အစိမ်းရောင် ကန္တာရအလယ်က ရွာ

0
438

“တနင်္သာရီတိုင်းသည် ဆီအိုးကြီး ဖြစ်စေရမည်”ဟူသည့် ဆောင်ပုဒ်က ချောင်းဖျားကြီးရွာအတွက် နတ်ဆိုးတို့၏ ကျိန်စာ။

ထိုဆောင်ပုဒ်က ချောင်းဖျားကြီး ရွာကို အစိမ်းရောင်ကန်္တာရထဲ ပိတ်မိစေခဲ့ ခြင်း ဖြစ်သည်။ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်း ကျေးရွာအုပ်စုမှ ချောင်းဖျား ကြီးရွာသည် ထားဝယ်-ကော့သောင်း အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးနံဘေး အထိ ဥယျာဉ်ခြံများ ပိုင်ဆိုင်ခဲ့ဖူးသည်ဟု ပြောလာလျှင် ယုံနိုင်ဖွယ်ရာ မရှိပါ။ လက်ရှိ တွင် အစိမ်းရောင်ကန္တာရဟုတင်စားသည့် ဆီအုန်းပင်များ အ၀ိုင်းခံထားရသည်မှာ ရွာ စာသင်ကျောင်း ခြံဝင်းထဲတွင်ပင် ဆီအုန်းပင် ၀င်စိုက်ခံထားရသည်အထိ။

ပြည်ထောင်စုလမ်းမကြီးနှင့် ၁ မိုင် ကျော်သာဝေးသည့် ချောင်းဖျားကြီး ရွာသို့ သွားရန် အများပြည်သူပိုင်လမ်း မရှိ။ ဆီအုန်းခြံ လုပ်ငန်းသုံး ကားလမ်း ကြမ်းများက ချောင်းဖျားကြီးရွာသားတို့၏ တစ်ခုတည်းသော ရွေးစရာမဲ့လမ်းများ။ ရွာမြောက်ဘက်မှ ၀င်လိုလျှင် ဒဂုံတင်းဘား ဆီအုန်းကုမ္ပဏီပိုင် ဆီအုန်းခြံလမ်းမှ ၀င်ရမည်။ ရွာတောင်ဘက်တွင် ရွာနှင့် ကပ်လျက် စီးဆင်းနေသည့် ချောင်းဖျားကြီး ချောင်း။ ထိုချောင်းက ချောင်းဖျားကြီး တစ်ရွာလုံး သုံးစွဲရေအတွက် မှီခိုရာ ရေချို ချောင်း။ ချောင်းငယ်တစ်ဘက် ကမ်းတွင်တော့ ယုဇနကုမ္ပဏီ၏ ဆီအုန်းခြံ။

မြန်မာ့အာဏာပိုင်တို့၏ ဆီအိုးကြီး အိပ်မက်ကို အကောင်အထည်ဖော်မည့် ထိုခြံ ၂ ခြံ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း ကြီးကပင် စည်ပင်ဝပြောစ ချောင်းဖျားကြီး ရွာလေးကို အစိမ်းရောင်ကန္တာရထဲ တွန်းပို့ ခဲ့ခြင်း ဖြစ်ပါသည်။ ဆီအုန်းစီမံကိန်းတို့ အကောင်အထည် မဖော်ခင်ခုနှစ်များဆီက ချောင်းဖျားကြီးရွာသည် ထိုဒေသတစ်ဝိုက် တွင် စည်ကားသိုက်မြိုက်လှသည့်ရွာ။

ရွာစတည်ကာစ အဓိကလုပ်ငန်းက သစ်ထုတ်လုပ်ရေး(ရွာတည်ခဲ့သည့် ခုနှစ်ကို ပြောပြနိုင်သူ မရှိတော့ပေ)။ သစ်များ ကို ခုတ်ကာလှေဖြင့် ချောင်းဖျားကြီးချောင်း တစ်လျှောက် ပင်လယ်သို့ ထွက်မည်။ ကော့သောင်း၊ ရနောင်းသို့ ပို့ဆောင် ရောင်းချမည်။

