တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု အရေး အဖြေ ဝေးဆဲလား

0
1613

ထားဝယ်မြို့နယ် အရှေ့ဘက် မိုင် ၉၀ ကျော်အကွာ ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ်စခန်း၏ ဆိုင်အချို့တွင် ကျောပိုးအိတ် ကိုယ်စီဖြင့် ဟိုတစ်စုသည် တစ်စု စုဝေးကာ ထိုင်နေသူများကိုတွေ့လျှင် သူတို့သည် ထိုင်း/မလေးရှား နိုင်ငံတို့သို့ သွားကြမည့်သူများ ဖြစ်သည်မှာ သေချာပါသည်။

“၁၃ ယောက်အဖွဲ့ ဆင်းမယ်”ဟု ကားသမားက ပြောလိုက်သည်နှင့် မန္တလေးမှ လာသည်ဆိုသော ကျား/မ အရွယ်စုံတစ် သိုက်က ကားပေါ်မှ ဆင်းကြသည်။ ထို့နောက် နယ်စပ်စခန်းရှိ ကားသမား ညွှန်ပြသည့် ထမင်းဆိုင်တစ်ခုထဲ ၀င်သွား ကြသည်။

သူတို့သည် မလေးရှားနိုင်ငံသို့ အောက်လမ်းခေါ် တရားမ၀င်လမ်းကြောင်းမှ သွားကြမည်သူများ ဖြစ်ကြောင်း သူတို့ ထဲမှ တစ်ယောက်က ကားပေါ်တွင် ပြောခဲ့သည်။

ကားပေါ်တွင် ပါလာသူတချို့က ထီခီးနယ်စပ်စခန်း မရောက်မီ ထိုင်း-မြန်မာနယ်စပ် မြန်မာရွာများ၏ ရွာထိပ် စားသောက်ဆိုင်များတွင် နေခဲ့ကြသည်။

သူတို့သည် ထိုဆိုင်မှတစ်ဆင့် ချိတ်ဆက်ထားပြီးသော လူပို့ဆောင်ပေးသူ (အရပ်အခေါ်ပွဲစား) များနှင့်အတူ ထိုင်း ဘက်သို့ ၀င်ရောက်ကြမည့်သူများဖြစ်ကြောင်း ကားသမားက ပြောသည်။

ထီးခီးဂိတ်မှ မြန်မာနိုင်ငံသားတစ်ဦး ထိုင်းနိုင်ငံသို့ (၇)ရက် အလည်အပတ် ခရီးသွားခွင့်ရ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လုပ်လျှင် မြန်မာငွေ ကျပ်၂၀၀၀ ပေးဆောင်ရသည်။ ထိုလက်မှတ်သည် ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရိုင်အတွင်းသာ လည်ပတ်ခွင့်ရပြီး နယ်ကျော်သွားခွင့် မရပါ။

တချို့ ရွှေ့ပြောင်းလုပ်သားတို့က လူပို့ဆောင်သူတို့၏ အကူအညီဖြင့် ထိုလက်မှတ် လုပ်ဆောင်ကာ မြန်မာနှင့် ထိုင်း စစ်ဆေးရေးဂိတ်တို့ကို တရားဝင် ဖြတ်ကျော်ကြသည်။

ထိုသို့ တရားဝင် ဖြတ်ကျော်ရာတွင် ထိုင်းဂိတ်တာဝန်ရှိသူတို့နှင့် နားလည်မှု ရယူထားပြီးသား လူပို့ဆောင်သူတို့နှင့်အတူ ကားဖြင့် ဖြတ်ကျော်ကြရသည်။

(၇)ရက်အတွင်း ပြန်မလာမှာ သေချာသည့် ရွှေ့ပြောင်းလုပ်သား တစ်ဦးအတွက် ထိုင်းတာဝန်ရှိသူအဖွဲ့စုံအား ထိုင်းဘတ် ကျပ် ၂၀၀၀  တစ်ခါတည်း ပေးခဲ့ရကြောင်း လူပို့ဆောင်သူတစ်ဦးက ပြောသည်။

