ဂုဏ်ငယ်ရသတဲ့လား

0
1649

လုပ်ငန်းခွင်တစ်ခုမှာ စိတ်အားငယ် ညှိုးရော်စွာ အလုပ်လုပ်နေသူတွေကို မြင် တိုင်း၊ ကိုယ်လုပ်နေသည့်အလုပ်တစ်ခုကို ဂုဏ်ငယ်စရာအဖြစ် ရှုမြင်ခံစားသူများကို တွေ့တိုင်း၊ အလုပ်နှင့် ပတ်သက်တဲ့ တွေးပုံ ခေါ်ပုံ အလွဲတွေ အကြောင်းကို စဉ်းစားမိတယ်။

အလုပ်နဲ့ ပတ်သက်ပြီး ဂုဏ်ငယ်ရတယ်ဆိုတဲ့အပိုင်းမှာ (၁) ကိုယ့်အလုပ် ကို သူများက ဂုဏ်ငယ်စရာလို့ ထင်တာ၊ ယူဆတာနဲ့ (၂)ကိုယ်က ကိုယ့်အလုပ်ကို ဂုဏ်ငယ်တယ်လို့ ထင်တာ ခံစားတာဆို ပြီး ၂ ပိုင်း ရှိပါတယ်။

နံပါတ် (၁)  ဖြစ်တဲ့ ကိုယ်အလုပ်ကို သူများက ဂုဏ်ငယ်စရာလို့ ထင်မြင်တဲ့ ကိစ်္စကို ကြည့်ရအောင်ပါ။

ဒါက ကိုယ်ထိန်းချုပ်နိုင်စွမ်းရဲ့ ပြင်ပက အရာတွေ ဖြစ်ပါတယ်။

ကိုယ်နဲ့ ပတ်သက်ပြီး လူတစ်ယောက် ကို ဘယ်လိုခံစားပါ၊ ဘယ်လို ခံယူပါ၊ ဘယ်လို ရှုမြင်ပါဆိုပြီး ကိုယ့်ဘက်က တရားသေ ချုပ်ကိုင်နိုင်တာမျိုး မရှိပါဘူး။

အများဆုံး လုပ်နိုင်တာက ပုံစံမျိုးစုံ နဲ့ ပြောတာ၊ အမူအယာ ပြတာလောက်ပဲ ရှိပါတယ်။ ကျန်တာက သူ့အပိုင်း ဖြစ် သွားပါတယ်။

ဥပမာ – လူအတော်များများ သည်းခြေ ကြိုက်ဖြစ်တဲ့ နိုင်ငံရေးသမားအလုပ်ဆိုပါ တော့။ ကိုယ်ကတော့ ကိုယ့်အလုပ်ကို တိုင်းပြုပြည်ပြုအလုပ်လို့ ခံယူပြီး ဂုဏ်ယူနေပေမယ့် နိုင်ငံရေးသမားအလုပ်ဟာ လူညစ်တွေရဲ့ အလုပ်လို့ မြင်တဲ့သူတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ အဲလို မြင်တဲ့ သူမျိုးက ကိုယ့်ရဲ့ အပေါင်းအသင်း သူငယ်ချင်း ထဲမှာ ရှိနေတယ်ဆိုရင်တော့ အသက်သာ ဆုံးဆိုရင်တောင် “မင်တို့နိုင်ငံရေးသမားတွေကတော့ကွာ”လို့ အစချီပြီး လစ်ရင်လစ်သလို စကားနာ ထိုးတာ ခံရမှာပါပဲ။ ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ကိုယ့်အပေါ် ဘယ်လိုရှုမြင်ပါ ဆိုပြီး သူများကိုပြောလို့ ထိန်းချုပ်လို့ မရ ဘူးဆိုတာ အထက်က ဥပမာက သက်သေပါပဲ။

အလုပ်ကိစ္စမှ မဟုတ်ပါဘူး။ အခြား ကိစ္စတွေမှာလည်း အဲလိုပါပဲ။

နံပါတ် (၂) ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်က ကိုယ့်အလုပ်ကို ဂုဏ်ငယ်စရာလို့ ထင်တာ ကတော့ တစ်မျိုးပါ။ တကယ်တော့ ဒါက ကိုယ်ထိန်းချုပ်နိုင်တဲ့ အ၀န်းအ၀ိုင်းထဲမှာ ရှိပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ်မို့ ကိုယ်သာ ဆန်္ဒရှိရင် ကိုယ့်လက် ကိုယ့်ခြေ ပြင်ချင် သလို ပြင်၊ ပြောင်းချင်သလို ပြောင်းလို့ ရပါတယ်။ ဆိုလိုတာက ဂုဏ်ယူတာ ဖြစ်ဖြစ် ဂုဏ်ငယ်တယ်လို့ ခံစားဖို့ဖြစ်ဖြစ် ကိုယ့်သဘောပါ။ ကိုယ်က ကိုယ့်အလုပ် ကို ဘယ်လို ရှုမြင်မယ်ဆိုတာ ကိုယ်အပေါ်မှာသာ မူတည်ပါတယ်။

