိသူတို့ အနေနှင့် သန့်ရှင်းမှု၊ စိတ်ချရမှု စသည်တို့ကို ပိုမိုကျယ်ပြန့်သော အမြင်ရှုထောင့်မှ ချဉ်းကပ်ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

အယ်ဒီတာ (ဒီဇင်ဘာ ၁၄၊ ၂၀၁၉)