အကယ်၍ ၇ ရက်အတွင်း ပြန်လာ မည့်သူဖြစ်ပါကလည်း ထိုင်းတာဝန်ရှိသူတို့ မျက်မှန်းတန်းမိပြီးသား လူပို့ဆောင်သူတို့က အာမခံပေးမှ ဖြတ်သန်းခွင့် ရပါသည်။

“၇ ရက်ပြည့်လို့ ကိုယ်အာမခံထားတဲ့ လူ သူတို့ဂိတ်က ပြန်မထွက်ရင် ထိုင်း လ၀ကက အာမခံထားသူအိမ်တံခါး လာခေါက်တယ်”ဟု ကန်ချနာဘူရီမြို့တွင် နေထိုင်သည့် လူပို့ဆောင်သူတစ်ဦးက ပြောပါသည်။

ပြန်မလာတော့သူ ရွှေ့ပြောင်းလုပ် သားတစ်ဦးအတွက် ဘတ် ၂၀၀၀ ဟူသည့် နှုန်းထားမှာ အမြဲတမ်း အသေမဟုတ်ဘဲ ထိုင်းဘက် တာဝန်ကျသည့် ၀န်ထမ်းအကြီး အကဲအပေါ်၊ ထိုင်းနိုင်ငံရေး၊ ထိုင်း-မြန်မာ ဆက်ဆံရေး စသည်တို့အပေါ် မူတည် ပြောင်းလဲနေတတ်ကြောင်း လူပို့ဆောင်သူ တို့က ပြောသည်။

။။              ။။           ။။

တစ်မြို့လုံးနီးပါးက တရားမ၀င် ရွှေ့ပြောင်းသွားလာဝင်ထွက်သူများအပေါ် မှီခိုစီးပွားရှာနေကြသည်ဆိုသော မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်မြို့တွင်လည်း မောတောင်-ပကျွတ် နယ်စပ်စခန်းမှ တစ်ဆင့် ထိုင်း/မလေးရှားတို့သို့ အောက်လမ်းခေါ် တရားမ၀င်လမ်းမှ သွားရောက် မည့်သူများဖြင့် စည်ကားနေပါသည်။

ရွှေ့ပြောင်းလုပ်သားတို့က ယခင်က မောတောင်မှတစ်ဆင့် ထိုင်းဘက်သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ၀င်ရောက်နိုင်ပြီး ထိုင်းဘက်မှ ရွှေ့ပြောင်း လုပ်သားတစ်ဦးလျှင် ဘတ် ၉၃၀ အား မောတောင်နှင့် ထိုင်းနိုင်ငံ ပကျွတ်မြို့အကြား လမ်းပိုင်းတွင် ၂ နေရာခွဲ ပေးဆောင်ရကြောင်း မောတောင်မြို့ခံ တစ်ဦးက ပြော သည်။

“အဲလို ပေးထားရင် ပကျွတ်(ထိုင်းနယ် စပ်မြို့)မှာ ဘယ်နေရာထားထား၊ ဘယ် တည်းခိုခန်းထားထား (ထိုင်းတာဝန်ရှိ သူတွေ) မနှောင့်ယှက်တော့ဘူး”ဟု ၎င်းမြို့ခံက ပြောသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလမှအစ ထိုင်းဘက်မှ ထိုသို့ ငွေ လက်မခံတော့သဖြင့် လမ်းမပေါ်မှ ကားဖြင့် ဖြတ်သန်းသယ်ယူ ခြင်း မပြုနိုင်တော့ဘဲ တောလမ်းခရီးဖြင့် ဖြစ်သလို ခိုးဝင်သွားလာနေကြရကြောင်း မြို့ခံတို့က ဆိုကြသည်။

