ရှက်ခဲ့မိပါသည်

0
646

“What the f**k you ”ဆိုပြီး ဆဲလိုက်တဲ့အသံကြားသည့်ဘက်လှည့် ကြည့်မိတော့ ကျွန်တော့်ဘော်ဒါဆောင် အပေါ်ဘက်မှ လာသည့်အသံ ဖြစ်နေသည်။ ကျွန်တော်ကြည့်လိုက်တော့ ကျောင်းသားလေးတစ်ယောက် လှစ်ခနဲ ပြေးဝင်သွားသည်ကို တွေ့လိုက်သည်။ လမ်းမဘက်က စက်ဘီးတစ်စီး၏ ဘီးလှိမ့်သံနှင့် ချိန်း ကြိုးသံတို့ကို သဲ့သဲ့မျှ ကြားလိုက်သည်။ ခါတိုင်းအိမ်ရှေ့က ဖြတ်သွားနေကျ စိတ်ကျန်းမာရေးမကောင်းသည့်သူကို စလိုက်သည်ဟု ကျွန်တော်တွေးထင်မိ သည်။ ကျွန်တော့်အတွေးတို့ မဆုံးခင်မှာပင် ခုနကစက်ဘီးနှင့်ဖြတ်သွားသည့်သူ ပြန်လှည့်လာသည်။ အသေအချာကြည့်မိတော့ နိုင်ငံခြားသားတစ်ယောက်ဖြစ် နေသည်။ အသက် ၅၀ ဝန်းကျင်လောက် ဆံပင်ရွှေရောင်နှင့် မျက်မှန်တပ်ထားသည့် လူရည်သန့်တစ်ယောက်။ ည ၁၀ နာရီ ကျော်အချိန် ဘယ်ကဘယ်လို ရောက်လာ မှန်းမသိ။


သူလည်း အသံလာရာဘက် တစ်ချက်မော့ကြည့်ပြီး စက်ဘီးနင်းကာ ထွက်ခွာသွားခဲ့သည်။ သူ့အနေဖြင့် ဘာမှ ပြောမသွားသော်လည်း သူ့မျက်နှာပေါ်ကအပြုံးကိုတော့ ကျွန်တော်တွေ့လိုက်သည်။ ထိုအပြုံး၏အနက်ကို ကျွန်တော် ဘယ်လိုမှ ပုံဖော်မရ ဖြစ်နေမိသည်။ စက္ကန့်ပိုင်းအတွင်းဖြစ်သည့်အတွက် ကျွန်တော်လည်း ကြက်သေသေကာ ကြောင်ငေးမိနေတော့သည်။ သူထွက်သွားမှ တောင်းပန် စကားလေးတစ်ခွန်းတောင် မပြောဖြစ် လိုက်ခြင်းအတွက် များစွာစိတ်မကောင်း ဖြစ်ခဲ့ရသည်။ တစ်ပြိုင်နက်အတွင်းမှာပင် ရှက်ရွံ့စိတ်တို့က အတိုင်းအဆမရှိ အသိစိတ်ထဲသို့ ဝင်ရောက်လာတော့သည်။ ထိုမယဉ်ကျေးသည့် တပည့်အတွက် မိမိ ကိုယ်ကိုမိမိ အပြစ်တင်နေခဲ့မိသည်။ ထိုဆဲဆိုလိုက်သည့် ကျောင်းသားလေးကိုလည်း များစွာစိတ်ဆိုးဒေါသထွက်ခဲ့မိသည်။ ကျွန်တော်နှင့် မလှမ်းမကမ်း ဆိုလျှင်တော့ ဘယ်လို တုံ့ပြန်မိမည်မှန်း မသိ။ ကျွန်တော်နှင့်ဝေးရာမှာ ရှိနေခဲ့ခြင်က သူ့အတွက်ရော ကျွန်တော့်အတွက်ပါ အကောင်းဆုံး ဖြစ်ခဲ့သည်။


