မောင်းမကန်က စိတ်အေးချမ်းသာ

0
1912

အလောင်းစည်သူမင်းကြီး တိုင်းခန်း လှည့်စဉ်က သူ့ရဲ့ မောင်းမမိဿံတွေ ပင်လယ်ရေကူးပြီးရင် ရေချိုးဖို့အတွက် ရေကူးကန်တစ်ခု တူးဖော်ခဲ့ပါသတဲ့။

အဲဒီရေကန်ကို အစွဲပြုပြီး မောင်းမကန်ရွာ၊ မောင်းမကန် ကမ်းခြေလို့ ခေါ်တွင်ခဲ့ကြပါသတဲ့။

အလောင်းစည်သူမင်း တူးခဲ့တဲ့ ရေကူးကန်က ခု ဘယ်မှာမှန်း မသိပါဘူး။

မောင်းမကန်သားတစ်ယောက် ဖန်တီးလိုက်တဲ့ ရေကူးကန်ကတော့ မောင်းမကန်ရွာအ၀င်ဝက တောအုပ် လေးထဲမှာ ပေါ်ပေါက်လာပါတယ်။

ရေကူးကန်ရဲ့ ထူးခြားချက်တွေက သဘာဝချောင်းရေကို သွယ်ထည့်တာ ရယ်၊ ဆိတ်ငြိမ်တဲ့ တောအုပ်လေးထဲမှာ တည်ရှိတာရယ်၊ သဘာဝနဲ့ လူသားစိတ်ကူး ပေါင်းစပ်ထားတဲ့ ချစ်စဖွယ် ရေတံခွန်ငယ်လေးက ရေကူးကန်အနီးမှာ ရှိတာရယ်ပါ။

မိသားစုအလိုက်၊ သူငယ်ချင်းအုပ်စု အလိုက် သွားရောက်လည်ပတ် ရေကူးအပန်းဖြေဖို့ သင့်တော်လှတဲ့ ရေကူး ကန်လေးကို ပိုင်ရှင်က “စိတ်အေးချမ်းသာ”လို့ နာမည် လှလှလေး ပေးထားပါတယ်။

ဝင်ကြေးက တစ်ယောက်ကို ၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ပျော်သလောက် နေ၊ ပျော်သလောက် ရေကူးပေါ့။

ကလေးတွေကူးဖို့ ၃ ပေခွဲသာနက်တဲ့ နေရာလည်း ဖန်တီးပေးထားပါသတဲ့။

ရေကတော့ တောင်ကျချောင်းရေကို သွယ်ထည့်ယုံဆိုတော့ လဲရဲ့လား၊ သန့်ရဲ့လား မေးနေဖို့ မလိုတော့ပါဘူး။

ရေကူးရင်း ဗိုက်ဆာရင် စားသောက် နိုင်ဖို့ အအေး၊ ကော်ဖီကအစ၊ ပင်လယ်စာအလယ်၊ မုန့်လက်သုပ်၊ ကွေးတရုတ် အဆုံး ဆိုင်လေးတွေနဲ့ တည်ခင်းရောင်းချ ပေးနေပါတယ်။

ကဲ..၊ မောင်းမကန်တောင်အဆင်း ရွာအ၀င်ဝနား တောအုပ်လေးထဲက စိတ်အေးချမ်းသာက မိသားစုတွေ၊ သူငယ်ချင်း အုပ်စုတွေကို မျှော်နေပါပြီ။

Dawei Watch