စိတ်လည်းရှည်၊ အချိန်လည်း ပေးကြရပါမည်

0
748

ဥရောပ ဘောလုံးရာသီ စပါပြီ။

ဥရောပ နိုင်ငံကြီးများရဲ့ လက်ရှိ ချန်ပီယံအသင်းကြီး အများစု ခြေမပေါ်ကြပါ။ မန်ချက်စတာ စီးတီးက စပါးနှင့် သရေ၊ ဘိုင်ယန် ကလည်း ဟာသာဘာလင် ကို အသည်းအသန် နောက်က လိုက်ကစားရသလို ဘာစီလိုနာနဲ့ ပဲရစ်စိန့်ဂျာမိန်းတို့ ကလည်း အသင်းငယ်တွေကို အရှုံးကန် ခဲ့ကြသော ရက်သတ္တပတ် ဖြစ်ပါသည်။ အထနှေးသည့် အသင်းကြီးများ အနက် ချဲလ်ဆီးက ပိုလို့ ထူးပါသည်။ ဖရန့်လမ်းပတ် တာဝန်ယူနေသည့် ချဲဆီးသည် မန်ယူ ကို လေးဂိုးပြတ်၊ ဥရောပ စူပါဖလားမှာ လီဗာပူးကို ပင်နယ်တီမှာ ရှုံးခဲ့ပြီး လက်စတာကို အိမ်ကွင်းမှာ သရေကျသည့် အခါ လမ်းပတ်က ပွဲဆက်တွေများပြီး ပွဲပန်းနေသောကြောင့်ဟု အကြောင်းပြပါ သည်။

ဆက်စောင့်ကြည့်ကြရမည်။ အချိန်တော့ ပေးရပါမည်။ တာဝန်ယူမှု၊ တာဝန် ခံမှုတော့ ရှိပါလိမ့်မည်။

သမ်္မတရုံးမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကလည်း ထိုစကားကို ပြောခဲ့ ပါသည်။ အများစိတ်ဝင်စားကြသည့် ဗစ်တိုးရီးယားလေး အမှုတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ်က သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည့် အချက်များအတွက်လား၊ ဗစ်တိုးရီးယားလေး အမှုအတွက် လားဆိုတာ သေချာမပြောခဲ့ပေမဲ့ပြော သည့် နှုတ်ထွက်စကား၊ လုပ်သည့်အပြု အမူတိုင်းအတွက် တာဝန်ယူမှုနှင့် တာဝန် ခံမှုဆိုတာ ရှိရမည်ဟူသည့်သဘောမျိုး သတိပေးသွားသည်ဟု မြင်ပါသည်။ ဘယ်မျှအထိ အချိန်ပေး စိတ်ရှည်ကြရမည် ကိုတော့ မောင်ရင်လေးတို့ မဆိုတတ်ပါ။ တရားခံပြေး အောင်ဝင်းခိုင် အမှုမှစလို့ အမှုပေါင်းများစွာ တရားခံ မမိတာရော၊ ၀ရမ်းပြေးတွေ မမိတာရော အများကြီး မြင်နေ၊ ကြားနေရပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြရပါလိမ့်မည်။ အချိန်တော့ ပေးကြ၊ စိတ်တော့ ရှည်ကြရပါမည်။

လုံခြုံရေး စည်းတွေ ကျိုးနေတာကို လည်း စိတ်ပူပန်စွာ မြင်နေရ ကြားနေရ ပါသည်။ အနောက်ဘက် တံခါးမှာ ရဲကင်း လေးတွေ အစုလိုက်အပြုံလိုက် အတိုက်ခံ ရခဲ့သည်။ မကြာမတင်မှာလည်း ပြင်ဦး လွင် တပ်နယ် အတိုက်ခံရသည်။ ဂုတ်တွင်း တိုက်ပွဲမှာ အကျအဆုံးတွေ ရှိခဲ့သည်။ တံတားအချိုး ခံလိုက်ရသည်။

