တိုင်းအစိုးရ၏ လူထုတွေ့ဆုံပွဲများက လူတစ်စုတွေ့ဆုံပွဲ ဖြစ်နေသလား

0
633

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် လေးလက တနင်္သာရီတိုင်းသို့ လာရောက် ခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက်တွင် ခရီးစဉ် ပြီးဆုံးပြီး ယင်းည ၉ နာရီခွဲတွင် Myanmar State Counsellor Office (နိုင်ငံတော်၏ အတိုင်ပင်ခံရုံး လူမှုကွန်ရက်စာမျက်နှ)မှ တနင်္သာရီတိုင်းခရီး သတင်းစဉ်တစ်ပုဒ် ရေးသားသည်။

ထိုသတင်းစဉ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအနေဖြင့် ပြည်သူများ နှင့် ထိတွေ့မှု နည်းပါးနေသည်ကို တွေ့ရှိရ ကြောင်း၊ ပြည်သူများနှင့် ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ရန်၊ ယင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်မှု အခြေအနေကို  အစီရင် ခံစာတင်ပြရန် အလေးအနက်ထား မှာကြားလိုကြောင်း ဖော်ပြသည်။

ဤသည်ကို လေးလေးနက်နက် သတိပေးလိုကြောင်း၊ အမှန်တကယ် အလုပ် မလုပ်ပါက ပြင်းပြင်းထန်ထန် ကိုင်တွယ် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ပြီး နောက်တစ်လ မတ်လအတွင်း ၀န်ကြီးချုပ်နှင့် ၀န်ကြီး နေရာအချို့ အပြောင်းအလဲ ဖြစ်ခဲ့သည်။

ဝန်ကြီးချုပ်သစ် ဦးမြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့သည် မေလ ၁၅ ရက်မှ ဇွန်လ ၄ ရက်အတွင်း တိုင်းအတွင်း မြို့နယ် ၁၀ မြို့နယ်စလုံး လူထုတွေ့ဆုံပွဲဟူ၍ ကျင်းပသည်။

ထိုလူထုတွေ့ဆုံပွဲများက သာမန်အရပ်သားများ တက်ရောက်ရန် အခွင့် အလမ်း မသာခဲ့ပေ။

တနင်္သာရီအပတ်စဉ်က တိုင်းအတွင်း မြို့နယ်အသီးသီးမှ  သာမန်အရပ်သား ၁၂ ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ မိမိမြို့နယ်တွင် တိုင်းအစိုးရအဖွဲ့ လူထုတွေ့ဆုံပွဲ လာ ရောက်ကျင်းပသွားသည်ကိုပင် မသိသူ ၉ ဦး ရှိပြီး ကျန် ၃ ဦးမှာ ကိုယ်တိုင် မြင်ရခြင်း၊ လူမှုကွန်ရက်ပေါ် တွေ့ရခြင်းကြောင့် သိရှိကြောင်း ဖြေဆိုသည်။

“ရပ်ကွက်ထဲမှာလည်း အုပ်/မှူးတွေ က (၀န်ကြီးချုပ်) ဘယ်နေ့ လာမယ်၊ သွားတွေ့နိုင်ပါတယ် စသဖြင့် မကြေညာပါဘူး၊ ခုဝန်ကြီးချုပ်အသစ် လက်ထက်ဆို ပိုဆိုး သွားတယ်။ လာသွားမှန်းကို မသိလိုက် ဘူး”ဟု ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ် ကွက်တွင် ဈေးရောင်းသည့် အသက် ၅၀ နှစ်ရှိ ဦးမောင်ဝင်းက ပြောသည်။

တိုင်းအစိုးရနှင့် လူထုတွေ့ဆုံပွဲ ရှိကြောင်း ရပ်သူရွာသားများသိရေးအတွက် ဆော်သြရန်မှာ အစိုးရနှင့်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ တာဝန်ဖြစ်ကြောင်း တနင်္သာရီအပတ်စဉ်က ဆက်သွယ်မေးမြန်း ရာတွင် ပြောကြသည်။

ရပ်ရွာအတွင်း လှည့်လည် ကြေညာ ခြင်း၊ ဗွီနိုင်းထောင်ခြင်း၊ ဖိတ်စာဝေငှခြင်း မျိုးဖြင့် မည်သူမဆို တက်ရောက်ကာ တင်ပြနိုင်ကြောင်း လူတိုင်းသိရေး လုပ် ဆောင်သင့်ကြောင်း ၎င်းတို့က ပြောသည်။

ယခု လူထုတွေ့ဆုံပွဲများမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မိမိတို့နှင့် ပလဲပနံ သင့်သူကို တိတ်တဆိတ် ရွေးခေါ်သွားသဖြင့် လူထုတွေ့ဆုံပွဲများက ဟန်ပြသဘောမျိုး ဖြစ်နေကြောင်း ပြောဆိုကြသည်။

“မဲထည့်တဲ့အချိန်ဆို မဲရအောင် လမ်း ကြိုလမ်းကြားမကျန် လက်ကမ်းစာရွက် တွေ လိုက်ဝေတာ။ လူကြီးလာမယ် ဘယ် သူလာမယ် သွားပြီးတော့ တင်ပြနိုင်တယ် ဆိုတာတော့ ဘယ်သူမှလည်း လာမပြောကြ ဘူး”ဟု မြိတ်မြို့၊ မြိတ်တောင်နယ်မြေနေ ဘေးတွဲဆိုင်ကယ်အငှားယာဉ်မောင်းသူ ကိုထွေးငယ်က ပြောသည်။