တကယ်လို့ ကိုယ်က ကိုယ်လုပ်နေ တဲ့ အလုပ်ကို ဂုဏ်ယူစရာလို့ ခိုင်ခိုင်မာမာ ရှုမြင် လက်ခံထားမယ်ဆိုရင်  ကိုယ့်အလုပ် နဲ့ ပတ်သက်ပြီး အခြားသူတွေက ဘယ်လို ရှုမြင်တယ် ဆိုတာဟာ သီးခြားဖြစ်တည် နေတဲ့ အရာတစ်ခုသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရင်ထဲက အလုပ်နဲ့ ပတ်သက်တဲ့ ခံယူမှုကို လွယ်လွယ်ထိုးဖောက် ဖျက်ဆီးနိုင်စွမ်း မရှိပါဘူး။

ကိုယ့်ပတ်ဝန်းကျင်က အခြားသူ တွေရဲ့ ရှုမြင်မှုက အရမ်းအားပြင်းလွန်း ရင်တော့ လှုပ်လှုပ်ခတ်ခတ် ထိထိရှရှ ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါကလည်း အခိုက်အတန့် ကာလတစ်ခုမှာပဲ ဖြစ်တတ်တာမျိုးပါ။ ကိုယ့်မှာ ကိုယ့် အလုပ်နဲ့ ပတ်သက်ပြီး ခံယူမှုခိုင်မာ အားကောင်းလေလေ အခြားသူတွေရဲ့ အထင်အမြင်နဲ့ ကောက်ယူမှုတွေက တိုးမပေါက် လေလေပါပဲ။

ခံယူချက် မခိုင်မာရင်တော့ အကြည့် တစ်ချက်၊ အပြုံးတစ်ခု၊ အပြောတစ်ခွန်းနဲ့ တင် မီးလောင်ပြာကျသလို ခံစားရနိုင်ပါ တယ်။

ဆိုတော့ မေးစရာ ရှိလာတာက အလုပ်နဲ့ ပတ်သက်ပြီး ကိုယ်လုပ်နေတဲ့ အလုပ်ကို ဂုဏ်ယူစရာလို့ မြင်ဖို့ ဘာတွေ လိုအပ်သလဲ။

ဒါကလည်း ရှင်းရှင်းလေးနဲ့ ရှုပ်၊ နီးနီးလေးနဲ့ မမြင်တာမျိုး ဖြစ်နေတာပါ။

ဥပမာ – ရုံးတစ်ရုံးရဲ့ သန့်ရှင်းရေး သမားတစ်ယောက်ဆိုပါတော့။

သူဟာ အဲဒီရုံးက လုပ်ဖော်ကိုင်ဖက် တွေ စိတ်လက် ကြည်ကြည်သာသာနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် ၀န်ဆောင်မှု ပေးရသူပါ။ ဒါက အနီးဆုံးနဲ့ အတိမ်ဆုံး မြင်ရတဲ့ ရှုမြင်မှုပါ။ နောက်ထပ် ထပ်ဆင့် ပြီး ဆက်စပ်တွေးရင်တွေးသလို သူ့ရဲ့ အရေးပါအရာရောက်မှုက ကြီးမားလာပါ တယ်။

အဲဒီရုံးက စီးပွားရေးဆိုင်ရာ အသင်း အဖွဲ့တစ်ခုရဲ့ ရုံးဆိုပါတော့။ ဆိုရင် . . . . သူဟာ ဒီအသင်းအဖွဲ့ ကောင်းကောင်းမွန်မွန်  ကြည်ကြည်သာသာ လည်ပတ်နိုင်ဖို့ အတွက်၊ စီးပွားရေးဆိုင်ရာ ကိစ်္စတွေကို ဆောင်ရွက်နိုင်ဖို့အတွက် တစ်နည်းအား ဖြင့် တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် တစ်ထောင့်တစ်နေရာကပါဝင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တကယ့်တန်ဖိုးအရကြည့်မယ်ဆို ရင် သေးငယ်တဲ့ အခန်းကဏ္ဍဆိုတာ မရှိပါ ဘူး။ လူတစ်ဦးချင်းစီဟာ ကိုယ့်အခန်း ကဏ္ဍနဲ့ကိုယ် အရေးပါ အရာရောက်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ အခန်းကဏ္ဍက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အရေးပါ အရာရောက်မှု ကတော့ သူ့ကဏ္ဍအလိုက် ကြီးမားနေတာ ဖြစ်ပါတယ်။