ရွှေသမင် ဘယ်တာကပဲ ထွက်သည် ဖြစ်စေ မောင်ရင်လေးတို့တတွေ အလွန် အမင်း စိုးရိမ်ကြပါသည်။ ကျီးလန့်စာစား စစ်ဘေး ရှောင်ဘ၀လေးတွေ အဖြစ်မျိုး သည်ဘက်တစ်ခေတ်မှာ မတွေ့ကြစေလို၊ မကြုံကြ လိုတော့ပါ။ ဘ၀တွေ ခါးသီးလှ ပါသည်။ လိုအပ်သည့် လုပ်ကြရမည့် တာဝန်တွေ ကျေကြစေချင်ပါသည်။ တာဝန်လည်းယူကြ၊ တာဝန်လည်းခံကြ စေချင်ပါသည်။ အသက်သွေးချွေးတွေ အလဟဿ မဖြစ်သင့်၊ မကြွေသင့်သလို ပြည်သူ့ဘဏ္ဍာဖြင့် တည်ဆောက်သော ပြည်သူတို့ လမ်းပန်းဆက်သွယ်ရေး ပျက်စီး စေသည့် တံတား၊ လမ်းများ ဘေးကင်း လုံခြုံအောင်လေးတော့ စောင့်ရှောက်ကြ စေချင်လှပါသည်။

Line Walker 2 ဇာတ်လမ်း ရန်ကုန်မြို့တော်မှာ ရိုက်သွားပါသည်။ ဆူးလေနှင့် မြို့တော်ခန်းမ အနီးမှာပင် ဟိုက်စကီး တွေနှင့် ပစ်ကြခတ်ကြသည့် ဇာတ်ဝင်ခန်း အသက်ဝင်လှပါသည်။ အရှေ့မြောက် ဒေသက စစ်သတင်းတွေနဲ့ မောင်ရင်လေး တို့ စိတ်မအေးနိုင်ချိန်မှာ မော်တာနှင့် ဗုံးသီးတွေ တင်ထားသည့် မော်တော်ယာဉ် သုံးစီးကို မြို့တော်ရန်ကုန်မှာ လေ့ကျင့် ရင်း တပ်လှန့်ဖမ်းဆီးပြတော့ ပိုလို့ပင် ရင်တွေ တုန်ရပါသည်။

ကုန်ဈေးနှုန်းတွေ ပရမ်းပတာအကြား ရာသီဥတုတွေက ပျက်၊ သဘာဝဘေးတွေ ကြုံ၊ စစ်ဘေးတွေ ကြုံရသည့်အထဲ ရာဇ၀တ်ကောင်တွေ အန္တရာယ်ကိုလည်း စိတ်လက်မအေးကြရရှာသည့် မောင်ရင်လေး တို့ ဘ၀တွေကို အဲသည် ဇာတ်ကြမ်းတွေ နှင့် ထပ်မနွမ်းကြစေလိုတော့ပါ။

အမျိုး၊ ဘာသာ၊ သာသနာတွက် အရိုး စည်းရိုး ထိုးကြပါမည် ဆိုသည့်အဖွဲ့ ၀ရမ်းအထုတ်ခံရတာနှင့် ပျောက်ချက်သား ကောင်းသလို မြို့တော်ကြီးကို အမေရိကန်တွေ ၀င်ပစေလို့ လက်သီးလက်မောင်း တမ်းခဲ့သော ဘူးလက်ကြီးလည်း ပျောက်ချက်သား ကောင်းလှပါသည်။ ပြောတော့ မိုး ထိုးတော့ ကျွဲဆိုသည့်အဖြစ်တွေမျိုး သည် အံ့သြကုန်နိုင်ဖွယ် ရှက်စရာဖြစ် သလိုအဲသည် ၀ရမ်း အကပ်ခံထားရသူတို့ တွေ ဘယ်သူ့ကိုမှ ဘယ်သူကမှ အရေးတယူ မဖမ်းမဆီး မရှာမဖွေကြတာက ပိုလို့ အံ့သြစရာ ကောင်းနေပါသည်။

