ဘုတ်ပြင်းရှိ ပင်လယ်ကမ်းထောင်ပိုက်များ ဖြုတ်ခိုင်းမည်ဟု ဝန်ကြီးပြော

0
1251
ပင်လယ်ကမ်းထောင်ပိုက်များ
ပင်လယ်ကမ်းထောင်ပိုက်များ

ဘုတ်ပြင်းမြို့နယ် ပင်လယ်ကမ်း တစ်လျှောက်ရှိ ပင်လယ်ကမ်းထောင်ပိုက်များ ဥပဒေနှင့်မညီပါက ဖြုတ်သိမ်းခိုင်း မည်ဟု တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

“တည်ဆဲ ငါးလုပ်ငန်းဥပဒေနဲ့ မညီညွတ်ရင် ဖြုတ်ခိုင်းမယ်။ ချက်ချင်း ဖြုတ်ခိုင်းမယ်”ဟု ဝန်ကြီးဦးမြင့်စန်းက ပြောသည်။

ယင်းသို့ ဖြုတ်ခိုင်း၍ မလိုက်နာပါက တည်ဆဲငါးလုပ်ငန်းဥပဒေအရ အရေးယူသွားမည်ဟု ဝန်ကြီးက နိုဝင်ဘာ ၆ ရက်တွင် ပြောသည်။

ဘုတ်ပြင်းဒေသက ကမ်းနမူးပြေးဟု ခေါ်သည့် ၎င်းပင်လယ်ကမ်းထောင်ပိုက် ၏ ပိုက်ကွက်မှာ အကျယ်ဆုံး တစ်လက်မ မှအစ၊ လက်မတစ်ဝက်၊ နောက်ဆုံး လက်သန်းထိုးဝင်ရုံသာရှိသဖြင့် ငါးသားပေါက်များစွာ နေ့စဉ် သေဆုံးနေကြောင်း ဘုတ်ပြင်းမြို့ခံ ရေလုပ်သားတို့က ပြောဆိုကြသည်။

ပင်လယ်ကမ်းထောင်ပိုက်များမှာ ပင်လယ်ကမ်းစပ်မှ လောက်လေးခွ တစ်ပစ်စာတွင် ကမ်းရိုးတန်းတစ်လျှောက် ထောင်ထားကြပြီး တစ်ခုလျှင် ပေ ၂ ထောင်ခန့် အရှည်ရှိကာ ဘုတ်ပြင်းမြို့နယ် အုန်းတောကန်းကျေးရွာအုပ်စုနှင့် ကမာချောင်းကျေးရွာအုပ်စု ကမ်းရိုးတန်း တစ်လျှောက်တွင် ၃၅ ခုခန့် ရှိကြောင်း အထက်ပါ ရေလုပ်သားတို့က ပြောကြ သည်။

ယင်းနေရာများမှာ ငါးသားပေါက် ရောက်မှုများပြားသည့်နေရာဖြစ်ပြီး ထိုကမ်းထောင်ပိုက်များကို ပွင့်လင်း ရာသီ သီတင်းကျွတ်လမှအစ မိုးဦးကျ တန်းခူးလကုန်အထိ အမြဲထောင်ထား သဖြင့် ယခုအခါ ကမ်းနီးလှေလုပ်သားတို့ ပိုက်ပစ်ရန်နေရာ နည်းလာခြင်း၊ သားငါး အမိအရနည်းလာခြင်းတို့ ကြုံတွေ့နေရကြောင်း ရေလုပ်သားတို့က ပြောကြသည်။

ကော့သောင်းခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်ကလည်း ကမ်းထောင်ပိုက်ဖြင့် ငါးဖမ်းရန် လိုင်စင်ချထားပေးခြင်းမရှိဟု အောက်တိုဘာလ ၃၁ ရက်က ပြောဆို ထားသည်။

ယင်းသို့ လုပ်ဆောင်နေပါက ရေချို ရေငန်အစပ်ဖြစ်၍ တနင်္သာရီတိုင်း ရေချို ငါးလုပ်ငန်းဥပဒေအရ အရေးယူနိုင်ပြီး ဒေသခံများ ယင်းသို့လုပ်ဆောင်နေပါက အသိပညာပေး ဖြုတ်သိမ်းခိုင်းသွားမည် ဟု ဦးသန့်ဇင်က ပြောဆိုထားသည်။

သို့သော် နိုဝင်ဘာ ၁၅ ရက်အထိ ယင်းကမ်းထောင်ပိုက်များ ဖြုတ်သိမ်းခြင်း မရှိသေးဟု ဘုတ်ပြင်းမြို့ခံ ကမ်းနီးရေလုပ်သားတို့က ပြောကြသည်။

ပင်လယ်ကမ်းထောင်ပိုက်များဖြင့် ငါးဖမ်းခြင်းကို ဘုတ်ပြင်းမြို့နယ် ငါးဖမ်းရေပြင်တွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစ လုပ်ကိုင်လာခဲ့ကြပြီး တာဝန်ရှိသူများကို တင်ပြခဲ့သော်လည်း အကြောင်းမထူးခဲ့ဟု ရေလုပ်သားတို့က ပြောကြသည်။

“မြို့နယ်ငါးဦးစီးက တာဝန်ရှိသူကို လှေနဲ့ လိုက်ပြပါမယ်။ (လှေမောင်း)ဆီလည်း စိုက်ပါ့မယ်။ လိုက်ကြည့်ပေးပါ ပြောတာတောင်တစ်ခါမှ လိုက်မကြည့်ဘူး”ဟု ဘုတ်ပြင်းမြို့ခံ ရေလုပ်သား တစ်ဦးက ပြောသည်။

Dawei Watch