တိုင်းအတွင်းရှိ ရပ်/ကျေးအုပ်ချုပ် ရေးမှူး၊ ကျေးရွာတာဝန်ခံ စသည့် ရွာတာဝန်ရှိသူများကို မေးမြန်းရာ လူထုတွေ့ ဆုံပွဲများ တက်ရောက်ရန် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ စတင် ညွှန်ကြားလာကတည်းက လူဦးရေ အကန့်အသတ်ဖြင့်( ဥပမာ မိမိ အပါအ၀င် ရပ်မိရပ်ဖ ၂ ဦး)သာ တက်ရောက် ရန် ညွှန်ကြားလာသဖြင့် ရွာသူရွာသား များကို အသိပေးခေါ်ယူရန် အခက်တွေ့ရကြောင်း ပြောကြသည်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ကမူ လူထု တွေ့ဆုံပွဲများအတွက် ဖိတ်ကြားရေးကိစ်္စ များကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များကို စီစဉ်ဆောင်ရွက်စေကြောင်း ပြောဆိုသည်။

“အဓိကကတော့ ရွာလူကြီးတွေ ပါမယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါမယ်၊ နိုင်ငံရေးပါတီက ပါမယ်။ ခန်းမရဲ့ လူဝင် ဆံ့မှုအပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်တွေကပဲ အသေးစိတ် စီမံခန့်ခွဲ တယ်”ဟု ၀န်ကြီးချုပ်က ပြောသည်။

ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းကလည်း ခန်းမ၏ လူဝင် ဆံ့မှု အနေအထားအရ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများ အားလုံးစုံညီ တက်ရောက်နိုင်ရန် စီစဉ်ရ ကြောင်း ပြောသည်။

“မြို့နယ် တစ်ရပ်ကွက်တည်းနဲ့ အပြည့် လည်း ဖြစ်လို့က မရဘူး၊ ကျန်တဲ့လူတွေ လည်း ပါရမှာကိုး။ မြို့ပေါ်ကလူချည်းပဲ တွေ့သွားရင် ကျေးလက်က လူတွေက တွေ့လို့ မရဘူး ဖြစ်သွားမှာလေ”ဟု ဦးဇော်လင်းထွန်းက ပြောသည်။

တိုင်းအစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲ များ မိမိတို့၏ မြို့နယ်အတွင်း ပြုလုပ်သွား ကြောင်းပင် ကြိုသိခွင့် မရလိုက်သည့် တိုင်းသူ တိုင်းသားများကမူ နောက်နောင် လူထုတွေဆုံပွဲများက လူတစ်စုတွေ့ဆုံပွဲ မဖြစ်ရေး စနစ်တကျ ကြိုတင် စီစဉ်သင့်ကြောင်း ပြောကြသည်။

“တကယ်တမ်းဆို တစ်အိမ်တစ် ယောက်လာစေချင်တယ်လို့သာ ပြောလိုက်၊ အကုန်လာမှာပါ၊ အခုက ကိုယ်နဲ့ဆိုင်ရဲ့ လား မဆိုင်ဘူးလားတောင် စဉ်းစားနေရ တာ၊ မခေါ်ရင် မသွားရဲဘူးလေ”ဟု ဘုတ်ပြင်း မြို့နေ အသက် ၅၀ အရွယ် ဒေါ်အုန်းမြင့်က ပြောသည်။

ကော့သောင်းမြို့ ပိတောက်ရွှေဝါ ရပ်နေ အသက် ၃၅ အရွယ် ကိုဇော်ဦးက တော့ ပွင့်လင်းမြင်သာစွာ မဖိတ်ကြားခဲ့ မှုအပေါ် မကျေမလည် စကားနာထိုးသည်။

“သူတို့(မကောင်း)ကြောင်း ပြော မလားဆိုပြီး စိုးရိမ်နေသလို အဆင်ပြေ နိုင်မယ့်သူတွေပဲ ၀င်ပြောရအောင် စီမံ ထားသလို ဖြစ်နေတယ်”ဟု ၎င်းက ဆို သည်။

တိုင်းအစိုးရအဖွဲ့၏ Tanintharyi Region လူမှုကွန်ရက်စာမျက်နှာတွင်လည်း လူထုတွေ့ဆုံပွဲသတင်းများကို တွေ့ဆုံ ပွဲပြီးမှသာ ဖော်ပြခဲ့ပြီး တွေ့ဆုံပွဲမတိုင်မီ ကြိုတင် ကြေညာခြင်း မရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ လ ၁၅ ရက် ကော့သောင်း လူထုတွေ့ဆုံ ပွဲတွင်  အောက်ပါအတိုင်း ပြောဆိုခဲ့သည်။

“အစိုးရဆိုတာ ပြည်သူလူထုနဲ့ ကင်းကွာနေလို့ မဖြစ်ပါဘူး။ ဒီမိုကရေစီ အစိုးရဆိုတာ ပြည်သူလူထုတင် မြှောက်ထားလို့ အစိုးရဖြစ်နေတာပါ။ အဲဒီဟာ ကိုဘယ်တော့မှ မမေ့သင့်ပါဘူး”။

တနင်္သာရီသတင်းအဖွဲ့