ထိုစဉ်က လှေလမ်းသာ အဓိက။

သစ် ၈ တန် တင်ဆောင်နိုင်သည့် လှေက ရွာဦးကျောင်းအနီးသို့ပင် ဆိုက်နိုင်၏။ ထိုသို့ သစ်ထုတ်ရင်းဖြင့် တစစ ရွာဖြစ်လာသည်။ ရွာ၏ မြေယာခွဲဝေမှုကို ရွာသားများနှင့် ရွာသူကြီးတို့ စုပေါင်း တိုင်ပင်ရေးဆွဲသည်။ ချောင်းဖျားကြီး ချောင်း၏ တစ်ဖက်တစ်ချက်တွင် ဘုံဆိုင်လယ်ကွက်ကြီး ဖော်ဆောင်ကာ ရွာသားများက တစ်အိမ်ထောင်လျှင် ၄ ဧက နှုန်း စိုက်ပျိုးကြရသည်။

ချောင်း တောင်ဘက်ခြမ်းတွင် ရွာသား ဦးလှိုင်ဝင်းပိုင် ဆန်စက်ရှိသည်။ ထိုဆန်စက်သည် ရွာနီးချုပ်စပ် စပါးစိုက် သူတို့၏ အားထားရာ။

“ရွာမှာ လှည်းလည်း ရှိတယ်။ စပါးပုံ ကြီးတောင် မြင်ယောင်သေးတယ်”ဟု ချောင်းဖျားကြီးရွာ လက်ရှိကျေးရွာ တာဝန်ခံက ပြောသည်။

ကျေးရွာတာဝန်ခံ ဦးမြင့်နိုင် ချောင်းဖျား ကြီးရွာသို့ ၁၉၉၆ ခုနှစ်က စတင်ပြောင်းရွှေ့လာသည်မှာ ရွာ၏ အလုပ် အကိုင် အခွင့်အလမ်းပေါများမှု သတင်းများကြောင့် ဖြစ်သည်။

ထို ဘုံပိုင်လယ်ကွက်ကြီးနောက်တွင် ပသျှူးလူမျိုးတို့ စိုက်ပျိုးထားသည့် သီဟို တောကြီး ရှိသည်။ ရွာအရှေ့ဘက်ရှိ လက်ရှိ ပြည်ထောင်စုလမ်းမှာ ယခင်က သစ်ထုတ်တဲ့ လမ်းအူကြောင်းဟု ဦးမြင့်နိုင်က ဆိုသည်။ ချောင်းဖျားကြီးရွာသားများက ထိုသစ် ထုတ်ကားလမ်းကြမ်း၏ လမ်းဘေးဝဲယာတွင် တောတောင်များတွင် ကြိမ်ခုတ်၊ သစ် ၀ါးခုတ်ရောင်းကြ။ သစ်သီးဝလံများ ခူးကြ။ အိမ်တွင်စားရန် ပိုလျှံသည်များကို အခြားဒေသသို့ သစ်သယ်လှေကြုံဖြင့် တင်ပို့ ရောင်းချကြ။

“တောတောင်တွေရှိတုန်းကတော့ သစ်သီးဝလံဆိုတာ အလကားတောင်းစား ကြတာပေါ့၊ ခုလို ပိုက်ဆံနဲ့ ၀ယ်စားစရာ မလိုဘူးလေ”ဟု ဦးမြင်နိုင်က ဆိုသည်။

၁၉၉၇ ခုနှစ်ခန့်မှစ ရွာတွင် ဥယျာဉ် ခြံလုပ်ငန်း ရေပန်းစားလာကြရာ ရွာသားများ က ရွာနီးချုပ်စပ်တွင် ကွမ်း၊ ဒူးရင်း၊ ပိနဲ်္န၊ ငှက်ပျော စသည့် ရောရာသစ်သီးဝလံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးဥယျာဉ်များ ထူထောင်လာကြသည်။

“စိုက်တာ များတယ်ဗျ။ အခု မိန်းလမ်း (ပြည်ထောင်စုလမ်း)အထိ ထွက်ပေါက် တယ်ပေါ့” ဟု ဦးမြင့်နိုင်က ပြောသည်။

