ထီးခီးလမ်း မြေပြင်လုပ်ငန်း ခြောက်လအတွင်းစနိုင်မည်ဟုဆို

0
1093

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထီးခီးနယ်စပ်သို့ ဆက်သွယ်ထားသည့် နှစ်လမ်းသွားထီးခီးလမ်း အဆင့်မြှင့်မည့် လုပ်ငန်းများကို လာမည့်ခြောက်လအတွင်း စတင်နိုင်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ မြင့်ဆန်းက ပြောသည်။

ထီးခီးလမ်းအဆင့်မြှင့်တင်မည့် လုပ်ငန်းနှင့် ပတ်သက်၍ အပြီးသတ် အစီရင်ခံစာကို နိုဝင်ဘာလ ၂၈ ရက်တွင် ထိုင်းနိုင်ငံ NEDA (အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ)က ဆောက်လုပ် ရေးဝန်ကြီးဌာနကို လာတင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

လမ်းအဆင့်မြှင့်ရန် အပြီးသတ် အစီရင်ခံစာ တင်ပြပြီးဖြစ်သည့်အတွက် မြေပြင်လုပ်ငန်းများ အကောင်အထည် ဖော်သည့် အဆင့်သာ ကျန်တော့ကြောင်း ဒေါက်တာမြင့်ဆန်းက ပြောသည်။

“ကျွန်တော်ထင်တယ်၊ နောက် ခြောက်လလောက်တော့ ကြာအုန်းမယ်။ ခြောက်လလောက် ကြာရင်တော့ မြေပြင်မှာစနိုင်မယ်လို့ ယူဆတာပေါ့”ဟု ဒေါက်တာမြင့်ဆန်းက ပြောသည်။

ထီးခီးလမ်း၏ မူလလမ်းဒီဇိုင်းကို အနည်းငယ်ပြုပြင်ထားသည့် NEDA ၏ အပြီးသတ်အစီရင်ခံစာတင်ပြပြီး နောက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ အင်ဂျင်နီယာ အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရမည်ဖြစ်ကြောင်း ဒေါက်တာ မြင့်ဆန်းက ရှင်းပြသည်။

ကွင်းဆင်းစိစစ်ပြီးနောက် ချေးငွေ ကိစ္စကို ဆက်လက်ညှိနှိုင်းရမည်ဖြစ်ပြီး ချေးငွေရရှိပါက တင်ဒါခေါ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျန်တာက ဆောက်လုပ်ရေး ဝန်ကြီးဌာနက လမ်းဆင်းစစ်ဖို့ရယ်၊ တင်ဒါခေါ်ဖို့ရယ်၊ လမ်းပိုင်းမှာ အလျော် အစားတွေလုပ်ဖို့ရယ် အဲဒါပဲကျန်တယ်။ချေးငွေကိစ္စ အဲဒါပြီးသွားနဲ့ လမ်းဖောက် တာက စလို့ရပြီပေါ့”ဟု ဒေါက်တာ မြင့်ဆန်းက ပြောသည်။

နှစ်လမ်းသွားလမ်းအဖြစ် အဆင့် မြှင့်ရာတွင် ထိုင်းနိုင်ငံ၏ NEDA အဖွဲ့ တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီကိုသာ တင်ဒါယှဉ်ပြိုင် ခွင့်ပြုမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ဆန်းက ပြောသည်။

NEDA က ရယူမည့် ချေးငွေက ထီးခီးလမ်း နှစ်လမ်းသွားအဆင့်မြှင့်ရန် အတွက်သာ အသုံးပြုရမည်ဖြစ်ပြီး မြေယာလျော်ကြေးငွေ အတွက်ကိုမူ မြန်မာအစိုးရက ကျခံပေးလျော်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါလမ်း အဆင့်မြှင့်မည့် လုပ်ငန်းအတွက် ထိုင်းနိုင်ငံ( NEDA ) ထံမှ ချေးငွေယူရန် ၂၀၁၈ခုနှစ် မတ်လ ကကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ် ထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆက်သွယ်မည့် ယင်းလမ်း ပိုင်းကို ၂၀၁၀ ခုနှစ်တွင် အီတာလျှံ ထိုင်းကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

အဆိုပါလမ်းပိုင်းမှာ နွေရာသီတွင် သွားလာရ အဆင်ပြေသော်လည်း မိုးရာသီတွင် ဆိုးရွားစွာ ပျက်စီးလေ့ရှိသည့် အတွက် ကားများခက်ခဲစွာ သွားလာရ လေ့ရှိကြောင်း ထားဝယ်-ထီးခီး ယာဉ် လိုင်းပြေးဆွဲနေသည့် ဦးမိုးလှိုင်က ဆို သည်။

“တကယ်လက်တွေ့ အကောင် အထည်ဖော်ဖို့တော့ လိုတာပေါ့”ဟု ဦးမိုးလှိုင်က ပြောသည်။

နှစ်လမ်းသွားထီးခီးလမ်း၏ အပြီးသတ်အစီရင်ခံစာတွင် WWF နှင့် သဘာ၀ပတ်ဝန်းကျင်ဝန်ကြီးဌာနတို့က အကြံပြုတင်ပြထားသည့် အချက်များ ကိုလည်း ထည့်သွင်းတွက်ချက်ထား သည်ကို တွေ့ရကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။

အဆိုပါလမ်းကို ထိုင်းနိုင်ငံ အဝေးပြေးလမ်းမဌာန၏ နှစ်လမ်းသွားစံချိန် စံညွှန်းအတိုင်း ဖောက်လုပ်မည်ဟု သိရကြောင်း ၎င်းက ပြောသည်။

အထက်ပါလမ်းနှင့် ပတ်သက်၍ ဒေသခံဌာနေတိုင်းရင်းသားများက ယင်းလမ်းစီမံကိန်း အကောင်အထည် ဖော်စဉ် မပြီးပြတ်သေးသည့် ပြဿနာ များကို ဖြေရှင်းပေးရန်၊ သဘာ၀ပတ်ဝန်းကျင် (အထူးသဖြင့် ရေအရင်းအမြစ်) ပြန်လည်ထိန်းသိမ်းပေးရန်၊ မြေယာနှင့် သီးနှံအပါအဝင် လျော်ကြေးများကို တရား မျှတစွာ ပွင့်လင်းမြင်သာစွာ ပေးဆောင် ရန် စသည့် အကြံပြုချက် ၇ ချက်ကို NEDA နှင့် ထိုင်းလူ့အခွင့်အရေး ကော်မရှင် တို့ထံ ပေးပို့ခဲ့ဖူးသည်။

ကိုဇော်