ဟိုးကျောင်းသား သမဂ္ဂက ကောင် လေးတွေကို ၀န်းရံမိသော မနီလာသိန်း အိမ်ကို ညဘက် မီးပါဖြတ်ပြီး ကိုလှရွှေတို့ လာဖမ်းကြ ဆီးကြတာမျိုးလည်း မတွေ့ ကြရ။ ဘာပဲဖြစ်ဖြစ် ဖမ်းချင်လျှင် မိသ လောက် မဖမ်းချင်လျှင် ဝေးနေသည့်အဖြစ် မျိုး ခဏခဏ ကြုံရ ကြားရသည့်အခါ မောင်ရင်လေးတို့တွေ ရင်ထဲ ကြပ်မောကြီး ခံစားရပါ၏။ တာဝန်ယူမှု၊ တာဝန်ခံမှု လေးတွေဆိုတာ မှန်ဘီလူးနှင့် ရှာကြရ လေတော့ မလိုပင်။ ဆက်စောင့်ကြည့်ကြ ရမည်။ အချိန်ပေးရပါမည်။ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ ရှိပါလိမ့်မည်။ မောင်ရင် လေးတို့ စိတ်ရှည်ကြရပါမည်။

မမကြီးရဲ့ ရုံးချိန်းတွေအကြောင်း Dawei Watch မှာ အချိန်နှင့် တပြေးညီ ဆိုသလို မကြာမကြာ သတင်းတွေ တက်တက်လာ ပါသည်။ လိုပြ သက်သေ အဖြစ် အစစ်ခံကြလေသော တာဝန်ရှိသူ၊ တာဝန်ယူခဲ့ဖူးသူတို့ နှုတ်ထွက် သက်သေခံချက် စကားတွေ မောင်ရင်လေးတို့ ကြားရ လေတိုင်း အံ့သြကြရပါသည်။ ဌာနကြီး ဆယ်ခုကျော်ကို တာဝန်ယူနေရလို့ သေချာ မစိစစ်ဘဲ လက်မှတ်ထိုးမိတယ်လို့ ပြောတာမျိုး၊ သားတို့ သေချာမဖတ်ပါဘဲ လက်မှတ်ထိုးမိပါတယ်လို့ ဆိုကြတာမျိုး ကြားရသည့်အခါ ပြန်လို့ ပြောစရာ စကားမရှိအောင် ဆွံ့အကြရပါသည်။ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာလေးတွေ တော့ ရှိတန် ကောင်းကြပါသည်။ စိတ် တော့ ရှည်ကြရပါမည်။ အချိန်တော့ ပေးကြရပါမည်။

မလွှဲသာ မရှောင်သာ လူစားလဲတာ တို့၊ ထွက်ခွင့်ပေးလိုက်တာတို့ သည်ဖက်မှာ ပြုလုပ်ကြသလိုမျိုး၊ ဥရောပ ဘောလုံး အသင်းကြီးတွေ မှာလည်းကျင့်သုံးကြပါ သည်။ ဘယ်အရေးအရာကိုမဆို အကောင်း ကို မျှော်လို့ လုပ်ကြတာပဲ များပါသည်။ တာဝန်ယူ တာဝန်ခံကြရတာတော့ အမှန်ပဲ ဖြစ်ပါသည်။

ဥရောပ ဘောလုံးရာသီ စပါပြီ။

ဥရောပ နိုင်ငံကြီးများရဲ့ လက်ရှိ ချန်ပီယန်အသင်းကြီးအများစု ခြေမပေါ် ကြပါ။ မန်ချက်စတာစီးတီးက စပါးနှင့် သရေ၊ ဘိုင်ယန်ကလည်း ဟာသာဘာ လင်ကို အသည်းအသန်နောက်က လိုက် ကစားရသလို ဘာစီလိုနာနဲ့ ပဲရစ်စိန့် ဂျာမိန်းတို့ ကလည်း အသင်းငယ်တွေကို အရှုံး ကန်ခဲ့ကြသော ရက်သတ္တပတ် ဖြစ်ပါ သည်။ မောင်ရင်လေးတို့တွေ အချိန်တော့ ပေးကြ ရပါမည်။ ပွဲဆက်တွေများလို့ ပွဲပန်းနေလို့ ရှုံးပွဲဆက်နေသော လမ်းပတ် ရဲ့ ချဲဆီးအသင်းကိုလည်း အချိန်အတိုင်း အတာ တစ်ခုတော့ ပေးကြရပါမည်။ မောင်ရင်လေးတို့ စိတ်ရှည်ကြရပါမည်။

ထို့အတူ တာဝန်ယူမှု တာဝန်ခံမှု လည်း ရှိကြရမည်ကား မလွဲ။

မောင်ရင်လေး