ထိုသို့ ထူထောင်ပြီးနောက် မကြာမီ ပင် ရွာ၏တောင်ဘက် ၅ မိုင်ခန့်အကွာ တွင် ယုဇနဆီအုန်းကုမ်္ပဏီ၊ ရွာမြောက်ဘက် ၅ မိုင်ခန့်အကွာတွင် ဒဂုံတင်းဘားဆီအုန်း ကုမ်္ပဏီတို့ စတင် အခြေစိုက်နေပြီဆိုသည့် သတင်းကို ရွာသားတို့ စကြားရသည်။

သို့သော် ထို မြန်မာနိုင်ငံ၏ ဆီအိုးကြီးအိပ်မက်က သူတို့ရွာနှင့် မည်သို့မျှ သက်ဆိုင်မည်မဟုတ်ဟု ယူဆကာ စိုးစဉ်းမျှ စိုးရိမ်စိတ်မရှိခဲ့။

၂၀၀၁ ခုနှစ်တွင် ချောင်းဖျားကြီး ရွာ၏ ကံကြမ္မာအလှည့်အပြောင်းကို သယ်ဆောင်လာသည့် ဆီအုန်းစီမံကိန်း ဘူဒိုဇာကြီးများ ရွာအနီးသို့ ရောက်လာ ကြသည်။ ရွာသားတို့စိုက်ပျိုးထားသည့် ဥယျာဉ်ခြံများကို ဘူဒိုဇာကြီးများဖြင့် ထိုးဖျက်ရှင်းလင်းကြတော့ကြောင်း ရွာသားတို့က ပြောကြသည်။ ဥယျာဉ်ခြံ များကို မဖျက်ဆီးကြပါရန် ရွာသားများ တားမြစ်ကြသော်လည်း လက်မခံ။

“သွားတားရင် ဘူဒိုဇာသမားက နားပေးတယ်၊ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းက “ထိုး” လို့ ပြောရင် ထိုးပစ်လိုက်ရော”ဟု ဦးမြင့်နိုင်က ဆိုသည်။

ရွာသားတို့က တိုင်းပြည်တာဝန်ရှိသူ တို့၏ အကူအညီ မရခဲ့။ တာဝန်ရှိသူ (ထိုစဉ်က တပ်မတော်သားများ)တို့အား ရွာသားတို့က အကူအညီတောင်းခဲ့သော် လည်း တာဝန်ရှိသူတို့က ကုမ်္ပဏီများ ဘက်မှ ရပ်တည်ကာ ရွာသားများကို ပြန်လည် ခြိမ်းခြောက်ကြောင်း ရွာသားတို့က ပြောသည်။

“ထိတ်တုံးထဲထည့်ပြီးတော့ ပါးရိုက်တာ ခင်ဗျား။ အရိုက်ခံထိတဲ့လူတွေ ခုထိရှိတုန်းပဲ”ဟု ချောင်းဖျားကြီးရွာသား တစ်ဦးက ပြောသည်။

ထိုအခါ ကုမ္ပဏီတာဝန်ရှိသူတို့က ပိုအတင့်ရဲလာပြီး ရွာဝန်းကျင်မှ စိုက်ပျိုး မြေများသာမက ရွာနေအိမ်အချို့ပါ ဖျက်ဆီး ခြင်းတို့ ပြုလာသည်ဟု ဆိုကြသည်။ သင်္ချိုင်းမြေပင် ဆီအုန်းများ ၀င်စိုက်လိုက်သည်။ အိမ်ခြေ ၁၁၁ လုံးရှိသည့် စည်ပင်ဖွံ့ဖြိုးစ ချောင်းဖျားကြီးရွာလေး ရင်ဆိုင်ခဲ့ရသည်က ကုမ္ပဏီတစ်ခုတည်း မဟုတ်။ အင်အား ကြီး ကုမ္ပဏီ ဒဂုံတင်းဘားနှင့် ယုဇနတို့ နှစ်ခုအပြိုင် ရွာကို လာဝိုင်းသည်ကို ခံလိုက် ရခြင်းဟု ရွာသားတို့က ပြောကြသည်။

နောက်ဆုံးတွင် အိမ်အချို့နှင့် ဥယျာဉ်ခြံမြေဧက ၇၀၀ ကျော် ပါသွားကာ ရွာမှာ ပျက်လုလု။ ရွာနောက်ရှိ ပသျှူး လူမျိုးများ စိုက်ပျိုးထားသည့် တမျှော် တစ်ခေါ်ကြီးသော၊ ဦးမြင့်နိုင်၏အဆိုအရ အိမ်ခြေ ၃၀ ကျော် ထိုင်စားနိုင်သည်ဆို သော သီဟိုခြံကြီးများမှာလည်း အပြောင် ရှင်းလိုက်ကြသည်။