“ညဘက်တွေ ဖြတ်ရတာဆိုတော့ အရမ်းအန္တရာယ် များတယ်။ မြွေပါးကင်း ပါးလည်း ကြောက်ရတယ်၊ မြန်မာရော ထိုင်းဘက်ကပါ ပိတ်ဆီးစောင့်ဖမ်းတာတွေ ရှိတယ်၊  ကြပ်တဲ့အချိန်တွေဆို တောထဲမှာ ပုန်းခိုနေရပြီး အစားရေစာ ပို့ပေးနေရတာတွေ ရှိတယ်”ဟု အထက်ပါ မြို့ခံက ပြောသည်။

ထီးခီးနှင့် မောတောင်တို့မှ လူပို့ဆောင် သူတို့၏ အဆိုအရ မြန်မာဘက်ခြမ်းမှ တာဝန်ရှိသူများက လူတစ်ဦး မည်မျှဟု သတ်မှတ် ကောက်ယူခြင်းမျိုး မရှိဘဲ အလျဉ်းသင့်သလို ပေးဆောင်ကြကြောင်း ပြောကြသည်။

။။           ။။            ။။

ကော့သောင်းဘက်မှတစ်ဆင့် ရွှေ့ပြောင်းလုပ်သား တရားမ၀င် ပို့ဆောင်သူ တို့ကမူ ထိုင်း၊ မလေးရှား သွားရောက်မည့် သူများကို ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လုပ်ပေးခြင်း မပြုတော့ဘဲ ကော့သောင်းကမ်း တစ်နေရာရာမှ ထိုင်း ရနောင်းဘက်သို့ လှေဖြင့် ခိုးသယ်ကာ ရနောင်းရှိ အချိတ်အဆက် ပြုထားပြီးသား လှေဆိပ်(ဂိုဒေါင်)သို့ ဆိုက်ကပ်ကာ လိုရာခရီးကို ကားဖြင့် ဆက်သွယ်ပို့ကြသည်။

ကော့သောင်းမြို့နယ် ပါချန်မြစ်တစ် လျှောက်ရှိ အေးချမ်းသာ၊ ဖော့ဆို့၊ မာရမ်း၊ လုံးဖော စသည့်ရွာတို့မှတစ်ဆင့်လည်း လှေဖြင့် နေ့စဉ်နှင့် အမျှ အထောက်အထားမဲ့ သွားလာနေကြသည်။

ယင်းသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် သူ ရွှေ့ပြောင်းလုပ်သားများသည် တရားဝင် သွားသူများထက် လုပ်အား ခေါင်းပုံဖြတ် ခံရနိုင်ချေ၊ လူကုန်ကူးခံရနိုင်ရနိုင်ချေ ပိုမို များပြားကြောင်း လူကုန်ကူးမှု တားဆီးနှိမ် နှင်းရေး ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသည့် (အငြိမ်းစား)ရဲမှူးကြီး ခင်မောင်လှက ပြောသည်။

“လူကုန်ကူးခံရဖို့ ရာခိုင်နှုန်း ပိုများ တယ်ပေါ့။ အချိန်မရွေး လူကုန်ကူးခံရနိုင် တယ်ပေါ့”ဟု ရဲမှူးကြီး(ငြိမ်း) ခင်လှမောင်က ပြောသည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက တိုင်းတွင်း နယ်စပ်တစ်လျှောက်မှ တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုလုပ်ငန်းများ ရှိနေသည်ဆိုခြင်းကို ၀န်ခံသည်။

“တရားမ၀င်နယ်စပ် ဖြတ်ကျော်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှိပါတယ်၊ မရှိဘူး မဟုတ်ဘူး၊ ရှိပါတယ်။ နယ်နိမိတ် ခြံစည်းရိုးက ခြံခတ်ထားတာ မဟုတ်ဘူး၊ ကျွန်တော်တို့ တိုင်းဒေသရဲ့ ကုန်းလမ်းရော ရေလမ်းရောက တစ်ဖက်နိုင်ငံနဲ့ ဆက်စပ်မှု ဧရိယာ အင်မတန်မှကို ရှည်လျားပြီး ကျယ်ပြန့်တယ်။ ကြိုက်တဲ့နေရာက ကြိုက် သလို ထွက်လို့ရတယ်”ဟု ၀န်ကြီး ဗိုလ်မှူး ကြီး ကျော်ဇေယျက တိုင်းအစိုးရ တတိယ တစ်နှစ်တာကာလ သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။