လူတွေကသာ ကိုယ့်ရှုမြင်မှုနဲ့ကိုယ်၊ ကိုယ့်ဈေးဖြတ်မှုနဲ့ကိုယ် ခွဲခြားထားတာပါ။

နောက်ထပ် မေးစရာ ထပ်ရှိလာပါ တယ်။ ကိုယ်နှစ်နှစ်ကာကာ ၀ါသနာပါ တဲ့အလုပ်မဟုတ်ဘူးဆိုရင်ရော ဘယ်လို ခံယူစိတ်နဲ့ လုပ်ရမလဲဆိုတာပါ။

ဒီမေးခွန်းကို မေးလာပြီဆိုရင် မဖြေခင်မှာ မေးတဲ့သူကို မေးခွန်း အရင်မေးရမှာ ဖြစ်ပါတယ်။

ကိုယ့်အိပ်မက် ကိုယ်သိပြီလားဆိုတဲ့ မေးခွန်းပါ။ အဖြေက သိပြီလို့ ဆိုရင်တော့ ဆက်ပြောလို့ ရပါပြီ။

လူငယ်တွေနဲ့ စကားပြောတဲ့အခါ အမြဲတမ်း သတိပေးဖြစ်တဲ့စကားက (၁) ကိုယ့်အိပ်မက် ကိုယ်သိပါ။ (၂) ကိုယ့် အင်ပါယာကို ကိုယ်ချဲ့ထွင်ပါ။ ဆိုတာပါပဲ။

လူတစ်ယောက်က ဘ၀မှာ ကိုယ်ဖြစ် ချင်တဲ့ အိပ်မက်နဲ့ ထပ်တူကျတဲ့ အလုပ်ကို တစ်ခါတည်း တန်းပြီး လုပ်ခွင့်ရဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ် ကို မလုပ်ရခင် ကြားကာလတွေမှာ ခဏ၀င် ခိုရတဲ့ အလုပ်တွေ ရှိပါတယ်။

တကယ်လို့သာ ကိုယ့်အိပ်မက်ကို သိတယ်ဆိုရင် အဲလို ခဏ၀င်ခိုတဲ့ အလုပ်က ကိုယ့်အင်ပါယာကို ချဲ့ထွင်တာပါပဲ။

ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမယ့် လက်ရှိကိုယ်လုပ်နေရတာက စားသောက်ဆိုင် တစ်ခုမှာ စားပွဲထိုးဆိုပါစို့။

အဲလို အခြေအနေမှာ ငါဖြစ်ချင် လုပ် ချင်တာ မလုပ်ရလေခြင်းလို့ဝမ်းနည်း နေမလား။ ဒါ ငါ့အိပ်မက်ကို သွားဖို့အတွက် ငါ့အင်ပါယာကို ထူထောင်ရမယ့် အချိန်ပဲလို့ စဉ်းစားမလား။ ဒါက ကိုယ့်သဘော ဖြစ်သွားပါပြီ။

တပြိုင်တည်းမှာပဲ အစားအသောက် ၀န်ဆောင်မှုလုပ်ငန်းတွေရဲ့ အတိမ်အနက် ကိုလည်း လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင် အလုပ်ဟူ သမျှ ဂုဏ်ရှိစွဆိုတဲ့ စကားက ကျွန်တော် တို့ လူ့အသိုင်းအ၀ိုင်းထဲမှာ ရှိပြီးသားပါ။

ဒါပေမယ့် အဲဒါကို ဘယ်သူမှ သေချာ လေးလေးနက်နက် မကျင့်သုံးကြပါဘူး။

သေသေချာချာ သဘောပေါက် နားလည်ကြဟန်လည်း မတူပါဘူး။

တကယ်တော့ အလုပ်တိုင်းဟာ ဂုဏ်ရှိပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ နိုင်ငံရေး သမားမှ တိုင်းပြုပြည်ပြု လုပ်နေတာ မဟုတ်ပါဘူး။ သန့်ရှင်းရေးသမားက လည်း တိုင်းပြုပြည်ပြုလုပ်နေတာပါပဲ။

မက်အိမ်