“ယုဇန(ဆီအုန်းကုမ္ပဏီ)၀င်လာ တော့ သီဟိုတွေ အကုန်ပြောင်၊ လယ်ကွင်း တွေယူ၊ ဥယျာဉ်ခြံတွေယူ..”ဟု ပြောရင်း ကျေးရွာတာဝန်ခံ ဦးမြင့်နိုင် အသံတိမ်ဝင် သွားသည်။

ထိုအတွက် လျော်ကြေး၊ နစ်နာကြေး တစ်စုံတစ်ရာ မရခဲ့။ စိုက်ပျိုးမြေအားလုံး နီးပါးမှာ ဓားမဦးချသာဖြစ်ပြီး မြေဂရမ်ပေါက် မရှိကြ။

ဦးမြင့်နိုင်ကတော့ သူ့ဖခင်က ရေရှည် အကျိုးကြည့်ကာ လုပ်ထားသည်ဆိုသော မြေခွန်ပြေစာရွက် ဖြတ်ပိုင်းအဟောင်း လေးကို အမှတ်တရ သိမ်းထားသည်ဟု ဆိုသည်။

ရွာသားအချို့ ရွာကို စွန့်ခွာကုန် ကြသည်။

ယခင်ကဲ့သို့ စိုက်စရာမြေ၊ ခုတ်စရာ သစ်ဝါး၊ ကြိမ်၊ ရာသီပေါ် သစ်သီးဝလံ ခူးရန် တော မရှိတော့။ ဆွေမျိုးနီးစပ်များ ရှိသည့် ကော့သောင်းမြို့၊ ထိုင်း၊ မလေးရှား စသဖြင့် ရေကြည်ရာမြက်နုရာ ထွက်ခွာ သွားကြတော့သည်။ ချောင်းတောင် ဘက်ခြမ်းတွင်ဆိုလျှင် အိမ်တစ်လုံးမျှ မကျန်တော့။

အိမ်ခြေ ၂၀ ခန့်၊ ဥယျာဉ်ခြံ ပေါင်း၍ ၁၀ ဧက မပြည့်တပြည့်သာ ကျန်တော့သည့် ရွာသားတို့၏ အဓိက အသက်မွေးဝမ်း ကျောင်းက ကြုံရာကျပန်း ဖြစ်လာသည်။

“အရင်ဆုံး တိုးတက်မယ့် ရွာကနေ နောက်ဆုံး ပိတ်ကျန်ခဲ့တဲ့ရွာ ဖြစ်သွားတယ်။ ကိုယ်ပိုင်အလုပ်ကနေ သူများခိုင်းဖတ် ဘ၀ ရောက်ကုန်တယ်”ဟု ဦးမြင့်နိုင်က ပြောသည်။

ရွာနီးစပ်မှ ခြံပိုင်ရှင်များ အလုပ်သမား လို၍လာခေါ်လျှင် လိုက်ကြသည်။ ဆီအုန်း ကုမ်္ပဏီတွင်ကား အလုပ် ၀င်မလုပ်ကြ။

“နာကြည်းချက်တွေ ရှိခဲ့တော့ စိတ်နာတယ်ပေါ့”ဟု ဦးမြင့်နိုင်က ပြောသည်။

ထိုသို့ဖြင့် အစိမ်းရောင်ကန်္တာရ ကြားတွင် ဦးမြင့်နိုင်နှင့် အိမ်ခြေ ၂၀ ကျော်ခန့်က ရွာလေးကို မစွန့်ခွာဘဲ ဖြစ်သလို ကုတ်တွယ် ရပ်တည်ခဲ့ကြရင်း။

၂၀၁၅ ခုနှစ် မဲဆွယ်ကာလ နောက်ပိုင်း ချောင်းဖျားကြီးရွာလေး ပြန်လည် လှုပ်နိုးလာသည်။

၂၀၁၂ ခုနှစ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ ရွာနီးစပ်ချုပ်တွင် မြေယာလှုပ်ရှားမှုများ ရှိလာ ကြောင်း သတင်းစကားများ ရွာသို့ ပိုပို ရောက်လာသည်။