ဒေသခံအချို့မှာ တစ်ဖက်နိုင်ငံတွင် သွားရောက်လုပ်ကိုင်စားသောက်နေကြသည် မှာ မိရိုးဖလာ လုပ်ငန်းတစ်ခုကဲ့သို့ ဖြစ်နေ ပြီး နိုင်ငံတစ်ဝှမ်းမှ မြန်မာနိုင်ငံသားတို့သည် လည်း တနင်္သာရီတိုင်း၏ နယ်စပ်ထွက် ပေါက်များမှတစ်ဆင့် ထိုင်း၊ မလေးရှား တရားမ၀င်သို့ ထွက်ခွာနေကြသည်ကို သိရှိနေရကြောင်း ၀န်ကြီးက ပြောသည်။

သိရှိလျှင် သိရှိသည့်အလျောက် တားဆီးအရေးယူခြင်းများ ပြုလုပ်နေကြောင်း  ၎င်းက ပြောသည်။

“ဖမ်းဆီးအရေးယူတဲ့အဆင့်ကတော့ နောက်ဆုံးမှ လုပ်ပါတယ်။ ပညာပေးတယ်။ ဆုံးမတယ်။ ပြန်လွှတ်ပေးတယ်။ ကျွန်တော်တို့ အပိုင်းကနေပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရမယ့် အတိုင်းအတာတွေကို၊ နိုင်တဲ့ အပိုင်းတာဝန်တွေကို အစွမ်းကုန် ဆောင် ရွက်နေပါတယ်”ဟု ၀န်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးမရသေးသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် များရှိနေသည့် နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး လက်လှမ်းမမီသည့်နယ်မြေများ ဖြစ်နေကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

ငြိမ်းချမ်းရေး ရရှိပြီးသည့် အချိန်တွင် အထက်ပါ ကိစ္စရပ်များ အားလုံးပြီးစီးသွား မည့်အနေအထား ဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကမူ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ပပျောက်စေရန် ရွှေ့ပြောင်းလုပ်သားများကို အသိပညာ များများပေးရန်နှင့် နယ်စပ်ဂိတ်များကို တရားဝင် ဖြစ်စေရန် အမြန်ဆုံး ဆောင်ရွက်သင့်သည်ဟု မှတ်ချက်ပြုသည်။

တရားဝင်နယ်စပ်ဂိတ် မဖြစ်သ၍တော့ ဒီပြဿနာ ရှိနေမယ်ထင်တယ်။

တရားဝင်နယ်စပ်ဂိတ်အဆင့်ကို တိုးမြှင့်နိုင်မှ ဒီပြဿနာ ပြေလည်နိုင်မယ်။ နောက်တစ်ခုက အသိပညာပေးဖို့ လိုအပ်လိမ့်မယ်။ ကျွန်တော်သိသလောက် ဆိုရင် တရားမ၀င်သွားတဲ့လူတွေလည်း စရိတ်စက သက်သာတာ မဟုတ်ဘူး။ အပေါ်(တရားဝင်) လမ်းကသွားလို့ရှိရင်လည်း ကုန်ကျ စရိတ်က သိပ်မကွာလှဘူး”ဟု ဦးရဲမြင့်ဆွေ က ပြောသည်။

မောတောင်နယ်စပ်ဂိတ်များ တရားဝင် ဖြစ်စေရေးမှာ နှစ်နိုင်ငံ နယ်နိမိတ်ကို စနစ်တကျ တိုင်းတာရမည် ဖြစ်ကြောင်း ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီးက မေလ ၁၅ ရက် က ပြည်သူ့လွှတ်တော်တွင် ဖြေဆိုထားသည်။

လက်ရှိတွင်မူ ရွှေ့ပြောင်းလုပ်သားများက နယ်စပ်ထွက်ပေါက် အသီးသီးမှ နည်းအမျိုးမျိုးဖြင့် တရားမ၀င် ၀င်ထွက် သွားလာနေကြဆဲ ဖြစ်သည်။

