အအေးလှိုင်းဖြတ်ခြင်း မဟုတ်ပါ၊ ဆက်အေးဦးမည်

0
1182

ထားဝယ်အပါအဝင် တနင်္သာရီ တိုင်းဒေသကြီး အချို့နေရာများတွင် အအေးဓာတ်ပိုလာခြင်းမှာ ဆောင်းရာသီ ပီပြင်လာခြင်းသာဖြစ်ပြီး အအေးလှိုင်း ဖြတ်ခြင်းကြောင့်မဟုတ်ကြောင်း တနင်္သာရီ တိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

ရေခဲတောင်များကိုဖြတ်လာသည့် တရုတ်ပြည်မှ ဆောင်းလေများ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံအစပ်မှ လေအေးထု တိုးဝင်မှု အနေအထား အားကောင်းလာသည့်အတွက် အအေးဓာတ်ပိုလာခြင်းမျိုးသာ ဖြစ်ပြီး အအေးလှိုင်းဖြတ်ခြင်းမျိုး မဟုတ်ဟု ၎င်းက ပြောသည်။

“တနင်္သာရီဒေသဆိုလို့ရှိရင် ဆောင်းရယ်လို့ ပီပီပြင်ပြင် မခံစားခဲ့ရတာ နှစ်နည်းနည်းကြာလာ ပြီပေါ့။ ဒီနှစ် ထဲမှာတော့ ဆောင်းအရသာလေး ပြန် ပြီးခံစားရမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ခန့်မှန်းပေးထားတာတွေ ရှိပါတယ်။ ဒီနှစ်မှ ဆောင်းရဲ့အရသာ ဆောင်းပီပြင် လာတယ်”ဟု ဦးကျော်မိုးခိုင်က ဆိုသည်။

ထားဝယ်မြို့၏ အနိမ့်ဆုံးအပူချိန် မှာ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ၂၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိရှိနေသေးပြီး ဒီဇင်ဘာ ၆ ရက်ထိ ခန့်မှန်းချက်အရ ထားဝယ်တွင် ၁၄ ဒီဂရီစင်တီဂရိတ်ထိ အပူချိန်များကျဆင်းသွားနိုင်သည်ဟု ဦးကျော်မိုးခိုင်က ပြောသည်။

မြိတ်မြို့တွင် အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်အထိလည်းကောင်း၊ ကော့သောင်းတွင် ၁၇ ဒီဂရီအထိ ကျဆင်း ပြီး ထပ်မံ၍ ၂ ဒီဂရီမှ ၃ ဒီဂရိအထိ ကျဆင်းနိုင်သေးကြောင်း ခန့်မှန်းထား သည်။

အနိမ့်ဆုံးအပူချိန် ၁၄ ဒီဂရီစင်တီ ဂရိတ်မှ တဖြည်းဖြည်းကျဆင်းသွားပါက အေးမှန်းသိသာ လာမည်ဖြစ်ပြီး ၁၄ ဒီဂရီ စင်တီဂရိတ်အောက်ထိ ထပ်မံကျဆင်း သွားနိုင်သည်ဟု ဦးကျော်မိုးခိုင်က ခန့်မှန်း ပြောဆိုထားသည်။

ဒီဇင်ဘာလ ၁၀ ရက် မတိုင်မီ ခန့်မှန်း ချက်အရ တနင်္သာရီတိုင်းတွင် မိုးရွာနိုင် ခြေ ရှိသေးသဖြင့် စပါးရိတ်သိမ်းကာလ ဖြစ်သောကြောင့် တောင်သူများ သတိထားရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

တစ်ပြည်လုံးတွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနေမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာက ထုတ်ပြန်ကြေညာထားသည်။

Dawei Watch