အဝေးရောက် ရွာသားတို့ ရွာသို့ ပြန်လည် အခြေချနေထိုင်ကြရင်း ရွာလေးက တဖြည်းဖြည်း ပိုမိုစည်ကားစိုပြည်လာ သည်။

ထိုဥပဒေပါ “မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ထုတ်ဖော်လုပ်ကိုင် အသုံးပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်” ဟူသည့်အချက်ကို စွဲကိုင်ကာ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ရွာသား တို့ ခေါင်းထထောင်လာသည်။

အချို့ရွာများတွင် ကုမ္ပဏီမှ မစိုက်ပျိုး သေးသည့်မြေများတွင် အတင်းဝင်ရောက် စိုက်ပျိုးလာကြသည်ဆိုသည့် သတင်းများ ကြားသိရသော် ရွာသားများမှာ စိုက်ပျိုး ရာသီရောက်တိုင်း လက်တပြင်ပြင်။ သို့သော် အင်းအားကြီးကုမ္ပဏီ ၂ ခု ကြားက ရွာလေးမှာ ၀င်စိုက်ချင်သော်လည်း မစိုက်ရဲ။

၂၀၁၇ ခုနှစ်တွင်ကား ဦးမြင့်နိုင်က စတင်၍ ကုမ္ပဏီက မစိုက်ပျိုးသေးသည့် မြေများတွင် အတင်းဝင်ရောက် စိုက်ပျိုး ခဲ့သည်ဟု ဆိုသည်။ ထိုအခါ စိုက်ပျိုးမြေ ငတ်မွတ်နေသည့် ရွာသားတို့က နောက် က ပါလာတော့သည်။

“ကျွန်တော်အရင် ၀င်စိုက်တယ်၊ စိုက်တော့ ရွာသားတွေပါ လိုက်(စိုက်)လာတယ်”ဟု ဦးမြင့်နိုင်က ဆိုသည်။

ရွာအတွင်း အအေးဆိုင်ငယ် ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးကလည်း သူသည်လည်း ယုဇနဆီအုန်းခြံဘက် မြေလွတ်တွင် ဥယျာဉ် ၅ ဧကခန့် ၀င်စိုက်ထားကြောင်း ပြောသည်။

သူတို့ အလွယ်တကူ စိုက်ခွင့် မရပါ။ ကုမ္ပဏီဘက်က ဟန့်တားမှုအချို့နှင့် ကြုံရသည်။ ကုမ်္ပဏီများဘက်မှ ၎င်းတို့ လျှောက်ထား၊ လုပ်ကိုင်ခွင့်ရထားသည့် မြေတွင်ဝင်မစိုက်ကြရန် တားမြစ်လာသည်။ သို့သော် ဦးမြင့်နိုင်တို့ အတင်းဝင် စိုက်သည်။

မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ ပုံစံ ၁ ကို အုပ်ချုပ် ရေးမှူးရုံးတွင် လျှောက်ထားကြသည်။ ယင်းကို ပုံစံ ၁ ဖြည့်ထားပြီးသည့် အချက်မှာ သူတို့အတွက် စိုက်ပျိုးရန် အခွင့်အာဏာရပြီးသော အခိုင်မာဆုံး သော အထောက်အထားဟု သူတို့ မှတ်ယူ ထားသည်။

“အားလုံးက လျှောက်ကြတာ၊ ဒီတော့ ပုံစံ ၁ က ကျပေးထားပြီးပြီ၊ အခုဆို အောင်ဘာ အုပ်ချုပ်ရေးမှူးရုံးမှာလည်း သွားကြည့်လို့ ရတယ်။ မြို့နယ်ရုံး မှာလည်း သွားကြည့်လို့ ရတယ်၊ ကျွန်တော်တို့ လုပ်ပိုင်ခွင့် ရပြီးနေလို့ ကျွန်တော်တို့ ၀င်လုပ်တယ်”ဟု ဦးမြင့်နိုင်က ပြောသည်။

