တနင်္သာရီ သယံဇာတအကျိုးခံစားခွင့်ရရှိရေး ကော်မတီ ပြန်လှုပ်ရှားမည်

0
504

“ဒို့သယံဇာတ ဒို့ပြည်သူအတွက်”ကြွေးကြော်သံဖြင့် ပြီးခဲ့သည့် ၅ နှစ်ကျော် က ဖွဲ့စည်းထားသည့် တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ(ထားဝယ်) အား မေလ ၂၆ ရက်တွင် ပြန်လည်စုဝေး ခေါ်ယူမည်ဟု ယင်းကော်မတီ အဖွဲ့ဝင်များထံမှ သိရသည်။

လက်ရှိ ထားဝယ်ခရိုင်လျှပ်စစ် ပြဿနာအတွက် တစ်စုံတစ်ရာအဖြေရှာ  ရန်နှင့် လိုအပ်ပါက လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ရန် အတွက် ကော်မတီဝင်များ  ပြန်လည်စု ဝေးရန် ဆုံးဖြတ်ကြခြင်း ဖြစ်ကြောင်း ကော်မတီဝင်အချို့က ပြောသည်။

“ကော်မတီ အစည်းအဝေး ပြန် ခေါ်မယ်၊ မီတာခတိုးကောက်မယ့်ကိစ်္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်။ အစိုးရ ကို တင်ပြမယ်၊ တိုင်ပင်မယ်၊ ဆွေးနွေး မယ်။ မရဘူးဆိုရင် နိုင်ငံသားတစ်ယောက် ရဲ့ အခွင့်အရေးအရ လမ်းပေါ်ထွက်မယ်၊ တောင်းဆိုမယ်။ တစ်နိုင်ငံလုံး သိအောင် လုပ်မယ်။ အားလုံး(တစ်နိုင်ငံလုံး မီတာခ) တစ်ပြေးညီဖြစ်အောင်ထိ ဆက်လုပ်ဖို့ အစီအစဉ် ရှိပါတယ်”ဟု ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးဇော်သူရက ပြောသည်။

ယင်းကော်မတီကို တနင်္သာရီတိုင်း အတွင်းရှိ သဘာဝသယံဇာတများကို တိုင်းသူတိုင်းသားများ အကျိုးခံစားခွင့် ရရှိရေးအတွက် လှုပ်ရှားမှုများကို အရှိန်အဟုန် ဖြင့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

ကော်မတီကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ထားဝယ်တိုင်းရင်းသားများ ပါတီ၊ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA)၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)နှင့် လူမှုရေးအဖွဲ့ အစည်းများ အပါအ၀င် အဖွဲ့အစည်း ၁၄ ခု မှ ကိုယ်စားလှယ် ၂၅ ဦးဖြင့် ဖွဲ့စည်း ထားသည်။

ကော်မတီဖွဲ့စည်းပြီးနောက် ကော်မတီ မှ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှုများ၊ တိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်း သုံးခရိုင်စလုံး လျှပ်စစ်မီး တစ်ပြေးညီ ရရှိရေး တောင်းဆိုမှုများ လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်တွင် လျှပ်စစ် တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် ရရှိရေးအတွက် ခရိုင်အဆင့် ဆန္ဒထုတ် ဖော်ပွဲကို ကျင်းပခဲ့ဖူးသည်။

လက်ရှိ NLDအစိုးရ လက်ထက် တွင် တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေးကော်မတီ(ထားဝယ်)၏ လှုပ်ရှားမှု များ ရပ်တန့်သွားခဲ့သည်။

ယခု ထားဝယ်ခရိုင်လျှပ်စစ်ယူနစ် ကြေး တိုးမြှင့်သည့်ကိစ္စ၊GGS ကုမ္ပဏီအား ယာယီလုပ်ကိုင်ခွင့်ချထားပေးမည့်ကိစ္စများ ပေါ်ပေါက်လာသည့်အတွက် ယင်းကိစ္စများ အပေါ် တစ်စုံတစ်ရာ တုံ့ပြန်လှုပ်ရှားမှုများ ဆောင်ရွက်ရန် ကော်မတီအစည်းအဝေး ပြန်ခေါ် စုစည်းရန်စီစဉ်ခြင်း ဖြစ်ကြောင်း ကော်မတီဝင်တို့က ဆိုသည်။

Dawei Watch