“ဟယ်လို” ၊ “ဟိုင်း” ၊ “မင်္ဂလာပါ” စသည့်နှုတ်ဆက်စရာ ယဉ်ကျေးသည့် စကားလုံးပေါင်းများစွာ ရှိပါလျက် အဘယ့်ကြောင့် ရိုင်းပျသည့် စကားလုံးတို့က လက်ဦးမှုရခဲ့သလဲဆိုသည်ကို စဉ်းစားမတတ်အောင်ပင် ဖြစ်ရသည်။ ယဉ်ကျေးပျူငှာသော၊ ဖော်ရွေသော၊ ဧည့်ဝတ်ကျေပွန်သော၊ အမြဲတမ်းပြုံးရွှင် နေတတ်သော စသည့်နာမဝိသေသနတို့ ဖြင့် ကမ္ဘာကျော်ခဲ့သော မြန်မာလူမျိုး။ အခုတော့ဖြင့် အမုန်းစကား (Hate Speech့) ပြောတတ်လွန်းသူများအဖြစ် နိုင်ငံတကာမျက်နှာစာတွင် ပုံဖော်သတ်မှတ်ခံနေရသည့်ဘဝကို ရောက်နေကြရသည်။


သူတို့ကိုလည်း လုံးဝမှားသည်ဟု အပြတ်မပြောသာ။ ဖေ့စ်ဘွတ်ခ်တစ်ခွင် ပြဲပြဲစင်နေတတ်သည်က ဆဲဆိုသည့် ရင့်သီးလွန်း၊ ညစ်ညမ်းလွန်းသော စကားလုံးများ။ ထိုဆဲဆိုသူများထဲတွင် ရဟန်းသံဃာများပင် ပါဝင်နေတတ်သည်။ ဆိုတော့ လူဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့။ လူတွေကို ယဉ်ကျေးပျူငှာအောင် ဆုံးမသွန်သင်ရမည့်သူများ ကိုယ်တိုင်က ဆဲဆိုပြနေလေတော့ မီးလောင်ရာလေပင့် ဖြစ်စေပေလိမ့်မည်။ သံဃာအားလုံးကို မဆိုလိုပါ။ အမုန်းစကားပြောတတ်သည့် ပုဂ္ဂိုလ်များကိုသာ ရည်ရွယ်ပါသည်။


ဂမ်ဘီယာနိုင်ငံက ကျွန်တော်တို့ နိုင်ငံကို တရားစွဲဆိုသည့်အချက်များထဲတွင် အမုန်းစကားပြောဆိုခြင်းနှင့် သက်ဆိုင်နေသည့် အချက်ကတစ်ချက်အပါအဝင် ဖြစ်နေသည်။ ကျွန်တော်တို့အတွက် ဆင်ခြင်ရမည့် အချက်တစ်ချက်အဖြစ် အရေးတယူ သတ်မှတ်လိုက်နာကြရပေမည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ စံသတ်မှတ်ချက်ဖြစ်သည့် ယူနီကုတ်စနစ်ကို အသုံးပြုနေကြပြီဖြစ်သဖြင့် ပိုပြီးသတိကြီးကြီး ထားကြရပေမည်။


ကျွန်တော်တို့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင် ယခုကဲ့သို့ အမုန်းစကားပြောတာတွေ၊ ဆဲဆိုခြင်းများ မည်သည့် အတွက်ကြောင့် ဖြစ်နေသည်ကို ဉာဏ်မီသလောက် စဉ်းစားကြည့်သည်။


လူတစ်ယောက်၏ စိတ်ခံစားချက်များကို အလွယ်တကူရေးသားနိုင်သော ဖေ့စ်ဘွတ်ခ်ကြောင့်လား။


လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် အရေးပေါင်းများစွာတွင် အဆင်မပြေကြ၍လော။
သို့တည်းမဟုတ် အာဏာရှင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် ဆယ်စုနှစ်များစွာ နေခဲ့ရ၍လော။