ဦးမြင့်နိုင်နှင့် ရွာသားအချို့ စိုက်ပျိုး ထားသော ရွာနှင့် ၂ မိုင်ခန့်ဝေးသည့် ခြံများတွင် ယမန်နှစ်က မီးလောင်သည်။ ကုမ္ပဏီက ရွာသားများကို ယိုးစွပ်သည်။ ရွာသားများက ကုမ္ပဏီကို ပြန်လက်ညှိုး ထိုးသည်။ ယခုနှစ်လည်း ရွာသားအား လုံးနီးပါးက ဆီအုန်းကုမ္ပဏီနှစ်ခု၏ မစိုက်ပျိုးသည့်နေရာများတွင် ဆက်စိုက် ကြဦးမည်။

“မလုပ်ရင် သူများခိုင်းဖက် ဆက်ဖြစ် နေလိမ့်မယ်၊ ဒါကြောင့် အတင်းဝင်လု စိုက်တယ်ပေါ့ဗျာ။ စိုက်မယ်၊ ထပ်စိုက် မယ်၊ အစိုးရက လုံးဝမစိုက်ပါနဲ့လို့ တားရင်တော့ နားမယ်”ဟု ဦးမြင့်နိုင်က ပြောသည်။

ယခု အိမ်ခြေ ၃၅ လုံး ရှိနေပြီဖြစ် သည့် ချောင်းဖျားကြီးရွာသားအားလုံး စိုက်ပျိုးမြေအတွက် တိုက်ပွဲဝင်ကြပါ လိမ့်မည်။ စိုက်ပျိုးမြေ ပိုင်ဆိုင်ခွင့်ရရေး သည် သူတို့၏ ပြင်းထန်သော အာသီသ။

အစိမ်းရောင် ကန္တာရကြားက ထိုရွာလေး၏ ရွာသားများထံတွင် ပြင်းပြသော အာသီသတစ်ခု ရှိပါသေးသည်။ ရွာ အတွက် ရှိသင့်ရှိထိုက်သည့် ရွာပိုင်မြေ ပြန်လည်သတ်မှတ်နိုင်ရေး။ ယင်းအာသီသ အတွက် ကုမ္ပဏီများနှင့် တစ်စုံတစ်ရာ မပြောလိုတော့။ ၎င်းတို့ မစိုက်ပျိုးသည့် မြေများတွင် ၀င်စိုက်နေသည်ကိုပင် လာရောက်ဟန့်တားနေသည်မဟုတ်ပါလော။

အစိုးရကိုသာ တောင်းဆိုခွင့်ရလျှင် တောင်းဆိုလိုသည်။

“ရွာဘေးက မြေတွေ ပြန်ရရင်တော့ အကောင်းဆုံးပေါ့ဗျာ။

ရွာပြန်စည်ကားလာဖို့ဆိုရင် အဓိက ကတော့ မြေပဲ။ မြေရမှ ခြံစိုက်ရမယ်၊ လယ်လုပ်လို့ ရမယ်။ လူဆိုတာ မြေပေါ် မှာ နေတာကိုး”ဟု ကိုမြင့်နိုင်က ဆိုပါ သည်။

လက်ရှိတွင်ကား ဆီအုန်းပင်များက ရွာစာသင်ကျောင်းဝင်းအတွင်းတွင်ပင် ထိုးထိုးထောင်ထောင်။      ။

(ဒဂုံတင်းဘားကုမ္ပဏီတာဝန်ရှိသူ အား ၂၀၁၈ ခုနှစ် ဧပြီလတွင် တွေ့ဆုံမေး မြန်းခဲ့ရာ ချောင်းဖျားကြီးရွာတစ်ဝိုက်မှာ ကုမ္ပဏီ လုပ်ကွက်ထဲ ပါဝင်သော်လည်း သူတစ်ပါးလုပ်ကိုင်နေသည့် ခြံများ မြေများကို သိမ်းယူထားခြင်း၊ ဘူဒိုဇာနှင့် ထိုးခြင်း မရှိဟု ၎င်းင်းတာဝန်ရှိသူက ဖြေဆိုသည်။ စီမံကိန်းအကောင်အထည် ဖော်စဉ်က စီမံကိန်းဧရိယာအတွင်း လူနေထိုင်ခြင်း မရှိဟု ကုမ္ပဏီတာဝန် ရှိသူက ပြောဆိုခဲ့ပါသည်။)

မင်းခန့်