ထားဝယ်လျှပ်စစ် ကုမ္ပဏီအသစ်မတိုင်မီ ကြားကာလ GGS ဆက်မလုပ်က အစားထိုးမည့်အစီအစဉ် အဆင်သင့်ရှိဟုဆို

0
1698

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါအောင်ကုမ္ပဏီမလုပ်ကိုင်မီ ကြားကာလတွင် GGS ကုမ္ပဏီ ဆက်မလုပ်ပါက အစားထိုးမည့်အစီအစဉ်အဆင်သင့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောသည်။

လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို တိုင်းအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် Global Grand Service(GGS) ကုမ္ပဏီအား စက်တင်ဘာလကုန်အထိ ယာယီလုပ်ကိုင်ခွင့်ပြုထားပြီး လုပ်ကိုင်မည့်ကုမ္ပဏီအသစ်ရွေးချယ်ရန် တင်ဒါ ဖွင့်ဖောက်စစ်ဆေးပြီးဖြစ်သည်။

တင်ဒါအောင်ကုမ္ပဏီက ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် လုပ်ငန်းစတင်လုပ်ကိုင်ရမည်ဖြစ်သည့်အတွက် အောက်တိုဘာလအထိ ဒီဇင်ဘာလအထိ သုံးလတာ ကြားကာလတွင် မည့်သည့်ကုမ္ပဏီ လုပ်ဆောင်မည်ဆိုသည်ကို အတည်မပြုနိုင်သေးပေ။

အဆိုပါ ကြားကာလသုံးလတာအတွက် လက်ရှိလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီနှင့် သြဂုတ်လ ၃၀ ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းလျှပ်စစ်/စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

ကြားကာလအတွက် GGS ကုမ္ပဏီနှင့် ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူ ပြု ဗဟိုကြီးကြပ်မှုကော်မတီတို့ ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။

GGS ကုမ္ပဏီနှင့် ညှိနှိုင်းမှု အဆင်ပြေပါက ကြားကာလအတွင်း ဆက်လက်လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ညှိနှိုင်းမှုအဆင်မပြေပါက တိုင်းအစိုးရတွင် ဒုတိယအစီအစဉ် ရှိကြောင်း ဦးအောင်သူရက ပြောသည်။

တိုင်းအစိုးရ၏ ဒုတိယအစီအစဉ်မှာ အခြားသူတစ်ဦးကို လုပ်ကိုင်ခွင့်ပြုရန်ဖြစ်သည်။

 “အခြားလူဆိုတာက လောလောဆယ် အတိအကျတော့ ပြောလို့မရသေးဘူး၊ ကျွန်တော်တို့မှာက Second plan ကတော့ ရှိတယ်”ဟု ၀န်ကြီးဦးအောင်သူရက ပြောသည်။

ကြားကာလအတွင်း အခြားသူတစ်ဦးလုပ်ဆောင်ပါက လက်ရှိ GGS ကုမ္ပဏီကောက်ခံနေသည့် လျှပ်စစ်တစ်ယူနစ်နှုန်းထား ၂၅၀ ကျပ်ပင် ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

GGS ကုမ္ပဏီကလည်း လျှပ်စစ်ထုတ်လုပ်ဖြန့်ုဖြူးရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိသာ တိုင်းအစိုးရက လုပ်ကိုင်ခွင့်ပြုထားပြီး ယင်းကာလနောက်ပိုင်းတွင် အစိုးရက ရွေးချယ်ထားသည့် တင်ဒါအောင်ကုမ္ပဏီသို့ ဥပဒေနှင့်အညီ လုပ်ငန်းလွှဲအပ်နိုင်ရေး၊ ရသင့်ရထိုက်သည့် မီတာခများ ပြည့်ဝစွာရရှိရေး၊ ၀န်ထမ်းလွှဲပြောင်းရေးကိစ္စများကို လိုအပ်သလို စီမံဆောင်ရွက်ပေးရန်  သြဂုတ်လ ၂၆ ရက် နေ့စွဲဖြင့် တိုင်းအစိုးရထံ စာပေးပို့ထားသည်။