သေခြင်းရဲ့ရနံ့ကို ရှူရှိုက်ခြင်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ပတ်ဝန်းကျင်မှာ နိစ္စဓူ၀ ကြုံနေရတဲ့ သတ္တဝါတို့ရဲ့ သေခြင်းတရားကို ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ပဲ ကျော်ဖြတ်နေကြတာပါ။

ထားဝယ်သား စာရေးဆရာ ငြိမ်းအေးအိမ်ကတော့ သူ့ဝန်းကျင်က သေခြင်းတရားကို မှတ်မှတ်ထင်ထင် ရှိခဲ့တယ်။

သူနှစ်လိုချစ်ခင်တဲ့ သူရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ သေခြင်းတရားအပြင် သူ့ဝန်းကျင်က ငှက်ကလေးတစ်ကောင်ရဲ့ သေခြင်းကိုပါ တစ်ခုတ်တရ ရှိခဲ့တယ်။

ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းဖြစ်တဲ့ စာရေးဆရာ ငြိမ်းအေးအိမ်ဟာ သူ့ရဲဘော်တွေရဲ့ သေခြင်း(ကျဆုံးခြင်း) အပေါ်မှာလည်း အလဲလဲအကွဲကွဲ မှတ်မိ နေပါတယ်။

ဒါကို သူ့ရဲ့ “သေခြင်းရဲ့ရနံ့” လုံးချင်းနဲ့ သက်သေပြထားတယ်။

တောတွင်းတိုက်ပွဲဝင်ကာလတွေအတွင်း သူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ (ပွတ်ကာ သီကာလွတ်မြောက်လာတဲ့) သေခြင်း တရားတွေကိုလည်း သူက တရှိုက်မက်မက် မှတ်တမ်းတင်ထားတယ်။

တောတွင်းတိုက်ပွဲကာလအတွင်း သေခြင်းရနံ့တွေ မွှမ်းထုံနေတဲ့ တိုက်ပွဲ တချို့နဲ့ တောင်ပိုင်းသားတစ်ယောက်ရဲ့ မြောက်ပိုင်းနှင်းခဲတောင်တန်း ဖြတ်ကျော် မှု နှစ်လများကို ပကာသနကင်းကင်းလေး နဲ့ တင်ဆက်ထားတယ်။

တိုက်ပွဲအခန်းတွေမှာ ရင်တဖိုဖို၊ ဆီးနှင်းတောအခန်းတွေမှာ ချမ်းတုန်တုန် ပေါ့။

ငယ်စဉ်အရွယ်မှာ မိခင်နဲ့ ကျောင်း အခန်းဖော်တို့ရဲ့ သေခြင်းကို ကလေးငယ် တစ်ယောက်ရဲ့ နှလုံးသားနဲ့ ခံစားတင် ဆက်တယ်။

တောနဲ့တောင်မှာ တိုက်ပွဲဝင်ရဲဘော် တို့သေခြင်းကို ဘဝတူတစ်ယောက်ရဲ့ နှလုံးသားနဲ့ ခံစားတင်ဆက်တယ်။

ဖခင်ရဲ့သေခြင်းကို အဖေကိုလေးစား အားကျလွန်းတဲ့ သားတစ်ယောက်ရဲ့ နှလုံးသားနဲ့ ခံစားတင်ဆက်တယ်။

သားတစ်ယောက်ရဲ့ သေခြင်းကို ချစ်တတ်လွန်းတဲ့ ဖခင်တစ်ယောက်ရဲ့ နှလုံးသားနဲ့ ခံစားတင်ဆက်ထားတယ်။

ကျွန်တော်တို့သတိမထားမိတဲ့ ကျွန်တော်တို့အနီးအနားက သေခြင်းရဲ့ ရနံ့တွေကို မော်ဒန်အရေးအသားနဲ့ ခံစား တင်ဆက်ထားတယ်။

ဖတ်ရင်းနဲ့….
တစ်ခါတလေ ရင်မှာ အလွမ်းတွေ ပန်းလို ဝေတယ်။
တစ်ခါတလေ ရင်မှာ ကိန်းနေတဲ့ သူပုန်သွေးတွေ ထပွက်တယ်။
တစ်ခါတလေ ငိုင်ကျသွားတယ်..။
တစ်ခါတလေ ကိုယ့်ရဲ့ရှင်သန် ခြင်းကို မေးခွန်းထုတ် ဖြစ်တယ်။
သေချာတာက ….

ဒီစာအုပ်ဟာ ငြိမ်းအေးအိမ်ရဲ့ ကိုယ်တွေ့သေခြင်းသမိုင်းတွေကို ငြိမ်းအေးအိမ် ရဲ့နှလုံးသွေးနဲ့ မော်ဒန်အရေးအသားပေါင်းစပ် ခံစားတင်ဆက်ထားတယ်။


မင်းခန့်