၎င်းင်းတို့က ငွေကုန်သက်သာခြင်း၊ အချိန်မရွေး ထွက်ခွာသွားလာနိုင်ခြင်း၊ မိမိလုပ်လိုသည့် ဆွေးမျိုးသားချင်းများရှိသည့် နေရာတွင် လုပ်ကိုင်နိုင်ခြင်း တို့ကြောင့် တရားမ၀င်လမ်းကြောင်းကို ရွေးချယ်ကြရခြင်း ဖြစ်ကြောင်း ပြောကြသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီဖြင့် တရားဝင်သွားပါက ငွေပိုကုန် ခြင်း၊ အချိန်အတိုင်းအတာ တစ်ခု စောင့်ဆိုင်းရခြင်း၊ မိမိလုပ်ကိုင်လိုသည့် နေရာ၊ ဒေသ၊ အလုပ်ရှင်ကို ရွေးချယ်နိုင်ရေး အခွင့်အလမ်း နည်းပါးခြင်းတို့ရှိကြောင်း ၎င်းတို့က ပြောကြသည်။

ထိုအထဲတွင် လူပို့ဆောင်သူ(ပွဲစား)တို့အားကိုးဖြင့် အရဲစွန့် ထွက်ခွာလာသူတို့ ပါဝင်နေသကဲ့သို့ တစ်ဘက်နိုင်ငံတွင် မိမိ၏ ဆွေမျိုးသားချင်းများ ရှိနှင့်ပြီး အလုပ်အကိုင်နေရာ သေချာပြီးသား သူများလည်း ပါဝင်နေသည်။

အဆက်အသွယ်ကောင်းဖြင့် သွားသူ များရှိသော်လည်း တစ်ဘက်နိုင်ငံ ထဲရောက် သွားပါက ဘာသာစကား မတတ်ကျွမ်းခြင်း၊ နယ်မြေ မကျွမ်းကျင် ခြင်း၊ သွားလာရန် အထောက်အထား မရှိ ခြင်းတို့ကြောင့် အချိန်မရွေး လူကုန်ကူးခံရ နိုင်ကြောင်း ရဲမှူးကြီး(ငြိမ်း) ခင်လှမောင်က ထောက်ပြသည်။

“အသိတစ်ချက် လစ်လိုက်တာနဲ့ လူကုန်ကူးခံရနိုင်တယ်ပေါ့နော်။ သတိထားပြီး သွားလာနေထိုင်မှ တော်ကာကျ တာပေါ့”ဟု ရဲမှူးကြီး(ငြိမ်း) ခင်လှမောင်က ပြောသည်။

ရွှေ့ပြောင်းလုပ်သားအဖြစ် တစ်ဘက် နိုင်ငံသို့ သွားမည်ဆိုပါက တရားဝင် လမ်းကြောင်းမှ သွားလာခြင်းသည် အကောင်းဆုံး ဖြစ်ပြီး ယင်းဒေသအကြောင်း သိရှိသူများကို တိုင်ပင်မေးမြန်းခြင်း၊ တရားဝင် သတင်းမီဒီယာ၊ အင်တာနက် တို့တွင် ထိုဒေသအကြောင်း၊ မိမိလုပ်ရ မည့်အလုပ်အကြောင်း၊ လုပ်ငန်းရှင် အကြောင်းများ ရှာဖွေ ဖတ်မှတ်ခြင်း၊ ရွှေ့ပြောင်းလုပ်သားအရေး ကျွမ်းကျင်သူများ၊ ဆောင်ရွက်နေသည့် တရားဝင်အဖွဲ့အစည်းများမှ တတ်ကျွမ်းနှံ့စပ်နား လည်သူများကို စူးစမ်းမေးမြန်း ဆွေးနွေး တိုင်ပင်ခြင်းတို့ ပြုလုပ်သင့်ကြောင်း ရဲမှူးကြီး(ငြိမ်း)က အကြံပြုသည်။

မင်းခန့်