နှစ်ပေါင်းများစွာ ချုပ်တည်းထားခဲ့ရသည့် အငုပ်စိတ်တို့က အမုန်းတရားအဖြစ် ပုံပြောင်းထွက်ပေါ်လာလေသလား။ နောက်တစ်ချက်က ကျွန်တော်တို့ရဲ့ ပညာရေးစနစ်မှာ အားနည်းချက်ရှိနေခဲ့၍လော။ ဆိုလိုသည်က လောကနီတိတို့၊ ပြည်သူ့နီတိတို့ကို မသင်ကြားပေးဘဲ နှစ်ပေါင်းများစွာ ပစ်ပယ်ထား၍လော။


နောက်တစ်ခုက ပြဋ္ဌာန်းစာအုပ်များထဲက သင်ခန်းစာများကို ကျွန်တော်တို့ အသေအချာ မရှင်းပြနိုင်ခဲ့၊ ကောက်ချက်ဆွဲ မပြနိုင်ခဲ့၍လော။


အပြောအဆို လိမ္မာယဉ်ကျေးဖို့ အတွက် “တစ်ယောက်စကား၊ တစ်ယောက် နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။” ဆိုသည့် ယဉ်ကျေးပျူငှာ ကဗျာကို မူလတန်းအရွယ်ကတည်းက သင်ခဲ့ဖူး သည်။


ထို့အပြင် “ကျေးညီနောင်”ကဲ့သို့ သင်ခန်းစာများကိုလည်း သင်ကြားခဲ့ရ ပါလျက် အဘယ့်ကြောင့် မယဉ်ကျေးကြ သည်ကို စဉ်းစားကြရန် လိုပြီဖြစ်သည်။ ကျွန်တော်တစ်ယောက်တည်း၏ ထင်မြင်ချက်ကို ပြောရပါလျှင် ယခုကဲ့သို့ “ပေး ကားပေး၏ မရ” ဖြစ်နေရခြင်းမှာ ပညာရေးစနစ်မှာ အပြစ်ဖြစ်နေဖို့များသည်။


ဆိုတော့ ကျွန်တော်တို့တစ်တွေ အရင်ကပိုင်ဆိုင်ခဲ့ဖူးသော နာမည်ကောင်းတွေကို ပြန်လည်ထိန်းသိမ်းကြဖို့ လိုအပ်နေပြီ ဖြစ်သည်။ ပြင်ဆင်စရာများစွာ ရှိနေသည့်အထဲက ပထမဆုံးအနေဖြင့် အပြောအဆို ဆင်ခြင်ကြရပေမည်။ အမုန်းစကားတွေ မပြောမိအောင် တတ်နိုင်သလောက် ထိန်းချုပ်ရှောင်ကြဉ်ကြရပေမည်။ နိုင်ငံ့ပုံရိပ်၊ နိုင်ငံသားတို့၏ ပုံရိပ်ကို အားလုံးစည်းလုံးညီညွတ်စွာဖြင့် ပြန်လည်မြှင့်တင်ကြရပေမည်။


ကျောင်းသားလူငယ်လေးတစ်ဦးက ဆဲဆိုလိုက်သည့် စကားလေးတစ်ခွန်းသည် ကျွန်တော်တို့နိုင်ငံသားအားလုံး ပေါ်တွင် အကျိုးသက်ရောက်မှုရှိနေသည် ဟုပြောလျှင် လွန်အံ့မထင်။

ထို့အတွက် ကျွန်တော့်အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရသလို မယဉ်ကျေးသည့် တပည့်တစ်ယောက်၏ ဆရာဖြစ်ရခြင်း အတွက်လည်း မိမိကိုယ်ကို ယူကျုံးမရ ဖြစ်မိသည်။ ကျွန်တော့်တပည့် ကိုယ်စား အားလုံးကို ကျွန်တော်တောင်းပန်အပ်ပါ သည်။
အားလုံးခွင့်လွှတ်ပေးနိုင်ကြပါစေဟုသာ . . . ။

သန်းဇော်ဦး (ရလိုင်)