ထားဝယ်မြို့ရှိ ကျဉ်းမြောင်းနေသည့် တံတားနှစ်စင်းနှင့် လမ်းမကြီးအချို့ ချဲ့မည်

0
755

ထားဝယ်မြို့အတွင်း ကျဉ်းမြောင်း နေသည့် တံတားနှစ်စင်းနှင့် လမ်းမကြီး အချို့ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ချဲ့ရန် လျာထားကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

မြို့အတွင်း ကျဉ်းမြောင်းနေသည့် သံတံတားကြီးနှင့် ရွှေတောင်စားလမ်းရှိ (မလိငပိအနီး) တံတားတို့ကို ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင် ပြန်ဆောက်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အဖွဲ့မှ အမှုဆောင်အရာရှိ က ဆိုသည်။

သံတံတားကြီး၏ လက်ရှိအကျယ်မှာ ၁၄ ပေခန့်သာရှိရာမှ ပေ ၃၀ အကျယ်ရှိ သည့် သံကူကွန်ကရစ်တံတားအဖြစ် ပြန် ဆောက်မည်ဖြစ်ကြောင်း စည်ပင်အဖွဲ့ထံမှ သိရသည်။

လက်ရှိတံတားမှာ ကားတစ်စီးသာ သွားလာနိုင်သည့်အတွက် ကားနှစ်စီး သွားလာနိုင်ရန် တည်ဆောက်မည်ဖြစ် ကြောင်း မြို့နယ်စည်ပင်အဖွဲ့မှ အမှုဆောင် အရာရှိက ဆိုသည်။

ထို့အပြင် သံတံတားကြီးမှ ကျန်းမာရေး လမ်းဆုံ (မီးသုံးလုံးလမ်းဆုံ) အထိ တစ်ဖက်လျှင် ၄ ပေ အကျယ်ချဲ့မည်ဖြစ်ကြောင်း စည်ပင်အဖွဲ့ထံမှ သိရသည်။

“အဲဒီလမ်းမှာရှိတဲ့ ကျူးကျော်တွေက အခုကတည်းက စရှင်းနေပြီ၊ သတိပေးစာတွေ ထုတ်နေပြီ”ဟု အမှု ဆောင်အရာရှိက ဆိုသည်။

ရွှေတောင်စားလမ်း (မလိငပိအနီး)ရှိ တံတားကိုလည်း ပေ ၂၀ အကျယ်ရှိသည့် တံတားအဖြစ် တည်ဆောက်မည်ဖြစ် ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ကရပ်ပြင်လမ်းဆုံမှ ဇေယျဝတီ စာသင်တိုက်လမ်းဆုံအထိ တစ်ဖက်လျှင် ၃ ပေစီချဲ့မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကံ့ကော်ပင်(ဒေသအခေါ် ဂန့်ဂေါ်ပင်)လမ်းဆုံမှ ဆန်းချီလမ်းဆုံ အထိကိုမူ ချဲ့နိုင် သည့် ပမာဏရှိသည့်အတိုင်း လမ်းချဲ့မည် ဖြစ်ကြောင်း အထက်ပါအဖွဲ့ ထံမှ သိရသည်။

အဆိုပါတံတားများနှင့် လမ်းအချို့ တွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

အဆိုပါနေရာများကို ချဲ့မည်ဆိုပါ က ယာဉ်သွားလာမှုများ အနည်းငယ် အဆင်ပြေလာမည်ဖြစ်ကြောင်း ထားဝယ် မြို့ ဆန်းချီရပ်ကွက်နေ ဦးတင်စိုးက ဆိုသည်။

“နည်းနည်းကျယ်လာရင်တော့ နည်း   နည်းကောင်းလာမယ်”ဟု ဦးတင်စိုးက ပြောသည်။

အဆိုပါ လုပ်ငန်းများအတွက် ငွေကျပ် သိန်း ၃၃၀၀ ခန့် အသုံးပြုရန် လျာထားကြောင်း စည်ပင်အဖွဲ့ထံမှ သိရသည်။

ကိုဇော်